ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးချက်များ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးချက်များ
Published 25 June 2015

၂၄-၆-၂၀၁၅ ရက်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၆၃ ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးကြသည်။ ဆွေးနွေးမှုများထဲမှ လွှတ်တော်ကိုယ်စားလှယ်အချို့၏ ဆွေးနွေးချက်များအား ပြန်လည်ကောက်နှုတ် ဖော်ပြလိုက်ပါသည်။■ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို (ကန်ပက်လက်မဲဆန္ဒနယ်)......နာယကကြီးခင်ဗျား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ ပုထုဇဉ်လူသားတို့ ရေးဆွဲထားသော ဥပဒေဖြစ်ခြင်းကြောင့် ထာဝရမှန်ကန်နေမည့် ပရမတ္တသစ္စာတရား မဟုတ်ပါ။ အချိန်ကာလ တစ်ခုအထိသာ မှန်ကန်နိုင်မည့် သမုတိသစ္စာတရားသာ ဖြစ်ပါသည်။ ထိုဥပဒေကြောင့်ပင် မြန်မာနိုင်ငံအနေဖြင့် အမိန့်ပေး အမိန့်ခံ အုပ်ချုပ်မှုစနစ်မှာ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကြီးနှင့်တကွ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်များလည်း ပေါ်ထွန်းလာခဲ့ပါသည်။ ပြည်ထောင်စုအစိုးရနှင့် လက်အောက်ခံအစိုးရ အဆင့်ဆင့်လည်း ပေါ်ထွန်းလာခဲ့ပါသည်။ အထိုက်အလျောက် ပွင့်လင်းမြင်သာသော ဒီမိုကရေစီနိုင်ငံသစ်ကို တည်ထောင်နိုင်ခဲ့ခြင်းကြောင့် အတိုင်းအတာတစ်ခုထိ ပြည်သူတို့ ကျေနပ်အားရခဲ့ပါသည်။ သို့ဖြစ်၍ ၂၀၀၈ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်းအပေါ် ဝမ်းမြောက်ဝမ်းသာ ရှိရမည် ဖြစ်ပါသည်။သို့သော် ပုထုဇဉ်လူသားတို့ ရေးဆွဲခဲ့သောဥပဒေ ဖြစ်သောကြောင့် ထာဝရမှန် ကန်တည်မြဲနေမည့် ဥပဒေတော့ မဟုတ်ပါ။ ယနေ့ မြန်မာနိုင်ငံသည် ဘက်ပေါင်းစုံတွင် လျင်မြန်သော အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသည်ကို သတိပြုမိကြမည် ဖြစ်ပါသည်။ သက်တမ်းအားဖြင့် မကြာမြင့်သေးသော်လည်း ပြောင်းလဲနေသော ခေတ်ကာလ အခြေအနေနှင့် လိုက်လျောညီထွေအောင် အခြေခံဥပဒေကို ကျယ်ပြန့်စွာ ပြင်ဆင်ပေးရန် ပြည်သူတို့က လိုလားတောင်းဆိုနေကြပြီ ဖြစ်ပါသည်။ လွတ်လပ်ရေးရပြီး ခေတ်သစ်မြန်မာနိုင်ငံ သမိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ခြောက်ကြိမ်တိုင်တိုင် ပြင်ဆင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။နာယကကြီးခင်ဗျား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ့ဆန္ဒနှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်ခြင်း မပြုနိုင်ပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန် လွန်စွာခက်ခဲနိုင်ပါသည်။ အပစ်အခတ်ရပ်စဲရေးစာချုပ် ရေးဆွဲလက်မှတ်ရေးထိုးနိုင်ရန်ပင် ခက်ခဲနိုင်ပါသည်။ နိုင်ငံသားများ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများ တောင်းဆိုနေကြသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်နိုင်ရေးမှာလည်း အလှမ်းကွာဝေးနေမည် ဖြစ်ပါသည်။ ပြည်သူတို့အတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အာမခံချက် အပြည့်အဝပေးနိုင်သော တရားဥပဒေစိုးမိုးသည့် လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာရန်ကလည်း အလှမ်းဝေးနေမည် ဖြစ်ပါသည်။ တရားဥပဒေစိုးမိုးမှု အားနည်းနေပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး အမျိုးသားရေး မျှော်မှန်းချက်သည်လည်း မှေးမှိန်နေမည် ဖြစ်ပါသည်။ ထို့ကြောင့် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်ရန်သည် အမျိုးသားရေး တောင်းဆိုမှုတစ်ရပ် ဖြစ်ပေါ်လာနေပြီဖြစ်ကြောင်း အလေးအနက် တင်ပြလိုပါသည်။■ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ်)ကျွန်မအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်တဲ့ ပုဒ်မ ၄၁၈ (ခ) ထဲက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား နိုင်ငံတော်အာဏာကို လွှဲအပ်ဆောင်ရွက်စေမည့် နေ့ရက်မှစ၍ “ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်းစေကာမူ” ဆိုတဲ့ အပိုဒ်မှ စာသားကို ပယ်ဖျက်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်ဆင်ချက် ၁၆၈ ချက်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်၍လည်း မရပါဆိုပြီး ပယ်ဖျက်ခဲ့ပြီး ဖြစ်ပါတယ်။ အခုပြင်ဆင်ချက် ဇယားမှာတော့ မည်သို့ပင် ပြဋ္ဌာန်းစေကာမူ စကားရပ်အစား ထူးခြားသော အခြေအနေကို ဖြေရှင်းနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ခြွင်းချက်ပြပြီးဆိုတဲ့ စကားရပ်ကို အစားထိုးလာပါတယ်။ အခြေခံဥပဒေကို ခြွင်းချက်ပြုလို့ ရပါသလား၊ မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူနှင့် ခြွင်းချက်ပြပြီးဆိုတဲ့ အဓိပ္ပာယ် မတူတာကို တွေ့ရမှာပါ။ နောက်တစ်ချက်ကတော့ ၁၁-၉-၁၉၈၈ ကြေငြာချက် ၁၃/၈၈ မှာလည်း ထိုသို့ပင် သုံးနှုန်းထားခဲ့ကြောင်း လေ့လာတွေ့ရပါသည်ဟု ရေးသားထားတာကို တွေ့ရှိရပါတယ်။ ဒီအတိုင်းဆိုရင် ကျွန်မတို့ဟာ ၁၉၈၈ ဟာ ဒီမိုကရေစီစနစ်လား စစ်အာဏာရှင်စနစ်လားဆိုတာ အားလုံးလည်း သိရှိပြီး ဖြစ်ပါတယ်။ ဒါဆိုရင် ဒီအခြေခံဥပဒေဟာ အာဏာရှင်စနစ်ကို ပြန်လည်ဦးတည်သွားတာနဲ့ အတူတူပဲ ဖြစ်နေမှာပါ။ အခုဆိုရင် ကျွန်မတို့သွားနေတဲ့လမ်းက ဒီမိုကရေစီစနစ်နဲ့ ကွဲပြားခြားနား သွားနိုင်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်ရဲ့ ကဏ္ဍဟာ အရေးကြီးပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ အခန်းကဏ္ဍဟာ ပိုပြီးအရေးကြီးနေတာ ဖြစ်ပါတယ်။ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေကြသူတွေခြင်း ဘာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေရဲ့အောက်မှာ တစ်သားတည်း ရှိမနေနိုင်ကြသလဲ။ အခြားနိုင်ငံသားတွေနဲ့ တပ်မတော်သားတွေ ဘာတွေများ ကွာခြားနေလို့ပါလဲဆိုတဲ့ မေးခွန်းထုတ်စရာ ဖြစ်လာမှာပါ။တပ်နဲ့ပြည်သူသာ ဒီအတိုင်းဆက်ပြီး စိတ်ဝမ်းကွဲနေဦးမည်ဆိုရင် ဘာပဲလုပ်လုပ် အောင်မြင်မှာ မဟုတ်ပါဘူး။ တိုင်းပြည်ဖွံ့ဖြိုးရေးပဲလုပ်လုပ်၊ ကျူးကျော်စစ်ကို ခုခံတာပဲဖြစ်ဖြစ် တပ်နဲ့ပြည်သူ မစည်းလုံးပဲနဲ့တော့ ဘာမှမအောင်မြင်နိုင်ပါဘူး။ တပ်ကို လွန်ကျွံတဲ့အာဏာ အပ်နှင်းထားတယ်လို့ ပြောရင်လည်း မမှားပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဒီနိုင်ငံမှာ တပ်နှင့်ပြည်သူ စိတ်ဝမ်းကွဲခဲ့တာ နှစ်ပေါင်းငါးဆယ် ကျော်ခဲ့ပါပြီ။ လက်ရှိ ပကတိ အခြေအနေမှာ တပ်ဟာ လူထုနဲ့ တစ်သားတည်း တစ်စည်းတစ်လုံးတည်း မရှိပါဘူး။ ဒါဟာ ဥပဒေနဲ့အာဏာကို အလွန်အကျွံ ရယူထားလို့ပါ။ ဒါကြောင့် တပ်မတော်သားနဲ့ လူထုကို ဝေးကွာစေမဲ့ ကိစ္စရပ်တွေကို မလုပ်ဆောင်တာဟာလည်း တိုင်းပြည်ကောင်းကျိုး ဆောင်ရွက်တယ်လည်း မည်ပါတယ်။လေးစားအပ်ပါသော နာယကကြီးရှင့် NLD နဲ့ လူထုက လိုချင်တဲ့ အချက်အလက်တွေ၊ မျှော်လင့်ချက် စကားရပ်တွေ၊ အဓိပ္ပာယ်သက်ရောက်မှုတွေ တော်တော်များများ မပါဝင်ပေမယ့် အခြေခံဥပဒေပြင်ဆင်ဖို့ ဆန္ဒရှိကြတဲ့အတွက် ဝမ်းသာကြိုဆိုတယ်လို့ ပြောချင်ပါတယ်။ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတကာမှာ အရေးပေါ်ပြဋ္ဌာန်းချက်တွေနဲ့ ပတ်သက်လို့ အခုလို ပြဋ္ဌာန်းထားတာ တွေ့ရမှာပါ။ ကမ္ဘာပေါ်မှာ ဒီမိုကရေစီနိုင်ငံရဲ့ အခြေခံဥပဒေကို ကြည့်ကြည့် အရေးပေါ်ပြဋ္ဌာန်းချက် ဥပဒေတွေအပေါ် ဒီလိုတစ်ဖက်သက် ဥပဒေတွေရဲ့ အထက်လုပ်ခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေဆိုတာ မရှိပါဘူး။....ဒီနေ့ခေတ် ဒီမိုကရေစီထွန်းကားတဲ့ ခေတ်မှာ မဆိုထားနဲ့ အရေးပေါ်ကာလ ပြဋ္ဌာန်းမှုတွေနဲ့ ပတ်သက်ရင် သတိကြီးကြီးထားတာကို တွေ့ရပါတယ်။ အရေးပေါ်ကာလ အတွင်းမှာ ပုံမှန်မဟုတ်တဲ့ အစိုးရကို ဖွဲ့စည်းတာဝန်ပေးရမှာ ဖြစ်တဲ့အတွက် တပ်မတော်သားတွေအပြင် ဘယ်အစိုးရဝန်ထမ်းကိုမှ အရေးပေါ်ကာလမှာ အာဏာမအပ်ရဘူးလို့ ဆိုထားပါတယ်။ အရေးပေါ်ကာလမှာ လုပ်ဆောင်ရမယ့် ကိစ္စတွေဟာ သာမန်လုပ်ထုံး လုပ်နည်းနဲ့ မဖြစ်နိုင်တဲ့အတွက် သာမန်လုပ်ထုံးလုပ်နည်း မဟုတ်တာတွေလုပ်တာ အကျင့်မပါသွားရအောင် လက်ရှိအစိုးရဝန်ထမ်း ဘယ်အဆင့်ကိုမှ အာဏာမအပ်ဖို့ ညွှန်ကြားချက်တွေ ရှိခဲ့ပါတယ်။နိဂုံးချုပ်အနေနဲ့ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ကိုတောင်မှ အပ်နှင်းထားတဲ့ တပ်မတော်တစ်ခုလုံးကလည်း သူတို့ကို အခွင့်ထူးခံတွေလို့ ပြည်သူတွေ ထင်မြင်သွားကြမှာ လိုလားမယ် မထင်ပါဘူး။ ကျွန်မတို့အားလုံး တန်းတူညီမျှစွာ တပ်မတော်ကိုလည်း ပြည်သူနှင့် တစ်သားတည်း ခေတ်မှီဖွံ့ဖြိုး တိုးတက်တဲ့ အဖွဲ့အစည်းကြီး တစ်ခုလုံးအဖြစ် အားလုံးက မြင်ခြင်နေကြပါပြီ။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ “မည်သို့ပင်ဆိုစေကာမူ” အစား ခြွင်းချက်အနေနဲ့ အစားထိုး ပြင်ဆင်ထားတာဟာ အသုံးနှုန်းအားဖြင့် ပျော့ပြောင်းပေမဲ့ အနှစ်သာရအားဖြင့် အတူတူဖြစ်နေတာကို ထည့်သွင်းစဉ်းစားသင့်ပါကြောင်း အကြံပြုဆွေးနွေး တိုက်တွန်းအပ်ပါသည်။■ ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် ဦးမြညိမ်း (ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်-၇). . . ၅၉ (စ) မှာ သမ္မတအရည်အချင်း ဆွေးနွေးတဲ့အခါမှာ ကျွန်တော်တင်ပြချင်တဲ့ အချက်က ၁၅-၁-၉၄ မှာ ထိုစဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေကိုယ်တိုင်  ဒီသမ္မတအရည်အချင်းနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့အခါမှာ ပါ,ပါတယ်။ အတွင်းရေးမှူးဖြစ်တဲ့ ဦးလွင်လည်း ပါတယ်။ သုံးခွမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်။ သူတို့ပါတဲ့အခါမှာ ဆွေးနွေးချက်က နှစ်ခုပဲ ရှိတယ်။ အဲဒါ ဥက္ကဋ္ဌကြီးကိုယ်တိုင် ဦးအောင်ရွှေကိုယ်တိုင် ဆွေးနွေးတာ။ နိုင်ငံတော်အကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်။ နိုင်ငံတော်သမ္မတကို သမ္မတရွေးချယ် တင်မြောက်သည့် အဖွဲ့က တင်မြှောက်မည်။ နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်။  ဒီအချက်တွေပဲ သူတို့ဆွေးနွေးပြီးတော့ အခုကျွန်တော်တို့ တင်ပြနေတဲ့ ၅၉ (စ) ကလည်း အဲဒီ့အထဲမှာ ပါ,ပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ ပါဝင်ဆွေးနွေးခြင်း မရှိတဲ့အတွက် ဒီအချက်ကို သဘောတူရာရောက်ကြောင်း ကျွန်တော်ဦးစွာ တင်ပြခြင်း ဖြစ်ပါတယ်။ တစ်ခါ ကျွန်တော်တို့ ၄၇/၇၄ မှာ မပါဘူးလို့ ပြောပါတယ်။ အဲဒါ ၄၇ မှာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဆွဲခဲ့တဲ့ Constitution ဖြစ်ပါတယ်။ ကျွန်တော်တို့ ၄၇ မှာဆိုရင် အမတ်ဖြစ်ရမယ့် အရည်အချင်းပါ ခင်ဗျ။ ကျွန်တော်အနည်းငယ် ဖတ်ကြားခွင့်ပြုပါ။ ၄၉ (ခ) ပါလီမန်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည့် အရည်အချင်းနှင့် ပြည့်စုံသည်လည်းဖြစ်သော ပုဂ္ဂိုလ်မျိုး မဟုတ်လျှင် မည်သူမျှ နိုင်ငံတော်သမ္မတ ရာထူးအတွက် ရွေးကောက်ခြင်းခံနိုင်ခွင့် မရှိစေရလို ပြဋ္ဌာန်းထားပါတယ်။ တစ်ခါ ကျွန်တော်တို့ ၇၄ မှာကျတော့ ဒီ ၄၇ မှာပဲ ပုဒ်မ ၇၄ မှာကျတော့ အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်တစ်ရပ်၏ အမတ်အဖြစ် ရွေးချယ်တင်မြှောက်စေကာမူ သမ္မတဖြစ်နိုင်တဲ့ အရည်အချင်း ဒီ ၄၇ မှာ မရှိရင် သမ္မတဖြစ်နိုင်တဲ့ အရည်အချင်း မရှိဘူး ဆိုပြီးတော့ ပြန်လည်ပြီးတော့ ဖွင့်ဆိုထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အမတ်ဖြစ်ဖို့တောင်မှ ဒီလိုသတ်မှတ်ထားရင် သမ္မတဆိုတာ ဝေးလာဝေး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဟာလေးကို ကျွန်တော် အနှစ်ချုပ် တင်ပြခြင်း ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့ ဒီသမ္မတဆိုတာက ရိုးရိုး ကျွန်တော်တို့က ဦးသျှောင်အနေနဲ့ ပေးထားတဲ့သမ္မတ မဟုတ်ပါဘူး။ သမ္မတဆိုတာ အုပ်ချုပ်ရေး အကြီးအကဲ၊ နိုင်ငံတော်အကြီးအကဲ ဖြစ်ပါတယ်။ ဒီသမ္မတဟာ ကျွန်တော်တို့ နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲတစ်ဦး ဖြစ်ပါတယ်။   ...  ၅၉(စ)ကို ကျွန်တော်တို့ ဥပဒေပါ အားလုံးသိပြီးတဲ့အတွက် ကျွန်တော် ဖတ်ကြားတင်ပြခြင်း မပြုတော့ပါဘူး။ ကျွန်တော်တို့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ဒီ ၅၉ (စ) မှာပါတဲ့ ကျွန်တော်တို့ အချက်ကို ကျွန်တော်တို့ တရားဝင် သားသမီးတစ်ဦး၏ ခင်ပွန်း၊ ဇနီးတို့ကို ကျွန်တော်တို့ ၅၉ (စ) မှာ အချက်ကို ကျွန်တော်တို့ အချိန်အခါ အခြေအနေနဲ့ မူတည်ပြီး ကျွန်တော်တို့ ပယ်ဖျက်ထားတာ ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ နောက်ဆုံးတင်ပြရရင် ဒီကျွန်တော်တို့ ပယ်ဖျက်လိုက်သည့် ဟာသည်လည်း ကျွန်တော်တို့ အခြေအနေနဲ့ အချိန်အခါနဲ့ မူတည်ပြီး ကျွန်တော်တို့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ သဘောထားအရ ကျွန်တော်တို့က ပြင်ဆင်ပယ်ဖျက်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်ပယ်ဖျက်လိုက်သော်လည်း အကယ်၍ လွှတ်တော်ကနေ သဘောတူရင်တောင် ကျွန်တော်တို့က နိုင်ငံတော် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး ကျင်းပပြီးတော့ ပြင်ရမှာဖြစ်ပါတယ်။ ၄၃ (က) အရ ဒါကြောင့်မို့ နောက်ဆုံးအနေနဲ့ ကျွန်တော် တင်ပြရရင် ဒီ ၅၉ (စ) သည် ပေါ်ပေါက်ပုံ ပေါ်ပေါက်နည်းလည်း ကျွန်တော်တို့ တင်ပြပြီးဖြစ်ပါတယ်။ အကျေအလည် ဆွေးနွေးပြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ဒီအချက်ပေါ်ကို အခြေခံပြီး ကျွန်တော်တို့ ပါတီက ပယ်ဖျက်ထားတဲ့  တရားဝင်သားသမီးတစ်ဦး၏ ခင်ပွန်း၊ ဇနီးကို  ၅၉ (စ) ကနေ ပယ်ဖျက်ထားတဲ့ဟာကို ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ကြီးတွေက စဉ်းစားဆုံးဖြတ်ပေးကြပါလို့ တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။■ NDF လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် (ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁)ကျွန်မတို့နိုင်ငံမှာ အရေးအကြီးဆုံးကတော့  ဖွံ့ဖြိုးတိုးတက်ရေးကို သွားချင်တယ် ဆိုလို့ရှိရင် ကျွန်မတို့ ငြိမ်းချမ်းရေး၊ နောက်ပြီးတဲ့ အခါကျတော့ အားလုံးနားလည်ပြီးတော့မှ အေးချမ်းတဲ့ လမ်းတစ်ခုကို သွားဖို့အတွက် ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်ကြဖို့ လိုအပ်တယ် ကျွန်မ အဲဒီလို ယူဆပါတယ်။ အဲဒီတော့ ဥပဒေတွေကို ပြင်ဆင်တဲ့အခါမှာ ကျွန်မတို့ နာယကကြီးမှတစ်ဆင့်  ကျွန်မတို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များဟာ စဉ်းစဉ်းစားစားနဲ့ အရှည်ကို ကြည့်ပြီးတဲ့ အခါကျတော့မှ အမြင်ကျယ်ကျယ်နဲ့ ကျွန်မတို့က ထောင်တစ်ထောင့်ထဲက မကြည့်ဘဲနဲ့ ထောင့်စုံဘက်စုံက ကြည့်ပြီးတော့ စဉ်းစားဆုံးဖြတ်ပေးကြပါလို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်မတို့  ဒီ ၆၀ (ဂ) ပါ၊ ဒီ ၆၀ (ဂ)ပါ ပြင်ဆင်ချက်နဲ့ ပတ်သက်လို့ ကျွန်မ သဘောမတူပါဘူး။ မူလအတိုင်းပဲ ကျွန်မ သဘောတူပါတယ်။ ဘာလို့လဲ အခါကျတော့ သူက အုပ်ချုပ်ရေးပိုင်းမှာ ပါတဲ့လူ ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးပိုင်းမှာ တကယ်လို့ လိုအပ်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံနေတယ်။ ပိုပြီးတော့ ပြည့်စုံမှုလည်း ဖြစ်တယ်။ ပိုပြီးတော့ အားသာမှုလည်းရှိတယ် ဆိုရင်တော့ ဒီ ၆၀(ဂ)ကို ကျွန်မက မူလအတိုင်းပဲ ထားစေချင်ပါတယ်။ ကျွန်မ အဲလို ဆွေးနွေးတင်ပြချင်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်မ ၄၁၈(ခ)ပါ၊ ဒါကိုတော့ ကျွန်မ သဘောတူပါတယ်။ ထောက်ခံပါတယ်။ နောက်တစ်ခုက ၄၃၆ (က)ပါ ဒါကို ကျွန်မ ကန့်ကွက်ပါတယ်။ ဒါဟာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ သဘောထားကိုလည်း ကျွန်မတို့ လွှွတ်တော်ကို တင်ပြတဲ့ ကော်မတီ၊ ကော်မရှင် အသီးသီးကို တင်ပြထားပြီး ဖြစ်ပါတယ်။ ကျွန်မ နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ ကျွန်မတို့ဟာ တစ်ဦးတစ်ယောက်အတွက် မကြည့်ဘဲနဲ့ နိုင်ငံတော်အတွက် နောက်ရေရှည်အတွက် နောက်လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေ ဝိရောဓိတွေ ကမ္ဘာ့နိုင်ငံအသီးသီး ဖြစ်တာတွေ မြန်မာနိုင်ငံ ဖြစ်တာတွေ ကြည့်ပြီးတော့မှ အမြင်ကျယ်ကျယ်နဲ့ ဘက်စုံထောင့်စုံက စဉ်းစားပြီးတော့ ဆုံးဖြတ်ပေးကြပါလို့ ကျွန်မ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။■ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း (ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၂))... နာယကကြီးခင်ဗျား နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ အခြေခံဥပဒေဖြစ်ပေါ် ရေးဆွဲလာပုံနှင့် ပြင်ဆင်တဲ့အချိန်မှာ မဲပေးပုံ မတူကြပါဘူး။ တချို့နိုင်ငံတွေမှာ အခြေခံဥပဒေကို ရေးဆွဲတဲ့အချိန်မှာ ဘယ်အကြောက်တရားနှင့် စိုးရိမ်စိတ်မှ မရှိဘဲ ဘယ်ပုဂ္ဂိုလ် အစုအဖွဲ့အစည်းအတွက် မရည်ရွယ်ဘဲ သူတို့နိုင်ငံ၏ ရေရှည်အကျိုးအတွက်သာ အကောင်းဆုံးလို့ သူတို့ မြင်တဲ့အတိုင်းပဲ ရေးဆွဲပါတယ်။ ဥပမာ အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေရေးဆွဲတဲ့ အချိန်မှာ ဥရောပဉာဏ်ပညာ အလင်းပွင့်မှု (Englishtenment) ၏ ရောင်ပြန်ဟပ်မှုမှ ထွက်ပေါ်လာသော အတွေးအခေါ်များဖြင့် သူတို့နိုင်ငံ၏ ရေရှည်အကျိုးအတွက်ပဲ ကြည့်ပြီး ရေးဆွဲခဲ့ပါတယ်။ ဒါသည်ပင်လျှင် ဖြည့်စွက်ပြင်ဆင်ရန် လိုအပ်နေဆဲဖြစ်ပြီး အကြိမ်ကြိမ် ဖြည့်စွက်ပြင်ဆင်ခဲ့ကြပါတယ်။တစ်ဖန် တချို့နိုင်ငံတွေမှာ ကျတော့ အခြေခံဥပဒေရေးဆွဲကြတဲ့အချိန်မှာ စိုးရိမ်စိတ် အကြောက်တရားတွေနဲ့ ပုဂ္ဂိုလ်၊ အစုအဖွဲ့၏ အကျိုးကို ရည်ရွယ်ပြီး ရေတိုအတွက် ရေးဆွဲတာကို တွေ့ရပါတယ်။ မည်သို့ပင်ဆိုစေကာမူ အခြေခံဥပဒေတစ်ခုသည် အချိန်အခါ အခြေအနေအရ ပြင်ဆင်သည့်အချိန်မှာ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ပြင်ဆင်လို့ မရသလောက် ခက်ခဲအောင် မလုပ်သင့်ပါဘူး။ မိမိနိုင်ငံ အခြေခံဥပဒေ ရေးဆွဲစဉ်တုန်း ရှိခဲ့သည့် စိုးရိမ်စိတ် အကြောက်တရားတွေ သည်အချိန်မှာ မရှိသင့်တော့ပါဘူး။ အားလုံးက ရင်ကြားစေ့ရေးကို အလေးထားကြိုးစားတဲ့အချိန် ဖြစ်ပါတယ်......နာယကကြီးခင်ဗျား  ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံ၏ ထောက်ခံဆန္ဒမဲဖြင့် ပြင်ဆင်ခြင်းသည်ပင်လျှင် ပြင်ဆင်ရန်ခက်ခဲသော (Rigid) အခြေခံဥပဒေလို့ သတ်မှတ်ကြပါတယ်။ မနေ့က တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင်ဆန်းနိုင် ဆွေးနွေးတဲ့အချိန်မှာ အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေသည် ပြင်ဆင်ရန်ခက်ခဲသော အခြေခံဥပဒေလို့ ပြောပါတယ်။ မှန်ပါတယ်။ သူ့ကို နိုင်ငံမှာ လွှတ်တော်ကိုယ်စားလှယ်အားလုံးသည် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ပြီး အခြေခံဥပဒေကို လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံနှင့် ပြည်နယ်လွှတ်တော်များ သုံးပုံနှစ်ပုံက ထောက်ခံလျှင် ပြင်လို့ရပါတယ်။ ထိုအခြေအနေကို ရောက်ရန် မိမိတို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေသည် သမာသမတ်ကျကျ ရေးဆွဲခဲ့သည့် အခြေခံဥပဒေ ဖြစ်ပါတယ်။ မည်သည့်စိုးရိမ်စိတ်နှင့် မည်သည့်အစုအဖွဲ့အတွက် ရေးဆွဲခဲ့သည့် ဥပဒေ မဟုတ်ပါ။နိဂုံးချုပ်အနေအားဖြင့် ၄၃၆ (ခ) ကို “ပုဒ်မခွဲ (က) တွင် ဖော်ပြထားသော ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ထက်ဝက်ကျော်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံဆန္ဒမဲ (သို့မဟုတ်) ရွေးကောက်ခံကိုယ်စားလှယ် သုံးပုံနှစ်ပုံ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်” ဟု ပြင်ဆင်သင့်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ်။■ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်း (ဒက္ခိဏသီရီ မဲဆန္ဒနယ်). . . . တချို့ကလည်း ဒီလို ဒီမိုကရေစီ အသွင်ကူးပြောင်းကာလ သက်တမ်းတို လေးအတွင်းမှာ ဖွဲ့စည်းပုံကို မပြင်ဆင်သင့်သေးဘူးလို့ ပြောဆိုတာလည်း ရှိပါတယ်။ ဒါကတော့ စိုးရိမ်တဲ့ စကားဖြစ်လို့ အထွေအထူးတော့ မပြောချင်ပါဘူး။ ဒါပေမဲ့ နိုင်ငံတကာမှာလည်း ဒီလို သက်တမ်းတို အတွင်းမှာပဲ ခဏခဏ မြင်ရတဲ့ သာဓကတွေ ရှိပါတယ်။ ဥပမာ ကင်ညာနိုင်ငံမှာဆိုရင် ၁၉၆၃ ခုနှစ်မှ ၁၉၉၁ ခုနှစ်အတွင်း ဖွဲ့စည်းပုံကို ၂၄ ကြိမ် ပြင်ဆင်ခဲ့ရတာတွေ ရှိပါတယ်။ တောင်ကိုရီးယားမှာလည်း ၁၉၅၂ မှ ၁၉၈၇ ခုနှစ်အတွင်း ၉ ကြိမ်တိုင်တိုင် ပြင်ဆင်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြင်ဆင်ရေးနဲ့ ဆက်စပ်တဲ့ ပုဒ်မတွေ ဒါမှမဟုတ် ဖွဲ့စည်းပုံပြင်ဆင်ခြင်းနဲ့ သက်ဆိုင်တဲ့ အခန်းကို ပြင်ဆင်ခဲ့ရတာတွေ မတွေ့ရပါဘူး။ ပြင်ဆင်ဖို့ အင်မတန် ခက်ပါတယ် ဖွဲ့စည်းပုံအခြေခံဥပဒေတွေ အပေါ်မှာ ပြင်ဆင်ပုံ ပြင်ဆင်နည်းတွေနဲ့ ပတ်သက်လို့ ပြင်ဆင်ရတယ် ဆိုတာကို လုံး၀ မတွေ့ရပါဘူး။ လက်ရှိ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ဘယ်လိုမှ ပြင်ဆင်မရအောင် တပ်မတော်မှ မပြင်ဆင်ချင်ပါက ကမ္ဘာတည်သရွေ့ မပြင်ဆင်နိုင်အောင် ရေးသားထားတာကို ပုဒ်မ ၄၃၆ မှာ တွေ့ရပါတယ်။ ဒါကြောင့် ဒီပုဒ်မ ၄၃၆ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်ပြထားတဲ့အတိုင်း ပြင်ပေးပါ။ နောင် ပြင်ဆင်ဖို့ လိုအပ်လို့ ပြင်ဆင်မယ်ဆိုရင်လည်း ပြင်ဆင်နိုင်အောင် အခုကတည်းက ပြင်ထားပေးကြဖို့ လေးလေးနက်နက် တိုက်တွန်းအပ်ပါတယ်။နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ ဥပဒေရဲ့ သဘောကိုက လိုအပ်တဲ့အခါ သမိုင်းက တောင်းဆိုလာတဲ့ အချိန်မှာ ပြင်ဆင်ရမယ်။ ပြင်ဆင်နိုင်အောင် လုပ်ထားရမယ် ဆိုပေမယ့် ဒီကနေ့ လွှတ်တော်တွေမှာ ခဏခဏ အပြင်ခံနေရတဲ့ ဥပဒေတွေ ရှိနေပါတယ်။ တခါတည်း သင့်လျော်ကောင်းမွန်တဲ့ လက်တွေ့ကျတဲ့ ဥပဒေတွေ ပေါ်ပေါက်ဖို့ ကြိုးစားရမယ့်အစား အစွဲတွေ အတ္တတွေကို အလိုလိုက်မိတော့ ခဏခဏ ပြင်နေရတဲ့ အခြေအနေတွေနဲ့ပဲ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အဲဒီတော့ အလုပ်ကရှုပ်၊ ငွေကကုန်နဲ့ တိုင်းပြည်က တနင့်တပိုး ထမ်းထားရတဲ့ ဒီလွှတ်တော်ကြီးရဲ့ အသုံးစရိတ်တွေ များလာရပါတယ်။ ကုန်ကျစရိတ်နဲ့ ကာမိပြီး ထိရောက်ဖို့ ကျွန်တော်တို့ရဲ့ မလိုအပ်တဲ့ အစွဲတွေ အတ္တတွေကို လျော့ချဖို့ လိုပါတယ်။နောက်တစ်ခုက ဒီ ၂၀၀၈ ဖွဲ့စည်းပုံကြီးနဲ့ပတ်သက်လို့ ရေးဆွဲတဲ့နေရာမှာ ပါဝင်ခဲ့တဲ့သူတွေရော မပြင်ဖို့ ပြောဆိုနေတဲ့သူတွေကိုပါ ကိုယ့်အဖေ၊ အမေတွေလို သဘောထားပြီး ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်။ ခင်ဗျားတို့ လက်နဲ့ရေးတဲ့ ဒီဖွဲ့စည်းပုံကြီးကို ကျုပ် ခြေနဲ့ မဖျက်ချင်ပါဘူးဗျာ။ အဲဒါကြောင့် ပြင်ဆင်ခွင့်ရှိတုန်း၊ ပြင်သင့်ပြင်ထိုက်တဲ့ အချိန်ဖြစ်တုန်း ပြင်ဆင်သင့်တာတွေကို ပြင်သွားကျပါလို့ ပြည်ထောင်စုလွှတ်တော် နာယကကြီးမှတစ်ဆင့် အလေးအနက် တိုက်တွန်းပါတယ်။

Most Read

Most Recent