ကုန်သွယ်မှု ပြုလုပ်ရာတွင် ဘဏ်ငွေလွှဲ အထောက်အထား တင်ပြခြင်းကို ပယ်ဖျက်ပြီး ရက်ပိုင်းအတွင်း ပြည်တွင်းသို့ တစ်ရက်လျှင် နိုင်ငံခြားငွေ ဒေါ်လာသန်း ၃၀ ဝန်းကျင် ပုံမှန်ဝင်ရောက်နေရာမှ ကိုးဆကျော်အထိ လျော့ကျခဲ့ပြီး ယခုအခါ တစ်ရက်လျှင် ဒေါ်လာ သုံးသန်းနှင့် ငါးသန်းကြားသာ ဝင်ရောက်တော့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ပြည်ပနှင့် ကုန်သွယ်ရာတွင် ယခင်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နိုင်ငံခြားမှ ငွေလွှဲအထောက်အထား လက်ခံရရှိမှု လိုင်စင်ထုတ်ပေးခြင်းကို ပယ်ဖျက်ခဲ့ပြီး အကောက်ခွန်ဦးစီးဌာနကလည်း မကြာသေးမီက ပယ်ဖျက်ပေးခဲ့ကြောင်း သိရသည်။“ပုဂ္ဂလိကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆိုပြီးတော့ ကျွန်တော်တို့ Bank Credit ကို လျော့ချပေးလိုက်တယ်။ Customs ရှိနေသေးတာပဲ။ Customs နဲ့ ဘဏ်က လုပ်လိမ့်မယ် ဆိုပြီးတော့။ အဲဒီကနေပြီးတော့ ပြီးခဲ့တဲ့ ၁၈ ရက်ကနေ စပြီးတော့ Customs မှာလည်း Bank Credit ပြစရာ မလိုတော့ဘူး။ မလိုဘဲနဲ့ လိုင်စင်မလိုတဲ့ ပစ္စည်းဆိုရင် သူဘာပစ္စည်းလာရင် Custom မှာ သွားချ။ ပြီးရင် သင်္ဘောပေါ်တင် သူဘာသာ ဆက်လုပ်သွားဆိုပြီးတော့ ပေးခဲ့တယ်။ အကြမ်းဖျင်းအားဖြင့်တော့ အဲဒီ လုပ်ပေးလိုက်တဲ့ အခါမှာ ကျွန်တော်တို့ဘက်က Monitoring System တွေ ရှိတယ်ဆိုပေမယ့် ချက်ချင်း ပြန်ချိန်ရတာလေးတွေ အလေ့အကျင့်လေးတွေ လုပ်ရတာ ရှိလာတယ်။ ဘာဖြစ်လာလဲဆိုတော့ နိုင်ငံခြားကုန်သွယ်မှု ဘဏ်တင်ပြချက်အရ ကျွန်တော်တို့ တစ်နေ့တစ်နေ့ ငွေဝင်တာက ဒေါ်လာ သန်း ၃၀ ပတ်ဝန်းကျင် ရှိနေပေမယ့်လို့ အခု တချို့နေ့တွေမှာဆိုရင် ဒေါ်လာ သုံးသန်းလောက်ပဲ ဝင်လာတယ်။ တချို့နေ့တွေမှာဆိုရင် ဒေါ်လာ ငါးသန်းလောက်ပဲ ဝင်တာတွေ ရှိတယ်ဆိုပြီးတော့ တင်ပြချက်အရ သိရတယ်။ ပြီးခဲ့တဲ့ ၁၈ ရက်နဲ့ ဒီဘက်ရက်တွေမှာ ငွေဝင်နည်းနေတယ်ဆိုတာ သူတို့ တင်ပြချက်တွေအရ သိရတယ်။ ဝန်ကြီးဌာန အနေနဲ့ ဒါလေးတွေတော့ မှန်မှန်ကန်ကန် လုပ်ပေးပါဆိုတာကို တိုက်တွန်းထားတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားသည်။ဘဏ်လုပ်ငန်းဆိုင်ရာ အနေဖြင့်လည်း Monitoring လုပ်နိုင်သည့် စနစ်ရှိကြောင်း၊ ဥပမာအားဖြင့် ကုန်သည်အနေဖြင့် ပြည်ပသို့ ကုန်စည်တင်ပို့ပါက ဘဏ်တွင် Form E တွင် ဖြည့်စွက်ရကြောင်း၊ ယင်းတွင် မည်သည့်ကုန်စည်ကို ပို့သည်၊ တန်ကြေးမည်မျှရှိသည်၊ မည်သည့်အချိန်တွင် ရောက်ရှိမည် စသည်တို့ကို ဖြည့်စွက်ရကြောင်းလည်း သိရသည်။“ဥပမာဆိုရင် ကုန်သည်က Export လုပ်ပြီဆိုရင် Bank တွေမှာ Form E ဆိုတာ ရှိတယ်။ ဘယ်ပစ္စည်းကို ပို့လိုက်တယ်။ ဘယ်aလာက်တန်ကြေး ရှိတယ်။ ဘယ်နေ့ရောက်မှာ ပါမယ်။ သင်္ဘောတင်ကာလ။ ငွေဝင်မယ့် ကာလလေးတွေ ရှိတယ်။ နိုင်ငံတော်က ခွင့်ပြုထားတယ်။ Export လုပ်ပြီးရင် ခြောက်လအထိ စောင့်ကြည့်တယ်။ ဝင်လားပေါ့။ ဘဏ်စည်းမျဉ်းတွေလည်း ရှိပါတယ်” ဟု အဆိုပါ ညွှန်ကြားရေးမှူးက ပြောကြားသည်။ဒေါ်လာဈေး တည်ငြိမ်ရေးနှင့် ပတ်သက်၍ ဇွန် ၁၃ ရက်က ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် သမ္မတရုံး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ တွေ့ဆုံခဲ့ရာတွင် နိုင်ငံခြားငွေစာရင်းများမှ ငွေများ ပြည်တွင်းသို့ ပြန်လည်စီးဝင်လာရေးခြင်း မရှိသည့်အတွက် ပို့ကုန်ရငွေများ ပြည်တွင်းသို့ ဝင်ရောက်လာရေးအတွက် ပုဂ္ဂလိကပိုင်းမှ ဆွေးနွေးခဲ့ခြင်းများ ရှိကြောင်းလည်း သိရသည်။ထို့အပြင် ပြည်ပမှ ပို့ကုန်ရငွေများ ဝင်ရောက်မှု နည်းပါးနေခြင်းနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်မြင့်က ဇူလိုင် ၂၀ ရက် လုပ်ငန်းရှင်များနှင့် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရုံးတွင် တွေ့ဆုံခဲ့ကြောင်း၊ ပြည်တွင်းသို့ ဝင်ရောက်စရာ ရှိသည်များကို မှန်မှန်ကန်ကန် ဝင်ရောက်လာရန်အတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။“ပုဂ္ဂလိကဘဏ်တွေ၊ အစိုးရဘဏ်တွေနဲ့ ဗဟိုဘဏ်ရော သူတို့မှာ Monitoring System ဘယ်လိုရှိလဲ ဆိုတာကို ဘယ်အချိန်ကျရင်တော့ ဝင်လာမယ်ဆိုပြီးတော့ ကျွန်တော်တို့ ဒီဘက်ကနေပြီးတော့ ကြိုပြီးတော့ ရှင်းပြီးပြီး။ ဒါကြောင့် ကျွန်တော်တို့ဘက်ကတော့ အဲဒီအစည်းအဝေးမှာ ပြောခဲ့တယ်။ ပုဂ္ဂလိက ကဏ္ဍကလည်း မှန်မှန်ကန်ကန် လုပ်ပေးကြပါ။ တကယ်ဝင်သင့်တာ ဝင်အောင်လုပ်ကြပါ ဆိုပြီးတော့ ပြောခဲ့တယ်။ တစ်ခုပဲ စဉ်းစားစရာ ရှိတာက ကျွန်တော်တို့က ပြီးခဲ့တဲ့ ၁၈ ရက်ကမှ ခွင့်ပြုလိုက်တာ ဖြစ်တဲ့အတွက် ဟိုဘက်က ဝင်လာတာ နှေးနေတာလည်း ဖြစ်နိုင်တယ်လို့တော့ ကျွန်တော်တို့ဘက်က ဖြည့်ပြီးတော့ တွေးပေးပါတယ်” ဟု ၎င်းက ပြောကြားသည်။ပြည်ပသို့ ကုန်စည်တင်ပို့ရာတွင် ယခင်က ကျင့်သုံးခဲ့သည့် ငွေလွှဲအထောက်အထား ပြနိုင်မှ လိုင်စင်ထုတ်ပေးသည့် စနစ်ကို စတင်ပယ်ဖျက်ပြီးနောက် ပြည်ပမှ ပို့ကုန်ဝင်ငွေမှာ ရာခိုင်နှုန်း ၄၀ ဝန်းကျင်သာ ရှိတော့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် ဦးမော်သန်းက ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ပြောကြားထားသည်။
ကုန်သွယ်ရာတွင် ဘဏ်ငွေလွှဲ အထောက်အထား တင်ပြရခြင်းကို ပယ်ဖျက်ပြီးနောက် ပြည်တွင်းသို့ နိုင်ငံခြားငွေ ဝင်ရောက်မှု ကိုးဆကျော်အထိ လျော့ကျ