လော်ခီးလာ အစည်းအဝေးအလွန် ရှေ့တိုးအခက် နောက်ဆုတ်အခက် ဖြစ်နေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး

လော်ခီးလာ အစည်းအဝေးအလွန် ရှေ့တိုးအခက် နောက်ဆုတ်အခက် ဖြစ်နေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး
Published 14 June 2015
အောင်ဇော်ထွန်း

၂၀၁၁ ခုနှစ် ဇွန်လမှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တို့အကြား တိုက်ပွဲများ ပြန်ဖြစ်ပွားပြီးတဲ့နောက် အစိုးရအဖွဲ့သစ်ဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများစုနဲ့ တစ်ဖွဲ့ချင်းစီ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေး သဘောတူညီမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။လက်ရှိအစိုးရ လက်ထက်မှာ အပစ်ရပ်စဲရေး မလုပ်ဆောင်နိုင်သေးတဲ့ KIO အဖွဲ့နဲ့ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့အကြား ဆွေးနွေးညှိနှိုင်းမှုတွေကတစ်ဆင့် KIO ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာဒေသမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များရဲ့ ညီလာခံကို ၂၀၁၃ အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းတွေမှာ ပြုလုပ်ခဲ့ပြီး အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်များ ပါဝင်တဲ့ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကို ဖွဲ့စည်းခဲ့ပါတယ်။UPWC နဲ့ NCCT အဖွဲ့တို့ဟာ ၂၀၁၃ နိုဝင်ဘာလဆန်းမှာပဲ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပထမဆုံး တွေ့ဆုံကြပြီး ညှိနှိုင်းရာကတစ်ဆင့် နောက်ပိုင်းမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ အပစ်ရပ် စာချုပ်တစ်ခုကို နှစ်ဖက်ပူးတွဲရေးဆွဲဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။UPWC နဲ့ NCCT တို့အကြား တရားဝင်ဆွေးနွေးမှု ခုနစ်ကြိမ်၊ အလွတ်သဘောညှိနှိုင်းမှု အကြိမ်များစွာ ပြုလုပ်ခဲ့ပြီးနောက် နှစ်ဖက်သဘောမတူချက် အချို့ကို မှတ်တမ်းရေးသားခြင်း နည်းလမ်းနဲ့အတူ အပစ်ရပ်စာချုပ်(မူကြမ်း) ကို ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်မှာ ရေးဆွဲပြီးစီးကြောင်း အတည်ပြုလက်မှတ် ရေးထိုးခဲ့ကြပါတယ်။UPWC နဲ့ NCCT တို့ အတည်ပြုထားတဲ့ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်(မူကြမ်း)ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ၏ အပြီးသတ် သဘောတူညီမှု ရယူဖို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ဌာနချုပ် လော်ခီးလာဒေသမှာ ထိပ်သီးအစည်းအဝေး တစ်ခုကို ဇွန် ၂ ရက် ကနေ ၉ ရက်ထိ ရှစ်ရက်ကြာ ပြုလုပ်ခဲ့ပေမယ့် မူကြမ်းကို အပြီးသတ် အတည်မပြုနိုင်ခဲ့ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ၂၀၁၃ နိုဝင်ဘာမှာ ပြုလုပ်ခဲ့တဲ့ လိုင်ဇာညီလာခံ၊ ၂၀၁၄ ဇန်နဝါရီမှာ ပြုလုပ်ခဲ့တဲ့ လော်ခီးလာ ညီလာခံ၊ ၂၀၁၄ ဇူလိုင်မှာ ပြုလုပ်ခဲ့တဲ့ လိုင်ဇာညီလာခံအပြီး လေးကြိမ်မြောက် ပြုလုပ်ခဲ့တဲ့ ၂၀၁၅ ဇွန်လ လော်ခီးလာ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်များဟာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး အကောင်းဘက်ကို သွားမလား အဆိုးဘက်ကို သွားမလားဆိုတဲ့ စည်းတစ်ခုအပေါ်မှာ ရှိနေပါတယ်။လော်ခီးလာ အစည်းအဝေး တက်ရောက်လာတဲ့ အဖွဲ့အစည်း အသီးသီးရဲ့ ခေါင်းဆောင်များအကြား အမြင်မတူညီမှုတွေနဲ့အတူ အကျေအလည် ညှိနှိုင်းကြပြီးနောက် အစည်းအဝေးအပြီးမှာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်(မူကြမ်း) ပါ အချက်တွေအနက် တိုင်းရင်းသားတွေဘက်က ပြင်ဆင်ဖြည့်စွက်ချင်တဲ့ အချက် ၁၅ ချက်လောက် ရှိနေသေးပြီး အဲဒီအချက်တွေကို အစိုးရနဲ့ ပြန်လည်ညှိနှိုင်းဖို့ NCCT ထက် လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ၁၅ ဦးပါ အဆင့်မြင့်ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။KNU ဒုတိယဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး KIO အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာက ဒုတိယအဖွဲ့ခေါင်းဆောင် (၁) အဖြစ် တာဝန်ယူထားတဲ့ အဆင့်မြင့်ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်အပေါ် ဆက်လက်ညှိနှိုင်းဖို့ တွေ့ဆုံမယ် မတွေ့ဆုံဘူး ဆိုတာကို ဇွန် ၁၄ ရက်အထိ နှစ်ဖက်လုံးက အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။လော်ခီးလာ အစည်းအဝေး မတိုင်ခင် အစိုးရကိုယ်စားလှယ်များက တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးကို ၂၀၁၅ ဇွန်လအတွင်း လုပ်ဆောင်နိုင်ရေး ကြိုးစားနေကြောင်းနှင့် အပစ်ရပ်စဲရေး လုပ်ဆောင်ပြီးနောက် ဆောင်ရွက်ရမယ့် နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်ခင် အစပြုထားချင်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။လော်ခီးလာ အစည်းအဝေးအလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေများအရ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးကို ဇွန်လအတွင်း လုပ်ဆောင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲကို ရွေးကောက်ပွဲမတိုင်ခင် စတင်ဖို့ ဆိုရာမှာ အခက်အခဲတွေ အများကြီး ရှိနေတာကို တွေ့ရပါတယ်။ဘာဖြစ်လို့လဲဆိုရင် အစည်းအဝေး အပြီးမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အဓိက ညှိနှိုင်းရမယ့် အချက်တွေကို ပြန်ကြည့်ရင် UPWC နဲ့ NCCT တို့အကြား အတည်ပြုထားတဲ့ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် (မူကြမ်း)က အာမခံချက် မရှိသေးဘူးဆိုပြီး ပြင်ဆင်ဖြည့်စွက်ချက်တွေ လုပ်ဆောင်ထားတာ၊ ပြီးတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးတဲ့ အခါမှာ အစိုးရတပ်မတော်နဲ့ လောက်ကိုင်ဒေသမှ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ ကိုးကန့်အဖွဲ့ (MNDAA) အပါအဝင် အဖွဲ့အစည်းအားလုံး ပါဝင်ရေးမူကို တိုင်းရင်းသားတွေဘက်က ဆက်လက်ကိုင်ဆွဲထားတာ စတဲ့အချက်တွေဟာ နှစ်ဖက်ညှိနှိုင်းရာမှာ အဓိက အခက်ခဲ ဖြစ်နေအုံးမှာပါ။ဒါအပြင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရာမှာ ပိုမိုခိုင်မာမှုရှိအောင် နှစ်ဖက်အဖွဲ့အစည်းများရဲ့ ထိပ်သီးခေါင်းဆောင်များ ပါဝင်လက်မှတ်ရေးထိုးရမယ် ဆိုတာရယ် စာချုပ်လက်မှတ်ထိုးရာမှာ အသိသက်သေအဖြစ် ကုလသမဂ္ဂ၊ အာဆီယံနဲ့ တရုတ်နိုင်ငံတို့အပြင် အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ နော်ဝေ၊ အိန္ဒိယ၊ ထိုင်း စတဲ့ နိုင်ငံတွေကို ပါဝင်စေချင်တာ ပြီးတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးအတွက် သင့်တင့်လျောက်ပတ်သည့် အခြေအနေပတ်ဝန်းကျင် ရှိလာအောင် ဥပမာ တိုင်းရင်းသား အဖွဲ့အစည်းတွေက ဖမ်းဆီးခံထားရသူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ကိစ္စများဟာ UPWC နဲ့ NCCT တို့အကြား ယခင်ကတည်းက သဘောတူညီမှု မရခဲ့သေးတဲ့ အချက်များဖြစ်ပြီး ဆက်လက်ညှိနှိုင်းရာမှာလည်း ခက်နေဦးမှာပါ။ ဒါပေမဲ့ နှစ်ဖက်လုံးက ရိုးသားမယ် ပြီးတော့ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ဘုံအကျိုးစီးပွားကို ကြည့်မယ်ဆိုရင်တော့ အများကြီး ခက်ခဲမယ် မထင်ပါဘူး။လော်ခီးလာ အစည်းအဝေး မတိုင်ခင် ၂၀၁၅ ခုနှစ် မေလဆန်းက ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSP/UWSA) ရဲ့ ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ် ပန်ဆန်းမြို့မှာ လုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကျင်းပခဲ့မှုဟာလည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ် အနှေးနဲ့အမြန် ဖြစ်ပေါ်လာရေးအပေါ် ထည့်သွင်းစဉ်းစားရမယ့် ကိစ္စလို့ မြင်ပါတယ်။ NCCT အဖွဲ့ဝင်လည်း မဟုတ်၊ လိုင်ဇာ၊ လော်ခီးလာဒေသတွေမှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစည်းအဝေးတွေကိုလည်း မတက်ရောက်ခဲ့တဲ့ UWSA ဟာ UPWC နဲ့ NCCT တို့အကြား အပစ်ရပ်မူကြမ်း အတည်ပြုပြီးနောက်ပိုင်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရည်ရွယ်မှုနဲ့အတူ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ပန်ဆန်းထိပ်သီး အစည်းအဝေးဟာ စဉ်းစားစရာတွေ အများကြီး ဖြစ်ပေါ်စေခဲ့ပါတယ်။UWSA နဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့တို့ဟာ ၎င်းတို့အနေနဲ့ အစိုးရနဲ့ အပစ်ရပ်စဲရေး ခိုင်မာပြီးဖြစ်တဲ့အတွက် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးမှာ မဟုတ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်မှသာ ပါဝင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်ကို ၂၀၁၄ ခုနှစ်ကတည်းက လက်မှတ်ရေးထိုးနိုင်ရေး ကြိုးစားခဲ့ကြပေမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ရဲ့ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းမှု ကြိုးစားခဲ့တဲ့အပေါ်မှာ အစိုးရ တပ်မတော်ဘက်က လက်နက်ဖြုတ်သိမ်းရေး ကိစ္စတွေ ပါဝင်တဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကို အပစ်ရပ်စာချုပ်ပါ အခန်း(၅) နိုင်ငံရေးလမ်းပြမြေပုံ အဆင့်မှာ စောစီးစွာထည့်ပြီး အကောင်အထည်ဖော်ဖို့ ပြန်လည်တင်ပြခဲ့တဲ့အတွက် ၂၀၁၄ စက်တင်ဘာလက ပြုလုပ်ခဲ့တဲ့ UPWC နဲ့ NCCT တို့ရဲ့ အပစ်ရပ်မူကြမ်း ညှိနှိုင်းမှု ခြောက်ကြိမ်မြောက်ဆွေးနွေးပွဲမှာ မပြေလည်မှုဖြစ်ခဲ့ပြီး ဆွေးနွေးမှု ခြောက်လကြာ ရပ်ဆိုင်းခဲ့ကာ ၂၀၁၅ မတ်လမှသာ ပြန်လည်တွေ့ဆုံနိုင်ခဲ့တာ ဖြစ်ပါတယ်။နှစ်ဖက်အဖွဲ့အစည်းများရဲ့ လုပ်ကိုင်ဆောင်ရွက်မှု၊ နှစ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်များရဲ့ ပြောဆိုမှုတွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရပ်တန့်သွားစေနိုင်တယ် ဆိုတာကို သင်ခန်းစာယူပြီး မြန်မာနိုင်ငံရဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ ပြည်တွင်းစစ်ကို ဘယ်လိုရပ်တန့်အောင် လုပ်မယ် ပြည်တွင်းစစ် ဆက်မဖြစ်အောင် လုပ်မယ် ငြိမ်းချမ်းရေရအောင် ဘယ်လိုလုပ်မယ်ဆိုတာ နှစ်ဖက်ခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းခြင်းနည်းနဲ့ အဖြေရှာသွားဖို့ များစွာ လိုအပ်ပါတယ်။တိုင်းပြည်ဖွံ့ဖြိုးမှု နောက်ကျခဲ့ရတဲ့ အချက်တွေထဲမှာ နှစ်ပေါင်းကြာရှည်စွာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ဟာလည်း အကြောင်းရင်းတစ်ခုလို့ အစိုးရခေါင်းဆောင်များရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များပါ သိရှိထားပြီး ဖြစ်တဲ့အတွက် ပြဿနာတွေကို မလိုအပ်ဘဲ စစ်ရေးနည်း အသုံးပြုပြီး ဖြေရှင်းကြမယ်ဆိုရင်တော့ တိုင်းပြည်နစ်နာအောင် လုပ်တဲ့သူတွေပဲလို့ မှတ်ယူရမှာပါ။ပြည်တွင်းစစ်တွေကြောင့် ပြည်သူတွေ နှစ်ဖက်စစ်သားတွေ တိုင်းပြည်ဘဏ္ဍာတွေ အများကြီး ထိခိုက်နစ်နာခဲ့ကြရပြီးပြီ။ လက်ရှိအချိန်ထိ ကချင်ပြနယ်ဘက်မှာ ဒေသခံ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် ဒုက္ခသည်စခန်းများမှာ နေထိုင်ကြရဆဲဖြစ်သလို မြန်မာ-ထိုင်း  နယ်စပ်မှာလည်း ကရင်တိုင်းရင်းသား အများစုပါဝင်တဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ရှိနေကာ ပြန်လည်နေရာချထားရေး မဆောင်ရွက်နိုင်သေးပါဘူး။ အခြားဒေသတွေမှာလည်း စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာခဲ့ကြရတဲ့ တိုင်းရင်းသား ပြည်သူတွေ အများကြီး ရှိနေနိုင်ပါတယ်။ငြိမ်းချမ်းရေးကို နိုင်ငံရေးအတွက် အလောင်းအစား မလုပ်ကြဖို့ လိုပါတယ်…။      

Most Read

Most Recent