မြဝတီမြို့ အခြေခံမဲစာရင်းတွင် သေဆုံးသူများ ပါဝင်နေသလို လမ်းတစ်လမ်းလုံး မပါဝင်မှုများလည်း ရှိနေ

မြဝတီမြို့ အခြေခံမဲစာရင်းတွင် သေဆုံးသူများ ပါဝင်နေသလို လမ်းတစ်လမ်းလုံး မပါဝင်မှုများလည်း ရှိနေ
Published 24 June 2015
ကိုရွှေသိန်း (မြဝတီ)

ကရင်ပြည်နယ် မြဝတီမြို့ အခြေခံမဲစာရင်းတွင်  သေဆုံးသူများ ပါဝင်နေသလို ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌ မိသားစုတစ်စု အပါအဝင် အမှတ်(၃) ရပ်ကွက် ကြံခင်းလမ်းတစ်လမ်းလုံး အခြေခံမဲစာရင်း၌ ပါဝင်ခြင်းမရှိကြောင်း၊ မြဝတီမြို့တွင် ရွှေ့ပြောင်းသွားလာနေထိုင်သူ များပြားပြီး  လူဦးရေနှစ်သိန်းခန့် နေထိုင်လျက်ရှိသော်လည်း လဝကပုံစံ (၆၆) ဖြင့် ပြုလုပ်သည့် အခြေခံမဲစာရင်း၌ မဲပေးပိုင်ခွင့်ရှိသူ ၆၀၆၅၆ ဦးသာ ပါဝင်လာကြောင်း သိရသည်။
 
အိမ်ထောင်စုစာရင်းရှိပြီး အခြေခံမဲစာရင်းတွင် ပါဝင်ခြင်းမရှိသူများအား ပုံစံ(၃) ဖြင့် လျှောက်ထားနိုင်ရန်  နိုင်ငံရေးပါတီများက ကူညီဆောင်ရွက်ပေးခဲ့သော်လည်း အချို့ရပ်ကွက် အုပ်ချုပ်ရေးပိုင်း က ကြည်ဖြူခြင်းမရှိကြောင်း ၎င်းတို့က ပြောကြားသည်။
 
မြဝတီမြို့ ကြံခင်း (၁) လမ်းတွင် ရာအိမ်မှူး သေဆုံးပြီး နောက်တက်သည့် ရာအိမ်မှူး ဖြစ်သူက သာသနာ့ဘောင်သို့ဝင်သွားခြင်းကြောင့် အဆိုပါလမ်းတွင် မဲစာရင်းကောက်ခံခဲ့ခြင်းမရှိ၍ မိသားစု  ၂၀၀ ကျော် မဲစာရင်းမှ ကျန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
ရပ်ကွက်အတွင်း နေရာကွက်၍  မဲစာ ရင်းကျန်ခဲ့ပြီး အမှားများကြောင်း ရပ်ကွက်များအတွင်း  မဲစာရင်းပြုစုသည့် နိုင်ငံရေးပါတီဝင်အချို့က ပြောကြားသည်။
 
မြဝတီမြို့တွင် မှတ်ပုံတင်အိမ်ထောင်စု စာရင်းရှိသူများ အခြေခံမဲစာရင်း၌ မပါဝင်ခဲ့သော်လည်း ရပ်ကျေးဖွံ့/ထောက်၏  ထောက်ခံမှုဖြင့် မြဝတီမဲစာရင်းတွင် ပါဝင်လာသူ တစ်ထောင်ကျော်ရှိကြောင်း သိရသည်။
 
“တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် နိုင်ငံသားတိုင်း မှတ်ပုံတင်ရှိသူတိုင်း၊ သန်းခေါင်စာရင်းအရ မဲပေးပိုင်ခွင့်ရရှိဖို့လိုပါတယ်။ ခုလက်ရှိမှာ လဝကရဲ့ လူဦးရေစာရင်း၊ အိမ်ထောင်စုစာရင်းအရသာ မဲစာရင်းပြုစုထားတဲ့အတွက် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် မရကြဘူး။ အထူးသဖြင့် ရွေ့လျားလုပ်ကိုင်စားသောက်နေကြတဲ့သူတွေ ဒီဒေသမှာ အနေကြာပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်စုစာရင်းမရှိကြတော့ မဲပေးခွင့် ဆုံးရှုံးကြပါတယ်” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ မြဝတီခရိုင် ဥက္ကဋ္ဌ ဦးအောင်လှိုင်က ပြောကြားသည်။
 
 ထို့ပြင် မြဝတီခရိုင် တောင်ဘက်ရှိ  တောင်အုပ်၊ မဲပလေဝါးခီး၊ သရီကြိုး၊ ထော့သူခွီး စသည်ကျေးရွာများ၌ နေထိုင်သူများ မဲစာရင်းတွင် ပါဝင်ခြင်းမရှိကြောင်းသိရသည်။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ်က မြဝတီမြို့၌ မဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ ၆၀၂၅၃ ဦးရှိခဲ့သော်လည်း ရွေးကောက်ပွဲ ၌ ၃၀၅၃၂ ဦးသာ မဲပေးခဲ့ကြောင်း သိရသည်။                   

Most Read

Most Recent