ပုဒ်မ ၄၃၆ ပါ ပြင်ဆင်ချက်များပါရှိသည့် ဥပဒေကြမ်းကို လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ၆၃၄ ဦးတွင် ၄၇၆ ဦးထက်ပိုသည့် ထောက်ခံမဲရရှိမှသာ ပြင်ဆင်နိုင်မည်ဖြစ်ပြီး မဲခွဲဆုံးဖြတ်ရာ၌ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် ဥပဒေကြမ်းပူးပေါင်းကော်မတီ တင်ပြ

ပုဒ်မ ၄၃၆ ပါ ပြင်ဆင်ချက်များပါရှိသည့် ဥပဒေကြမ်းကို လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ၆၃၄ ဦးတွင် ၄၇၆ ဦးထက်ပိုသည့် ထောက်ခံမဲရရှိမှသာ ပြင်ဆင်နိုင်မည်ဖြစ်ပြီး မဲခွဲဆုံးဖြတ်ရာ၌ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် ဥပဒေကြမ်းပူးပေါင်းကော်မတီ တင်ပြ
Published 17 June 2015
စိုးမင်းထိုက်၊ မျိုးမင်းထက်

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ပါ ပြင်ဆင်ချက်များပါရှိသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ၆၃၄ ဦး၌ ၄၇၆ ဦးထက်ပိုသည့် ထောက်ခံမဲရရှိမှသာ  ပြင်ဆင်အတည်ပြုနိုင်မည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့် ပြုပြင်ပြောင်းလဲရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီက တင်ပြခဲ့သည်။
 
နေပြည်တော်တွင် ဇွန် ၁၆ ရက်ကပြု လုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) နှင့်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆ ပုဒ်မခွဲ (ခ) နှင့်ပတ်သက်၍ လေ့လာစိစစ်ချက် အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဖတ်ကြားတင်ပြသည်။
 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ် ၄၃ ဒသမ ၅၂ ရာခိုင်နှုန်းက လက်မှတ်ရေးထိုး၍  လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ပြည်ထောင်စုလွှတ်တော်သို့  ဇွန် ၁၀ ရက်က တင်သွင်းခဲ့ခြင်းဖြစ်သည်။
 
“ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က)တွင် အခန်း (၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအခန်းတွင် ပုဒ်မနှစ်ခု၊ အခန်း  (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအခန်းတွင် ပုဒ်မ တစ်ခုနှင့် အခန်း (၁၂)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအခန်းတွင် ပုဒ်မတစ်ခုတို့ ပါဝင်ကြောင်း စိစစ်တွေ့ရှိရပါတယ်”ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက ဆိုသည်။
 
အဆိုတင်သွင်းထားသည့် ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) နှင့်ပတ်သက်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၆၃၄ ဦးအနက် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံပါက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၇၀၊  ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၄၀ အရ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲကိုလည်း ရရှိရန်လိုအပ်ပြီး ယင်းအချက်များနှင့် ပြည့်စုံပါက ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) နှင့် ပတ်သက်၍ ပြင်ဆင်သည့် ဥပဒေကြမ်းအပိုဒ် ၅ ခု၏ ပြင်ဆင်ချက်များ အတည်ဖြစ်မည်ဖြစ် ပြီး အကျိုးသက်ရောက်မှုအနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပပြီး ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများ စတင်ကျင်းပသည့်  အချိန်မှစ၍ အာဏာသက်ရောက်မည်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်ဟု ကော်မတီက တင်ပြခဲ့သည်။
 
ဥပဒေကြမ်းပူးပေါင်းကော်မတီက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (ခ) နှင့်ပတ်သက်၍ “အခန်း (၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအခန်းမှ ပုဒ်မသုံးခုအား ပယ်ဖျက်ခြင်း၊ အခန်း (၄) ဥပဒေပြုရေးအခန်းတွင် ပုဒ်မနှစ်ခုအား အသစ်ဖြည့်စွက်ခြင်း၊ အခန်း (၅) အုပ်ချုပ်ရေးအခန်းတွင် ပုဒ်မခြောက်ခုအား ပြင်ဆင်ခြင်း နှင့် ပုဒ်မတစ်ခုအား ပယ်ဖျက်ခြင်း၊ အခန်း (၆) တရားစီရင်ရေးအခန်းတွင် ပုဒ်မကိုးခုအား ပြင်ဆင်ခြင်း၊ ပုဒ်မတစ်ခုအား ပယ်ဖျက်ခြင်းနှင့် ပုဒ်မလေးခုအား အသစ်ဖြည့်စွက်ခြင်း၊ အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်း အခန်းတွင် ပုဒ်မနှစ်ခုအား ပယ်ဖျက်ခြင်းနှင့် ပုဒ်မနှစ်ခုအား ပြင်ဆင်ခြင်းတို့ အပါအဝင် စုစုပေါင်း ပုဒ်မ ၃၀ ပါဝင်ကြောင်း စိစစ်တွေ့ရှိရပါသည်”ဟု တင်ပြသည်။
 
ဆက်လက်ပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီက အဆိုပါတင်သွင်းလာသည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆုံးဖြတ်ပြီးစီးပါက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏  ပထမပုံမှန်အစည်းအဝေးများ စတင်ကျင်းပသည့်အချိန်မှစ၍ အာဏာသက်ရောက်မည်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်ဟု တင်ပြခဲ့သည်။
 
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေပြဋ္ဌာန်းချက်များအရ လွှတ်တော်ကိုယ်စားလှယ်များသည် ပြင်ဆင်သည့် ဥပဒေကြမ်း၏ အပိုဒ်တစ်ပိုဒ်ချင်းအလိုက် ဆွေးနွေးခွင့်ရှိသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ ပြင်ဆင်ချက်အပိုဒ်များကို ထပ်မံ၍ ပြင်ဆင်ချက်တစ်စုံတစ်ရာ တင်သွင်းခွင့်မရှိကြောင်း လေ့လာစိစစ်တွေ့ရှိရသည်ဟု ကော်မတီက ဆိုသည်။
 
ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဆွေးနွေးမှုများပြီးစီးပါက လွှတ်တော်နာယက သတ်မှတ်သည့်ရက်တွင်  မဲခွဲဆုံးဖြတ်ရန်ဖြစ်ရာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရေး အရေးကြီးသည်နှင့်အညီ လွှတ်တော်ကိုယ်စားလှယ် ၆၃၄ ဦး၏ ဆန္ဒမဲပေးရာတွင် စက်ခလုပ်နှိပ်အသုံးပြုပါက သံသယရှိဖွယ်ရာအချက်များ ပေါ်ပေါက်လာနိုင်ပါကြောင်း သုံးသပ်ရရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့် ပြုပြင်ပြောင်းလဲရေးကိစ္စအတွက် မဲခွဲဆုံးဖြတ်ရာတွင် အများပြည်သူနှင့် နိုင်ငံတကာကပါ စိတ်ပါဝင်စားစွာ စောင့်ကြည့်နေကြမည်ဖြစ်၍ ပွင့်လင်းမြင်သာမှုရှိစေရန် ရှင်းလင်းစွာဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း သုံးသပ်တင်ပြသည်။
 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) နှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဇွန် ၁၇ ရက်နှင့် ပုဒ်မ ၄၃၆ ပုဒ်မခွဲ (ခ) အတွက် ဇွန် ၁၈ ရက် နောက်ဆုံးထားကာ အမည်စာရင်း တင်သွင်းရမည်ဖြစ်ပြီး ယင်းဥပဒေကြမ်းများနှင့်ပတ်သက်၍ ဆွေးနွေးမည့် ကိုယ်စားလှယ်အမည်စာရင်းနှင့် ဆွေးနွေးမည့်နေ့ရက်တို့အား ထပ်မံကြေညာမည်ဖြစ်ကြောင်း လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။
 

Most Read

Most Recent