NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်းခရီးစဉ် ယနေ့စတင်မည်

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်းခရီးစဉ် ယနေ့စတင်မည်
Published 24 July 2015
မင်းသူဝင်းထွဋ်

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်းခရီးစဉ် ယနေ့ ဇူလိုင် ၂၅ ရက်တွင် စတင်မည်ဖြစ်ပြီး ကျိုက်လတ်မြို့နှင့် မော်လမြိုင်ကျွန်းမြို့များသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။လူထုတွေ့ဆုံမှုများအဖြစ် ဇူလိုင် ၂၅ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ကျိုက်လတ်မြို့ အတုလမာရဇိန်ဘုရားဝင်း တန်ဆောင်းအတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြို့ခံလူထုနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲအသိပညာပေးများ ဟောပြောမည်ဖြစ်ပြီး အဆိုပါပွဲအပြီးတွင် ကျိုက်လတ်မြို့မိမြို့ဖများနှင့်တွေ့ဆုံခြင်း ၊ ကျိုက်လတ်မြို့ရှိ ပါတီဝင်များနှင့်တွေ့ဆုံခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ဇူလိုင် ၂၅ ရက် ညနေပိုင်းတွင် မော်လမြိုင်ကျွန်းမြို့သို့ ဆက်လက်ထွက်ခွာ၍ မော်လမြိုင်ကျွန်းမြို့တွင် ညအိပ်ရပ်နားကာ ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီခန့်တွင် မော်လမြိုင်ကျွန်းမြို့ရှိ အားကစားကွင်းအတွင်း မြို့ခံလူထုနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါပွဲအပြီးတွင် မြို့မိမြို့ဖများနှင့်တွေ့ဆုံခြင်း၊ မော်လမြိုင်ကျွန်းရှိ ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။"အဓိကကတော့ ရွေးကောက်ပွဲဆိုင်ရာ လူထုအသိပညာပေးဟောပြောမှုပြုလုပ်မှာပါ။ ကျိုက်လတ်မှာက နေရာကျယ်ကျယ်က ဘုရားဝင်းပဲရှိတော့ တန်ဆောင်းထဲမှာပဲ လူထုတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ မအူပင်မှာတော့ ခေတ္တရပ်နားမယ်။ ညနေပိုင်းမှာ မော်ကျွန်းကိုဆက်ထွက်ခွာပြီးတော့ မော်ကျွန်းမှာ နောက်မနက်မှာ လူထုတွေ့ဆုံမှုပြုလုပ်မှာပါ" ဟု ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမျိုးသန့်ကပြောကြားသည်။ခရီးစဉ်တစ်လျှောက်ရှိ တွံတေး၊ မအူပင်၊ ကျိုက်လတ်နှင့် မော်လမြိုင်ကျွန်းမြို့များမှ ဒေသခံပြည်သူများက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနိုင်ရန် အစီအစဉ်များစွာပြုလုပ်ထားကြောင်း သိရသည်။

Most Read

Most Recent