ပုဒ်မ ၅၉ (စ) အား ပယ်ဖျက်ရန်နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရာတွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံထောက်ခံမှုဖြင့် ပြင်ဆင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် NLD ကိုယ်စားလှယ်များ ဆွေးနွေး

ပုဒ်မ ၅၉ (စ) အား ပယ်ဖျက်ရန်နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရာတွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံထောက်ခံမှုဖြင့် ပြင်ဆင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် NLD ကိုယ်စားလှယ်များ ဆွေးနွေး
Published 24 June 2015
စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

ပုဒ်မ ၅၉(စ)ကို ပယ်ဖျက်ရန်နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရာတွင် ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံ သို့မဟုတ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ထက်ဝက်ကျော်ထောက်ခံမှုဖြင့် ပြင်ဆင်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) အပေါ် NLD လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသည်။
 
နေပြည်တော်တွင် ဇွန် ၂၃ရက်က ပြု လုပ်သည့် ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်  ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ က ဆွေးနွေးခဲ့ကြသည်။
 
“ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အသွင်သဏ္ဌာန်သက်သက် မဟုတ်ဘဲ အနှစ်သာရရှိရှိ အမှန်တကယ်လုပ်ဆောင်မည်ဆိုလျှင် ဒီပုဒ် မ ၅၉ (စ)ကို လုံးဝပယ်ဖျက်ရမှာ ဖြစ်ပါတယ်။ ပုဒ်မ ၅၉(စ)ပါ ပြဋ္ဌာန်းချက်ထဲမှာ “ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း”ဆိုတဲ့ စကားရပ်ကို ဖြုတ်ပယ်ရုံနဲ့ မူလကရေးဆွဲခဲ့တဲ့  တမင်သက်သက် ရည်ရွယ်ချက်ပျောက်မသွားပါ။ မူလဆိုလိုရင်းလည်း ပြောင်းမသွားပါ။ ဒီမိုကရေစီမူလည်း ရောက်မလာပါ။ ပြီးခဲ့တဲ့ ဒုတိယသမ္မတတစ်ဦး အစားထိုးရွေးချယ်စဉ်က ကြားသိရတဲ့ သတင်းတွေအရ မိမိတို့အထဲကသူ တစ်ဦးဦးအတွက် ရည်ရွယ်ထားသလို ဖြစ်နေပါတယ်” ဟု NLD ပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဆွေးနွေးပြောကြားသည်။
 
ထို့အတူ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်ကလည်း သမ္မတတစ်ဦး၏ အရည်အချင်းမှာ ဇနီး၊ ခင်ပွန်း၊ သားသမီးများနှင့် မသက်ဆိုင်ဘဲ အဂတိတရားလေးပါး ကင်းရှင်းရေးသည်သာ အဓိကဖြစ်သည့်အတွက် ပုဒ်မ ၅၉(စ)အား ပယ်ဖျက်ရန် ဆွေးနွေးခဲ့သည်။
 
ပုဒ်မ ၄၃၆ (က)တွင် ပါရှိသည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင်ဆင်ရမည်ဟု တင်းကျပ်စွာ သတ်မှတ်ထားသည့်အတွက် ကမ္ဘာမှာ ပြင်ဆင်ရန်အခက်အခဲဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ကြောင်း ပေါ်လွင်နေသည်ဟု ဦးဝင်းမြင့်က ဆိုသည်။
 
လက်ရှိပြင်ဆင်ထားသည့် ဥပဒေကြမ်း၌ ပုဒ်မ ၄၃၆။(က)တွင် ဤ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၀ ရာခိုင်နှုန်းအောက် မလျော့သော လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်”ဟု ပြင်ဆင်ပြဋ္ဌာန်းထားသည်။
 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) နှင့် ပတ်သက်၍ ဦးဝင်းမြင့်က “ယခုပြင်ဆင်ထားတဲ့ ၇၀ ရာခိုင်နှုန်းအောက်မလျော့သော လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ရန် သဘောတူလက်ခံခြင်းဆိုတဲ့ ပြင်ဆင်ချက်ဟာလည်း လုံလောက်မှုမရှိသေးပါ။ ဒါဟာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမပါဘဲ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ်ချည်းဖြင့်သာ တွက်ကြည့်ရင် ၉၄ ရာခိုင်နှုန်းရမှ ပြင်ခွင့်ရှိသလိုဖြစ်နေပါတယ်”ဟု ဆွေးနွေးပြောကြားသည်။
 
သို့ရာတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခြင်းနှင့် ပတ်သက်သည့် ပြင်ဆင်ချက်မှာ တရားမျှတ၍ နိုင်ငံတကာဖွဲ့စည်းပုံများ၏ စံချိန်စံညွှန်းနှင့် ညီညွှတ်သဖြင့် ထောက်ခံကြောင်း ဦးဝင်းမြင့်ကဆွေးနွေးခဲ့သည်။  
 
ဖွဲ့စည်းပုံအခြေခံဥပဒေကို အချိန်နှင့်တစ်ပြေးညီ မပြောင်းလဲမပြင်ဆင်နိုင်ပါက တိုင်းပြည်တွင် မလိုလားအပ်သည့် ပြဿနာ များ၊ ပဋိပက္ခများ၊ ဆိုးကျိုးများဖြစ်ပေါ်စေနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဆွေးနွေးပြောကြားသည်။
 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းပုဒ်မ ၄၃၆ ပုဒ်မခွဲ (က)နှင့် ပတ်သက်၍ “ပုဒ်မ ၅၉(စ)ရဲ့ မူလပြဋ္ဌာန်းချက်နဲ့ ပြင်ဆင်ချက်ကို နှိုင်းယှဉ်လေ့လာတဲ့နေရာမှာ ပြင်ဆင်တယ်ဆိုတာက “ထို တရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်း”ဆိုတဲ့ စကားရပ်ကိုသာ ဖြုတ်ပယ်ထားတာကို တွေ့ရပါတယ်။ ဒီစကားရပ် ဖြုတ်ပယ်ရုံနဲ့ လူတစ်ဦးတစ်ယောက်ကို တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ ရေးဆွဲခဲ့တယ်ဆိုတဲ့ အချက်ဟာ ပျောက်သွားမှာမဟုတ်သလို ဒီမိုကရေစီကျင့်စဉ်လည်း ရောက်လာမှာ မဟုတ်ပါဘူး။ သားသမီးကို ချန်ထားပြီး သားသမီးနဲ့ ဆက်နွှယ်ပြီးမှ ဖြစ်လာတဲ့ ဇနီးနဲ့ခင်ပွန်းကိုပဲ ဖြုတ်ပေးခြင်းဟာ အပေါ်ယံဟန်ပြ ပြင်ဆင်ခြင်းသာဖြစ်ပါတယ်”ဟု လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ဆွေးနွေးပြောကြားသည်။
 
“ဖွဲ့စည်းပုံအခြေခံဥပဒေပဲဖြစ်ဖြစ်၊ မည်သည့် တည်ဆဲဥပဒေပဲဖြစ်ဖြစ် တိုင်းပြည်က လိုအပ်တဲ့အချိန်မှာ အဆင်ပြေအောင် မပြင်ဆင်နိုင်ဘူးဆိုရင် ပြင်ဆင်ဖို့ ခက်ခဲ၊ နှောင့်နှေးမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းကြောင့် ထိန်းမနိုင်သိမ်းမရတဲ့ အခြေအနေမျိုးကို ကျရောက်နိုင်ပါတယ်။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်များရဲ့ သုံးပုံနှစ်ပုံ သို့မဟုတ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့ ဆုံးဖြတ်ပြင်ဆင်ခွင့်ရမှသာလျှင် ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ ကိုက်ညီနိုင်မှာ ဖြစ်ပါတယ်”ဟု ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးပြောကြားသည်။
 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ် မ ၅၉၊ ပုဒ်မခွဲ (ဃ)တွင် “နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊  အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေးစသည့် အမြင်များရှိရမည်”ဟု  အစားထိုးပြင်ဆင်ထားမှုအပေါ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က ထောက်ခံဆွေးနွေးခဲ့သည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို  လက်ခံသော်လည်း ပြင်ပုံပြင်နည်းနည်းလမ်းများကို လက်မခံကြောင်း NLD လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သည်။
 
 

Most Read

Most Recent