မြန်မာ-ထိုင်း ၁၄ ရက် ဗီဇာကင်းလွတ်ခွင့် ရရှိပါက နှစ်နိုင်ငံ အပြန်အလှန် ခရီးသွားလုပ်ငန်း များစွာတိုးတက် လာနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များ ခန့်မှန်း

မြန်မာ-ထိုင်း ၁၄ ရက် ဗီဇာကင်းလွတ်ခွင့် ရရှိပါက နှစ်နိုင်ငံ အပြန်အလှန် ခရီးသွားလုပ်ငန်း များစွာတိုးတက် လာနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များ ခန့်မှန်း
Published 30 July 2015
နွဲ့ယဉ်အေး

မြန်မာနှင့် ထိုင်းနိုင်ငံအကြား ၁၄ ရက် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရရှိပါက နှစ်နိုင်ငံအပြန်အလှန် ခရီးသွားလုပ်ငန်းများ စွာ တိုးတက်လာနိုင်ကြောင်း ခရီးသွားလုပ် ငန်းရှင်များ အသိုင်းအဝိုင်းမှ သိရသည်။
“အခုလို ဗီဇာကင်းလွတ်ခွင့် ပေးလိုက်တာ အရမ်းစိတ်ချမ်းသာပါတယ်။ တချို့ဆို ထိုင်းကိုသွားလည်ချင်ပေမယ့် ဗီဇာလျှောက် တာမှာ ပိုင်ဆိုင်မှုတွေပြဖို့ ခက်နေလို့ အခက်အခဲ ဖြစ်နေတာတွေ အများကြီးပဲ။ နယ်ကလူတွေဆို ငွေကြေးချမ်းသာပြီး အိမ်တွေ၊ ခြံတွေ ပိုင်ကြပေမယ့် ကိုယ့်အမည်နဲ့ ဂရန်နာမည် ဖောက်ထားတာတွေ မရှိကြသလို ဘဏ်တွေမှာ ငွေကြေးအပ်နှံ ထားတာတွေလည်း မရှိတော့ ပိုင်ဆိုင်မှုပြဖို့ ခက်နေတာတွေ ရှိပါတယ်။ အခုလို ဗီဇာကင်းလွတ်ခွင့် ပေးလိုက်တော့ ခရီးသွားအများကြီး တိုးတက်လာမယ် လို့ မျှော်လင့်ထားပါတယ်” ဟု မေပါရမီ ခရီးသွားလုပ်ငန်းမှ မမေမိုးက သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံသား လူလတ်တန်းစား အများစုမှာ ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်ရန် ဆန္ဒရှိကြပြီး ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်ရန် ကုန်ကျစရိတ်မှာ အချို့ ပြည်တွင်းခရီးစဉ်များထက်ပင် ဈေးနှုန်းသက်သာကြောင်း ခရီးသွားလုပ်ငန်းရှင်များ အသိုင်းအဝိုင်းမှ သိရသည်။
“ထိုင်းက ဈေးသက်သာတဲ့ နိုင်ငံဆိုတော့ လေး၊ ငါးသိန်း သုံးနိုင်ရင်တောင် အတော်ပျော်ရတယ်။ အခုလို  ဗီဇာကင်းလွတ်ခွင့် ပေးသင့်တာလဲ ကြာပါပြီ။ အာဆီယံနိုင်ငံ တွေထဲမှာတောင် ကိုယ့်နိုင်ငံကိုပေးတာ နောက်ဆုံးဖြစ်နေတာပါ” ဟု မမေမိုးက ပြောကြားသည်။
အဆိုပါ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို နှစ်နိုင်ငံနိုင်ငံ ခြားရေးဝန်ကြီးများက ဇူလိုင် ၂၈ ရက်တွင် ချင်းမိုင်မြို့၌ ရေးထိုးခဲ့ခြင်းဖြစ်ပြီး လာမည့် သြဂုတ် ၁၁ ရက်တွင် ဗီဇာကင်းလွတ်ခွင့်ကို စတင်ခံစား ရမည်ဖြစ်သည်။
“ဒီလို ဗီဇာကင်းလွတ်ခွင့် ပေးလိုက်တော့ ထိုင်းကိုခရီးသွား အေဂျင်စီတွေနဲ့သာမကဘဲ ကိုယ့်အဖွဲ့နဲ့ကိုယ် သွားချင်သူတွေလည်း အများကြီး တိုးလာနိုင်ပါတယ်။ ၁၄ ရက်ဆိုတာ လည်ပတ်ဖို့အတွက် လုံလောက်တဲ့ရက် ပမာဏဖြစ်ပါတယ်” ဟု ထိုင်းနိုင်ငံသို့ စီးပွားရေးလုပ်ငန်းဖြင့် မကြာခဏ သွားရောက်ရသူ မဇာခြည်က ပြောကြားသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် ကနဦးသဘော တူညီချက်အနေနှင့် နှစ်နိုင်ငံသို့ လေကြောင်းမှ လာရောက်သူများကိုသာ ဗီဇာကင်းလွတ်ခွင့် စတင်ပေးအပ် သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်ရန် ဗီဇာကြေးမှာ အမေရိကန်ဒေါ်လာ ၄၀ ပေးဆောင်ရပြီး ခရီးသွား အေးဂျင့်များမှတစ်ဆင့် ပြုလုပ်ပါက ငါးဒေါ်လာမှ ၁၀ ဒေါ်လာကြား ဝန်ဆောင်ခပေးရလေ့ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမှာ ကူးလူးဆက်ဆံမှုများသည့် နိုင်ငံများဖြစ်ပြီး ယခုကဲ့သို့ ဗီဇာကင်းလွတ်ခွင့် ပေးအပ်ခြင်းသည် နှစ်နိုင်ငံခရီးသွား၊ ကုန်သွယ်မှုနှင့် အခြားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နိုင်မည် ဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ကုန်သွယ်မှုမှာ ၂၀၁၄ ခုနှစ်က ဒေါ်လာ ၈ ဒသမ ၁၅ ဘီလျံရှိခဲ့ပြီး ၂၀၁၇ ခုနှစ်အမီ နှစ်နိုင်ငံ ကုန်သွယ်မှုကို ဒေါ်လာ ၁၂ ဘီလျံအထိ တိုးမြှင့်နိုင်ရန် လျာထားကြောင်း သိရသည်။
 

Most Read

Most Recent