ဦးတင်အေး စကားများက နာယကဂုဏ် ခြောက်ပါးနဲ့ ညီညွတ်ရဲ့လား

ဦးတင်အေး စကားများက နာယကဂုဏ် ခြောက်ပါးနဲ့ ညီညွတ်ရဲ့လား
Published 14 June 2015
နေထွန်းနိုင်

ရွေးကောက်ပွဲအတွက် မဲစာရင်း စစ်ဆေးကြည့်ရှု           ရွေးကောက်ပွဲကော်မရှင် နေသူများအား တွေ့ရစဉ်                                                 ဥက္ကဋ္ဌ ဦးတင်အေး
လွန်ခဲ့တဲ့ ၁၅ နှစ်၊ နှစ် ၂၀ ကတည်းက ထပ်တလဲလဲ ကြားခဲ့ရလို့ မှတ်မိနေတဲ့ ဝါဒဖြန့်ချိရေး သီချင်း တစ်ပုဒ် ရှိပါတယ်။‘စီးပွားရေး ပိတ်ဆို့တာ တို့မမှုပါ၊ သယံဇာတတွေ ပေါတဲ့ပြည်’ ဆိုတဲ့ ဝါဒဖြန့်ချိရေး သီချင်း ဖြစ်ပါတယ်။‘မြန်မာ့စိတ်ဓာတ်’ လို့ နာမည် ပေးထားတဲ့ အဲဒီ ဝါဒဖြန့်ချိရေး သီချင်းကို တို့ရဲဘော်ဆိုသူက ရေးပြီး ရဲဘော်နိုင်ဝင်းက ဆိုခဲ့ပါတယ်။ဒီသီချင်းကို  ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က အစိုးရ မီဒီယာမှာ ထပ်တလဲလဲ ထုတ်လွှင့် ခိုင်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အချိန်က တပ်မတော် အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကလည်း ဒီသီချင်းကို အလွန် ကြိုက်ကြောင်း သတင်းတွေ ထွက်ခဲ့ပါတယ်။ သူ့လိုပဲ တပ်မတော် အစိုးရ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးတွေလည်း ဒီသီချင်းကို ကြိုက်ခဲ့ပါတယ်။စစ်ဗိုလ်ချုပ်ကြီးတွေကတော့ ဒီသီချင်းပါ စာသားတွေ အတိုင်း တကယ် ဖြစ်နေတယ်လို့ ထင်ခဲ့ပါတယ်။ စီးပွားရေး ပိတ်ဆို့လည်း ဘာမှုစရာ လိုမလဲလို့ သူတို့ တုံ့ပြန်ခဲ့ကြပါတယ်။သူတို့ အတွက် စီးပွားရေး ပိတ်ဆို့လည်း ဘာမှ မထူးပါဘူး။ ပြည်သူတွေသာ ဆင်းရဲ မွဲတေသွားတယ်။ တိုင်းပြည် ချွတ်ခြုံ ကျသွားတယ်။ သူတို့က ကြွယ်၀ ချမ်းသာ သွားပါတယ်။ ဒီအတွက် စီးပွားရေး ပိတ်ဆို့မှုကို သူတို့ မမှုပါဘူး။သူတို့ ဘယ်လောက် ချမ်းသာ ခဲ့သလဲ ဆိုတာ အများကြီး ကြည့်စရာ မလိုဘူး။ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ဆိုရင် ထောင်ကျပြီး ပြန်လွတ်လာတဲ့ အချိန်မှာ သူ့ပိုင်ဆိုင်မှုက အခုချိန်ထိ အမေရိကန်ဒေါ်လာ ၁၀ သန်းဖိုး အနည်းဆုံး ရှိပါတယ်။ဗိုလ်ချုပ်မှူးကြီးဟောင်း ခင်ညွန့်တင် မကပါဘူး။ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုက စပြီး ၁၉၈၉ ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ)၊ ၁၉၉၇ ခုနှစ် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နယက) အဖွဲ့ဝင် စစ်ခေါင်းဆောင်တွေ၊ ဝန်ကြီးတွေနဲ့ သူတို့ သားသမီး၊ မိသားစုတွေကို ပြန်ကြည့်လိုက်ပါ။ လူ ၅၀၀ လောက်ပဲ ရှိပါတယ်။ပြည်သူတွေ ဆင်းရဲမွဲတေ ခဲ့ရတာနဲ့ အဆ မတန်အောင်ကို သူတို့ ကြွယ်ဝချမ်းသာ ခဲ့ကြတယ်။ အခွင့်ထူးတွေ ရရှိခဲ့တယ်။ အခုချိန် အထိလည်း အခွင့်ထူးခံတွေ ဖြစ်နေတယ်။ ကြွယ်ဝချမ်းသာ နေကြတုန်းပါပဲ။သူတို့ဟာ စီးပွားရေး ပိတ်ဆို့တာကို ဘယ်တုန်းကမှ မမှုခဲ့ဘူး။ တိုင်းပြည်ရဲ့ သယံဇာတ ဆိုတာလည်း ပြည်သူတွေ အတွက် မဟုတ်ဘဲ သူတို့ အတွက်လို့ပဲ သဘော ထားခဲ့ကြပါတယ်။ 
■  အခါ ၁၀၀ ပိတ်လည်း ဂရုမစိုက်ဘူးအရင်ကတော့  စီးပွားရေး ပိတ်ဆို့တာကို မမှုဘူး ဆိုတာ သီချင်းထဲမှာပဲ ရှိခဲ့ပါတယ်။ အခုတော့ နှုတ်ကနေကို ထုတ် ပြောလာပါတယ်။ဒီလို ပြောခဲ့သူက အရင် တပ်မတော် အစိုးရ ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး အခု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း တင်အေး ဖြစ်ပါတယ်။“...မြန်မာပြည်ကို ပိတ်ဆို့မယ် ဆိုရင် အခါ ၁၀၀ ပိတ်ပိတ် ကျွန်တော် ဂရုမစိုက်ဘူး...” လို့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း တင်အေးက စိန်ခေါ် စကား ပြောပါတယ်။  ဇွန် ၈ ရက်က Myanmar Peace Center မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ ဒီလို ပြောခဲ့တာပါ။ မဲဆန္ဒရှင် စာရင်း ပြုစုခြင်း ဆိုင်ရာ ရှင်းလင်းပွဲမှာ မဆိုင်တာကို သူ ပြောလိုက်တာ ဖြစ်ပါတယ်။ဇွန် ၃ ရက်မှာ အခြေခံမဲ စာရင်း မှားယွင်းမှုတွေ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အိတ်ဖွင့်ပေးစာ ထုတ်ပြန်တယ်။ ဇွန် ၄ ရက်မှာ အမေရိကန် အထက်လွှတ်တော် အမတ် မစ်ချ်မက်ကွန်နဲက သတိပေး စကား ပြောခဲ့တယ်။အခြေခံ မဲစာရင်း မှားယွင်းနေတာကို NLD က ထောက်ပြတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ လူထုဆန္ဒ မထင်ဟပ်ရင် အမေရိကန်-မြန်မာ ဆက်ဆံရေး အဟန့်အတား ဖြစ်မယ်လို့ မစ်ချ်မက်ကွန်နဲက သတိပေးတာပါ။ ဒီနှစ်ခုက ဆက်စပ်လို့ ရတဲ့ ကိစ္စ မဟုတ်သလို ကြိုတင် တိုင်ပင်ခဲ့တာလည်း မဟုတ်ပါဘူး။ဒါပေမဲ့ ဦးတင်အေးက ဒီနှစ်ခုကို ဆက်စပ် လိုက်ပါတယ်။ ပြီးတဲ့ အခါ ဒါဟာ NLD ကြောင့် ဖြစ်လာတဲ့ နိုင်ငံတကာ ဖိအားလို့ သတ်မှတ်ပြီး တုံ့ပြန်လိုက်တာပါ။တစ်ဖက်မှာလည်း NLD ပါတီမှ အပ ကျန်တဲ့ နိုင်ငံရေး ပါတီတွေ အခြေခံ မဲစာရင်းမှန်ဖို့ ပူးပေါင်းဆောင်ရွက် စေလိုကြောင်း အကြောင်းကြား စာတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပို့ပါတယ်။ဦးတင်အေး အနေနဲ့ NLD ရဲ့ ထောက်ပြချက်ကို အကျိုးသင့် အကြောင်းသင့် ပြန်ဖြေရှင်းလို့ ရပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှု လုပ်ပြီး တုံ့ပြန်လိုက်တာက NLD အပေါ် ဘယ်လောက် အာဃာတ ထားနေသလဲ ဆိုတာ ပေါ်လွင်စေပါတယ်။ဘာကြောင့်လဲ ဆိုရင် ဦးတင်အေးဟာ ဒီလို စိန်ခေါ် စကားတွေကို ပြောတာ တစ်ကြိမ် မကတော့ပါဘူး။ ထင်ထင်ရှားရှား ဆိုရင် သုံးကြိမ် ရှိပါပြီ။ အဲဒီ သုံးကြိမ်စလုံးက NLD ကို တုံ့ပြန်ရင်း ပြောခဲ့တာတွေချည်း ဖြစ်ပါတယ်။ဒါ့အပြင် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးရဲ့ အာဃာတထားမှုက ရွေးကောက်ပွဲ ပျက်သွားစေတဲ့ အထိ စိုးရိမ်စရာ ဖြစ်သလို ရွေးကောက်ပွဲ အပြီး အခြေအနေ အတွက်လည်း ဘာမှ ရေရာမှု မရှိနိုင်ဘူးလို့  ယူဆနိုင်ပါတယ်။ 
■  ဦးတင်အေး ဘယ်လောက်ချမ်းသာလဲ  ဦးတင်အေးရဲ့ ပြောစကားတွေကို မဆန်း စစ်ခင်မှာ သူရဲ့ ချမ်းသာမှု ဘယ်လောက် ရှိလဲဆိုတာ ပြောရပါလိမ့်မယ်။သူနဲ့ သူ့မိသားစု ချမ်းသာနေလို့လည်း အခါ ၁၀၀ ပိတ်ဆို့လည်း ဂရုစိုက်ဘူး ဆိုတာ ပြောတာပါ။ဦးတင်အေးအတွက် စီးပွားရေး ပိတ်ဆို့တာကို ဂရုမစိုက်လို့ ရပါတယ်။ ဦးတင်အေး ကိုယ်တိုင်က တပ်မတော်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်မှာ ဥက္ကဋ္ဌ တာဝန်ကို နှစ်ရှည်ယူခဲ့သူပါ။ဦးတင်အေးမှာ သားသမီး သုံးဦးရှိတယ်။ သားနှစ်ဦးက ဦးဥက္ကာအေးနဲ့ ဦးဇော်မင်းအေးတို့ပါ။ သူတို့ကို စီးပွားရေး အသိုင်းအဝိုင်းမှာ မသိသူ မရှိပါဘူး။သားသမီး သုံးဦးထဲက ဦးဇော်မင်းအေး တစ်ဦးတည်းတောင် မိုးဆမ်းပန်း အုပ်စု အပါအဝင် ကုမ္ပဏီ လေးခုလောက် ဆက်စပ် ပတ်သက် လုပ်ကိုင်နိုင်တဲ့ အထိ ကြွယ်ဝပါတယ်။သင်္ဃန်းကျွန်း မြို့နယ်ထဲက မြေကွက်ကျယ်ကြီးနဲ့ ပတ်သက်တဲ့ အကျိုးအမြတ် တချို့ အပေါ်မှာလည်း ဦးတင်အေးရဲ့ သားသမီး တချို့ ဆက်စပ် ပတ်သက်ခဲ့တယ်လို့ လုပ်ငန်းရှင် အသိုင်းအဝိုင်းမှာ ပြောဆို နေကြပါတယ်။လုံးချင်းတိုက် တချို့ကို အခြား လုပ်ငန်းရှင်တွေဆီ ပြန် ငှားစားထားတာ ကြည့်ရုံနဲ့တင် လုံးချင်းတိုက်တွေ ဘယ်လောက် ပိုင်တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ဦးတင်အေးတို့ မိသားစု အနေနဲ့ အမေရိကန် ဒေါ်လာ သန်းရာနဲ့ချီ ကြွယ်၀ ချမ်းသာသူတွေ ဖြစ်တယ်လို့ စီးပွားရေး အသိုင်းအဝန်းက ခန့်မှန်းထား ပါတယ်။ ခန့်မှန်းနေကြသလို ဟုတ်၊ မဟုတ် ဆိုတာ ဦးတင်အေးတို့ကိုယ်တိုင် အသိဆုံး ဖြစ်မှာပါ။သေချာတာကတော့ ဦးတင်အေး သားနှစ်ယောက်ဟာ ကုမ္ပဏီကိုးခု ဆယ်ခုလောက်နဲ့ ဆက်စပ် ပတ်သက် လုပ်ကိုင်နေပါတယ်။ဒါပေမဲ့ သားသမီးတွေ ဆက်စပ် ပတ်သက် လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကတော့ အစိုးရက နှစ်တိုင်း တရားဝင် ထုတ်ပြန်ပေးနေတဲ့ ထိပ်တန်း အခွန်ထမ်း စာရင်းထဲမှာ တစ်ခါမှ ပါလာတာ မတွေ့ပါဘူး။ဒီလို မြင်သာ ထင်သာရှိတဲ့ ပိုင်ဆိုင်မှုတွေကို ကြည့်ရုံနဲ့  ဦးတင်အေးက နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့မှုကို ဂရုမစိုက်ဘူး ဆိုတာ ယုံကြည်ပါတယ်။  ဒါပေမဲ့ ဒါဟာ ဦးတင်အေးနဲ့ ကြွယ်ဝချမ်းသာနေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ အတွက်ပဲ ဖြစ်ပါလိမ့်မယ်။ 
■  လုပ်ပိုင်ခွင့်နဲ့ ကန့်သတ်မယ်ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလမှာ ဦးတင်အေး ဘာစကားတွေ ပြောခဲ့သလဲ ဆိုတာ ပြန်ကြည့်နိုင်ပါတယ်။၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာ NLD အနိုင်ရခဲ့တယ်။ အဲဒီတုန်းက မဲဆွယ်မှုတွေကို ဦးတင်အေးက အပြစ် မြင်ပါတယ်။“လွတ်လပ်လွန်းတာမှ Election Campaign နဲ့တောင် မတူဘူး။ ဆန္ဒပြနေသလား၊ ၈၈ အရေး အခင်းများ ပြန်ရောက်နေသလား မှတ်ရတယ်။ နဖူးစည်းလည်း ပါတယ်။ ကြယ်ငါးပွင့် အလံလည်း ပါတယ်။ ဘယ်သူကမှလည်း ကန့်ကွက်သူ မရှိဘူး။ ကန့်ကွက်ရင် ကျွန်တော် အရှုံးပေး ပစ်မှာပါ။ ၂၀၁၅ မှာ ကန့်ကွက်ပါ။ ကျနော် အရှုံးပေး ပစ်ပါမယ်” လို့ ၂၀၁၄ ခုနှစ် ဧပြီ ၇ ရက်က ပုသိမ်မြို့မှာ ဦးတင်အေး ပြောခဲ့ပါတယ်။ဒါကြောင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မဲဆွယ် စည်းရုံးမှု ကန့်သတ်မယ်၊ အချိန် ကန့်သတ်မယ်၊ နေရာ ကန့်သတ်မယ် ဆိုတာတွေကို သူက ဆက်ပြောပါတယ်။“လာမယ့် ရွေးကောက်ပွဲမှာ Election Campaign ကာလ သတ်မှတ် ပေးပါမယ်။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ပြောပါ။ မဆိုင်တဲ့လူ လာမပြောနဲ့။ ဝင်ချင်ဝင် မဝင်ချင်နေ။ ကျွန်တော် ဒီမြို့ဒီရွာမှာ အရွေးခံမယ်ဆို ကျွန်တော် ပြောဖို့ပဲ လိုတာပေါ့။ တခြားလူ လာပြောလို့ ဘာလုပ်မတုန်း။ ဒါကြောင့် ကျွန်တော် အချိန်၊ လူ၊ နေရာ ကန့်သတ်ပါမယ်။ ဒါက ကျွန်တော့် လုပ်ပိုင်ခွင့်ထဲမှာ ရှိနေပါတယ်” လို့ ဦးတင်အေးက ပြောပါတယ်။ဒါဟာ ပါတီ ကိုယ်စားပြု အနေနဲ့ မြန်မာနိုင်ငံ အနှံ့ သွားလာ ဟောပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းလိုက်တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းဟာ ကိုယ့်နေရာမှာပဲ ဟောပြော စည်းရုံးခွင့် ရှိမယ်။ ကျန်တဲ့ သူတွေလာပြီး ဟောပြော စည်းရုံးစရာ မလိုဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။  ဒါပေမဲ့ ဒီစကားပြောပြီး တစ်နှစ် အကြာ ဇွန် ၁၀ ရက်ထုတ် မြန်မာတိုင်းမ် ဂျာနယ်မှာပါတဲ့ အင်တာဗျူးမှာတော့ ဒီလို မဟုတ်ဘူးလို့ ဦးတင်အေးက ဆိုပါတယ်။‘ရေကြည် သောက်ချင်ရင်တော့ မနှောက်နဲ့’ ဆိုတဲ့ ဦးတင်အေး အင်တာဗျူးကို ဇွန် ၁၀ ရက်ထုတ် မြန်မာတိုင်းမ်ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။  “ဒေါ်အောင်ဆန်းစုကြည်က ပါတီ ဥက္ကဋ္ဌပဲ၊ သူ မဲဆွယ်ခွင့် ရှိသလား၊ မရှိလား မေးရင် ရှိတာပေါ့။ ဘာကြောင့်လဲ ဆိုတော့ ပါတီ ဥက္ကဋ္ဌ တစ်ယောက် အနေနဲ့ ပြောဖို့လိုတယ်။ ကျွန်တော့်ကို ဝိုင်းပြောတယ်။ နားစွန်နားဖျားနဲ့ ဝိုင်းတွယ်တယ်။ ပုသိမ်မှာ ပြောတာ ဖြစ်မယ်။ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တွေ ကိုယ်တိုင် မဲဆွယ် စည်းရုံးရမယ်နော်” လို့ ဦးတင်အေးက မြန်မာတိုင်းမ် အင်တာဗျူးမှာ ပြောပါတယ်။ပုသိမ်မှာ ဦးတင်အေး ပြောခဲ့တဲ့ စကားတွေကို လူထုက ဆန့်ကျင်ခဲ့ပေမဲ့ ဦးတင်အေးက စကား အပြောအဆို မဆင်ခြင်ခဲ့ပါဘူး။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှာ ထပ်ပြောပါတယ်။ 
■  ဆူဆူပူပူ ဖြစ်လာရင် အာဏာပြန်သိမ်းမယ်၂၀၁၄ ခုနှစ် ဒီဇင်ဘာမှာ ပြောခဲ့တဲ့ စကားက ပိုဆိုးပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတစ်ဦး အနေနဲ့ ဘယ်လိုမှ မပြောသင့်တဲ့ စကားကို ပြောလိုက်တာပါ။“ဆူဆူပူပူ ဖြစ်လာရင် အာဏာပြန်သိမ်းမယ်” လို့  ဦးတင်အေးက ခြိမ်းခြောက်လိုက်ပါတယ်။ဒီစကားကို ၂၀၁၄ ခုနှစ် ဒီ ဇင်ဘာ ၁၆ ရက် မီကာဆာ ဟိုတယ်မှာ ပြောလိုက်တာပါ။လွှတ်တော်ထဲမှာ စစ်တပ် ၂၅ ရာခိုင်နှုန်း ပါနေတာက အာဏာ ပြန်မသိမ်းဖို့ ဖြစ်ပေမဲ့ တိုင်းပြည် မတည်ငြိမ်၊ မအေးချမ်းဘူး ဆိုရင် စစ်တပ်က အာဏာ သိမ်းရမယ်လို့  ဦးတင်အေးက ပြောပါတယ်။ဇွန် ၈ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် ကော်မရှင် အဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
၁၉၈၈ ခုနှစ်မှာ အုပ်ချုပ်မှု စနစ် မရှိတော့ဘူး၊ တရား ဥပဒေ စိုးမိုးမှု မရှိတော့ဘူး၊ တပ်မတော်ကို ထိပါးလာတယ်၊ ဒါကြောင့် မလွှဲမရှောင်သာ အာဏာ သိမ်းခဲ့ရတယ်လို့ သူက ဆိုပါတယ်။ဒါ့အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နိုင်တာ မှန်ပေမယ့် “အာဃာတ တရား ရှေ့ထားတဲ့ အခါ အာဏာလွှဲလို့ မရခဲ့ဘူး” လို့ ဦးတင်အေးက စွပ်စွဲပါတယ်။အဲဒီအချိန်က အာဏာလွှဲဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆွဲဖို့ အမျိုးသား ညီလာခံကို ၁၉၉၃ ခုနှစ်မှာ ခေါ်တယ်၊ ၁၉၉၆ ခုနှစ်မှာ ပျက်တယ်၊ ၂၀၀၆ ခုနှစ်မှာ ပြန်ခေါ်ပြီး ၂၀၀၈ ခုနှစ်မှာ လူထု ဆန္ဒခံယူပွဲ လုပ်တယ်၊ အာဏာ ပြန်မသိမ်းအောင် လွှတ်တော်ထဲ ဝင်ထိန်းဖို့ ဆိုတဲ့ သဘောနဲ့ စစ်တပ် ၂၅ ရာခိုင်နှုန်း ပါခဲ့ရတယ်ဆိုပြီး ဦးတင်အေးက ပြောပါတယ်။ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ ပြီးရင် စစ်တန်းလျား ပြန်မယ်၊ အနိုင် ရသူတွေကို အာဏာ လွှဲပေးမယ်၊ ကြိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ယူသုံး၊ အသစ် ရေးချင်ရေး၊ ပြန်ပြင် သုံးချင်သုံး၊ တပ်မတော်က သမိုင်းတရားခံ မဖြစ်ချင်ဘူးဆိုပြီး ဘယ်သူတွေက ပြောခဲ့၊ ကတိ ပေးခဲ့တာလဲ။ဒီလို ပြောခဲ့တဲ့ စကား၊ ပေးခဲ့တဲ့ ကတိတွေကို မျက်နှာပြောင်တိုက် ချိုးဖောက်ပြီး ဘယ်သူတွေ အာဏာ မလွှဲခဲ့သလဲ ဆိုတာကို ဦးတင်အေး တကယ်ပဲ မသိတာလား၊ သိလျက်နဲ့ တမင် ပြောနေသလား ဆိုတာ ဦးတင်အေး ကိုယ်တိုင် အသိဆုံးပဲ ဖြစ်ပါလိမ့်မယ်။ဦးတင်အေးကတော့ အတိတ်က မှားခဲ့တာတွေကို ပြန်ပြင်လိုပုံ မရှိပါဘူး။ သူတို့ပဲ မှန်တယ်ဆိုတဲ့ သဘောတရားကို အခြေခံတဲ့ ပြောဆိုမှုတွေကို ဇွန် ၁၀ ရက်ထုတ် မြန်မာတိုင်းမ် အင်တာဗျူးမှာ ထပ်ပြောပါတယ်။“စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီဆိုတာ ရှိတယ်။ သိပ်လွတ်သွားရင် Collapse (ဖရိုဖရဲ) ဖြစ်သွားမယ်။ တဖြည်းဖြည်းချင်း လွှတ်ချင်လို့ တင်းကျပ်ထားတာ။ ခင်ဗျားတို့ ရေချိန်ပေါ်မှာ မူတည်ပြီး လွှတ်သွားလိမ့်မယ်။ ဒါတွေကတော့ အခု ရေတွင်းတူး အခု ရေကြည်သောက်လို့တော့ မရဘူးပေါ့။ ရေကြည် သောက်ချင်ရင်တော့ မနှောက်နဲ့ပေါ့လေ။ ကျွန်တော်တို့လည်း အာဏာလွှဲဖို့ လုပ်ခဲ့တာ ၉၀ ကတည်းက လုပ်ခဲ့တာပဲ။ လိမ္မာရင် ကျွန်တော်ထင်တယ်၊ ၉၅၊ ၉၆ လောက်ကတည်းက တော်တော် အဆင်ပြေလောက်ပြီ။ ကျွန်တော်တို့ ဒီမိုကရေစီ ရေချိန် မဝင်ဘဲနဲ့တော့ သိပ် လွတ်လပ်ပေးလို့တော့ မရဘူး။ ဒါကြောင့် ကျွန်တော်တို့ ဝင်ထိန်းတာ။ ထိန်းချင်လွန်းလို့ မဟုတ်ဘူး” လို့ ဦးတင်အေးက မြန်မာတိုင်းမ်ကို ပြောပါတယ်။ဒီစကားကလည်း မတောင်းနဲ့၊ ပေးသလောက်ယူ ဆိုတဲ့ အဓိပ္ပာယ် ဆောင်ပါတယ်။ ကြားထဲမှာ သမာသမတ်ကျကျ နေရမယ့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတစ်ယောက် ပြောရမယ့်စကား မဟုတ်ပါဘူး။  “ကျွန်တော်တို့ ဒီမိုကရေစီရေချိန် မဝင်ဘဲနဲ့တော့ သိပ် လွတ်လပ်ပေးလို့တော့ မရဘူး” ဆိုတဲ့ စကားက ကျွန်တော်တို့ ဖြစ်စေချင်တာ မဖြစ်ရင် မပေးဘူးဆိုတဲ့ သဘောမျိုးပါပဲ။ ဒါဆိုရင် ရွေးကောက်ပွဲ ပြီးသွားရင်လည်း စိတ်မချရတဲ့ သဘောပါပဲ။ဦးတင်အေးဟာ ၁၉၈၈ ခုနှစ် အာဏာသိမ်း စစ်ခေါင်းဆောင်တွေထဲမှာ မပါပေမဲ့ အာဏာရှင် ဒေါက်တိုင်တွေကို ပံ့ပိုးခဲ့သူတစ်ဦး ဆိုတာတော့ မေ့ထားလို့ မရပါဘူး။ 
■  ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ တူနေပြီအခု ချိန်မှာတော့ ဦးတင်အေးဟာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတစ်ဦးနဲ့ မတူဘဲ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြီး အာဏာ လွှဲမပေးနိုင်တဲ့ အကြောင်းကို သတင်းစာ ရှင်းလင်းပွဲတွေ အကြိမ်ကြိမ် လုပ်ပြီး မျက်နှာပြောင်တိုက် ပြောခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ တူနေပါတယ်။၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မလုပ်ခင်မှာ ရွေးကောက်ပွဲ အနိုင်ရသူကို အာဏာ လွှဲမယ်လို့ ဗိုလ်ချုပ်ကြီး စောမောင်က ကတိစကားတွေ ပြောခဲ့တယ်။ ရွေးကောက်ပွဲ ပြီးတဲ့အခါ ဗိုလ်ချုပ်မှူးကြီး စောမောင်ရော၊ အဲဒီအချိန်က အာဏာသိမ်း စစ်ခေါင်းဆောင်တွေပါ တညီတညွတ်တည်း ကတိ ဖျက်ခဲ့ကြပါတယ်။နှုတ်အားဖြင့် ပေါ်ပေါ်ထင်ထင် ကတိဖျက်ခဲ့သူ နှစ်ဦးက ဗိုလ်ချုပ်ကြီး စောမောင်နဲ့ (အဲဒီအချိန်က) အတွင်းရေးမှူး-၁ ဗိုလ်ချုပ် ခင်ညွန့်တို့ ဖြစ်ပါတယ်။ ဗိုလ်ချုပ် ခင်ညွန့်က အဆိုးဆုံးပါပဲ။အဲဒီအချိန်က ဗိုလ်ချုပ် ခင်ညွန့် ပြောတဲ့ စကားတွေဟာ အခု ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း တင်အေးပြောနေတဲ့ စကားတွေလိုပါပဲ။ တိုက်ရိုက် ပြင်းပြင်း ထန်ထန် စွပ်စွဲ ပြောဆိုတာနဲ့ စကားမကျွံဖို့ သွယ်ဝိုက်ပြီး ပြောနေတာပဲ ကွာပါတယ်။သူတို့ရဲ့ ရည်ရွယ်ပုံချင်း တူပါတယ်။ NLD ပါတီနဲ့ ပါတီဝင်တွေ၊ ထောက်ခံသူတွေကို ဝေဖန် တိုက်ခိုက်ပုံချင်း တူပါတယ်။၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ဦးဘဌေး ဖြစ်ပါတယ်။ အခု ဦးတင်အေးလို ကိုယ်နဲ့ မဆိုင်တာတွေ မပြောပါဘူး။ လုပ်စရာ ရှိတာကိုပဲ သမာသမတ် ကျကျ လုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲ သဘောအရ သန့်ရှင်းပြီး မျှတခဲ့တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲအပြီး အာဏာ မလွှဲခဲ့တာကြောင့် သန့်ရှင်းပြီး မျှတမှု မရှိ ဖြစ်သွားပါတယ်။  ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဟိုပါတီ စည်းကမ်း မရှိဘူး၊ ဒီပါတီ စည်းကမ်းဖောက်တယ် ဆိုတဲ့ စကားတွေနဲ့ အရေးယူမှုတွေကို ဗိုလ်ချုပ် ခင်ညွန့်က လုပ်ပါတယ်။ အခု ဦးတင်အေး လုပ်ချင်နေတဲ့ ပုံစံတွေနဲ့ အတူတူပါပဲ။ဒါကြောင့် အခု ဦးတင်အေး လုပ်နေပုံတွေဟာ ဦးဘဌေးနဲ့ မတူဘဲ၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ပိုတူလာသလို ဘောလုံးပွဲ မစသေးခင်မှာပဲ တစ်ဖက် အသင်းကို အနီကတ်ပြ ထုတ်ပယ်ဖို့ တရွယ်ရွယ် ဖြစ်နေတဲ့ ဒိုင်လူကြီး တစ်ဦးလို ဖြစ်နေပါတယ်။ 
■  ကိုယ့်အလုပ် ကိုယ်လုပ်ပါအခုချိန်မှာ ဦးတင်အေး လုပ်ရမှာက ခွန်းတုံ့ပြန် စကားတွေ ပြောဖို့ မဟုတ်ပါဘူး။ အလုပ် လုပ်ပြဖို့ ဖြစ်ပါတယ်။NLD ရဲ့ အိတ်ဖွင့် ပေးစာမှာ ပါဝင်တဲ့ အခြေခံ မဲစာရင်း မှားယွင်းမှု ထောက်ပြချက်တွေ မှန်ကန်သလား၊ မှန်နေတယ်ဆိုရင် ပြင်ဆင်မှုတွေ လုပ်ရမှာပဲ ဖြစ်ပါတယ်။ အိတ်ဖွင့် ပေးစာပို့တဲ့ NLD ကို တုံ့ပြန်နေစရာ မလိုပါဘူး။ဒီနေရာမှာ တခြားပါတီတွေ ဘာလို့ မထောက်ပြဘဲ NLD ပါတီက ဘာလို့ ထောက်ပြသလဲ ဆိုတာကို အပြစ်တင်နေလို့ မရပါဘူး။ ကျန်တဲ့ နိုင်ငံရေးပါတီ အတော်များများက ဘာသား ယိမ်းလိုက်၊ ရောယိမ်း လိုက်တွေပဲ ဖြစ်နေပါတယ်။  ထုတ်ပြန်ထားပြီး ဖြစ်တဲ့ အခြေခံ မဲစာရင်း မှားယွင်းမှုက ရာခိုင်နှုန်း ၃၀ ကနေ ရာခိုင်နှုန်း ၈၀ အထိ ရှိတယ်လို့ NLD က ပြောထားပါတယ်။ သူတို့ ပြောကြားချက် မမှားပါဘူး။အခြေခံ မဲစာရင်း မှားယွင်းမှုဟာ နေရာတိုင်းမှာ ဖြစ်နေပါတယ်။ ရန်ကုန်တင် မကဘဲ နယ်တွေမှာပါ ဖြစ်နေတယ်။ နာမည်တွေ မှားတယ်။ မှတ်ပုံတင် နံပါတ်တွေ မှားတယ်။ မွေးသက္ကရာဇ် မှားတယ်။ ၁၀ နှစ်ကျော်ကြာ သေဆုံးပြီးသူတွေ စာရင်းပါနေတယ်။ သန်းခေါင်းစာရင်းမှာ ပါတဲ့ အချက် အလက်တွေနဲ့ ကွဲလွဲနေတယ်။ မိသားစုလိုက် စာရင်းပြုတ် ကျန်ခဲ့တယ်။ရှမ်းပြည်နယ်မှာ ဆိုရင် ဒီလို မှားယွင်းမှုတွေက ၇၅ ရာခိုင်နှုန်း ရှိတယ်လို့ ပြောထားပါတယ်။ ကျန်တဲ့ ဒေသတွေမှာ ပျှမ်းမျှ အနည်းဆုံး ၅၀ ရာခိုင်နှုန်း အထက် မှားယွင်းနေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။ဒါကြောင့် အခုချိန်မှာ အရင်ဆုံး လုပ်ဖို့က အခြေခံ မဲစာရင်း မှန်ကန်ဖို့ပါပဲ။ အခြေခံ မဲစာရင်းဟာ လွတ်လပ်ပြီး သန့်ရှင်း မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အရေးကြီးပါတယ်။ အခြေခံ မဲစာရင်း မမှန်ရင် ရွေးကောက်ပွဲ တရား မျှတမှု ရှိမှာ မဟုတ်ပါဘူး။မဲစာရင်း မှားယွင်းမှုတွေကို ဝတ်ကျေ တန်းကျေ ကြေညာထုတ် ဆော်သြ နေရမယ့် အချိန်လည်း မဟုတ်တော့ပါဘူး။ ရွေးကောက်ပွဲ လုပ်ဖို့က အချိန် လေးလကျော်ပဲလို ပါတော့တယ်။ ဖိဖိစီးစီး လုပ်ရမယ့် အချိန် ဖြစ်ပါတယ်။ကျွန်တော်တို့မှာ ဘတ်ဂျက် အလုံအလောက် မရှိဘူး၊ ကျွမ်းကျင် ဝန်ထမ်း မရှိဘူး ဆိုတာလည်း ခိုင်မာတဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ ဒီတာဝန် ယူထားပြီးမှတော့ ဒီတာဝန်ကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ ကျေပွန်အောင် လုပ်ရမယ်ဆိုတာ စစ်သားဟောင်းကြီး တစ်ဦးဖြစ်တဲ့ ဦးတင်အေး ကောင်းကောင်းသိမှာပါ။ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အချိန်တွေ အများကြီး ပေးခဲ့ပြီးပါပြီ။ ငွေတွေလည်း ပေးပြီးပါပြီ။ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေလည်း ရခဲ့ပါပြီ။ဒီအတွက် မဲဆန္ဒရှင် ပြည်သူတွေကို အပြစ်တင်၊ အခြားသော အကြောင်းပြချက် ပေးနေတာတွေနဲ့ မလုံလောက်တော့ပါဘူး။အခြေခံမဲ စာရင်း မှန်ဖို့ ဖြစ်နေတဲ့ အခက်အခဲ နှစ်ခုရှိပါတယ်။ပထမ အချက်က အခြေခံမဲစာရင်းကို ၁၄ ရက်ပဲ ကြေညာပေးတာ ဖြစ်ပါတယ်။ အရင်က ဘာမှ မဖြစ်ပေမဲ့ အခုလို မှားယွင်းမှု များလာတဲ့ အချိန်မှာ ၁၄ ရက်ဆိုတာ နည်းပါတယ်။ဒုတိယ တစ်ချက်က မှားယွင်းတာကို ပြင်ဆင်ဖို့ ပြောတဲ့အခါ လျှောက်လွှာပုံစံ အလုံအလောက် မရှိခြင်းပါပဲ။အခု သတ်မှတ်ထားတဲ့ ၁၄ ရက်၊ အချိန် မလုံလောက်တာကို ပထမနဲ့ ဒုတိယအကြိမ် အခြေခံ မဲစာရင်း ထုတ်ပြန်မှုတွေမှာ တွေ့ခဲ့ပါတယ်။အခြေခံ မဲစာရင်း ထုတ်ပြန်မှုကို မသိလို့ လုံး၀ သွား မကြည့်ခဲ့သူတွေ ရှိခဲ့တယ်။ တချို့လည်း ခရီးလွန်၊ အဝေးရောက်နေလို့ သွား မကြည့်ဖြစ်ကြပါဘူး။ ဝေးလံ ခေါင်သီတဲ့ အရပ်တွေဆို ပိုဆိုးပါလိမ့်မယ်။ အွန်လိုင်းက လွှင့်တင်ပေးတယ် ဆိုပေမယ့် မြန်မာနိုင်ငံမှာ အင်တာနက် သုံးသူ အကန့်အသတ် ရှိပါတယ်။   သူတို့အဖို့ နောက်ဆုံး ထုတ်ပြန်လာမယ့် အချိန်ကိုသာ စောင့်ရတော့မှာ ဖြစ်ပါတယ်။အခြေခံ မဲစာရင်း ထုတ်ပြန်မှုကို နှစ်ကြိမ် လုပ်မယ်လို့ သိရပါတယ်။ ပထမအကြိမ် ထုတ်ပြန်မှုမှာ ၁၄ ရက် အချိန်ရပါမယ်။ အဲဒီ အချိန်မှာ သွားကြည့်ပြီး မှားနေရင် ပြင်ဆင်မှုတွေ လုပ်ရမယ်။ပြင်ဆင်မှု လုပ်ထားတဲ့ နောက်ဆုံး မဲဆန္ဒရှင် စာရင်း ထုတ်ပြန်မှုအတွက် နောက်ဆုံး ထုတ်ပြန်မှုကို အချိန် ခုနစ်ရက်ပဲ ပေးပါတယ်။ ဒါက မဲဆန္ဒရှင်တွေ အတွက် နောက်ဆုံး အခွင့်အရေး ဖြစ်ပါတယ်။ ဒါကလည်း နည်းပါးလွန်းတဲ့ အချိန် သတ်မှတ်ချက် ဖြစ်ပါတယ်။ဒုတိယ အကြိမ်နဲ့ နောက်ဆုံး ထုတ်ပြန်မှုကို သွားမကြည့်ခဲ့ဘူး၊ ပြင်ဆင်မှု မလုပ်နိုင်ခဲ့ဘူး ဆိုရင် ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ၁၄ ရက်ရော၊ ခုနစ်ရက် နောက်ဆုံးရော အချိန် ကန့်သတ်ချက် နှစ်ခုလုံးက မဲဆန္ဒရှင် ပြည်သူတွေ အတွက် အခက်အခဲ ဖြစ်စေမှာ သေချာပါတယ်။အခုလို အမှားအယွင်း များနေပုံ အရတော့ အခြေခံ မဲစာရင်းကို ရွေးကောက်ပွဲ မလုပ်ခင် နာရီပိုင်းအထိ တောက်လျှောက် ထုတ်ပြန် ပေးထားဖို့ လိုသလို မှားယွင်းလို့ ပြင်ဆင်ချင်သူတွေ အတွက်လည်း အချိန် ကန့်သတ်ချက်မရှိ တံခါး ဖွင့်ပေးထားဖို့ လိုပါတယ်။နောက်တစ်ချက်က ပြင်ဆင်မှု လျှောက်လွှာတွေ အလုံအလောက် ထုတ်ပေးထားဖို့ ဖြစ်ပါတယ်။ဒါကိုလည်း အချို့သော မြို့နယ်၊ ကျေးရွာ အုပ်စုတွေမှာ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ မှားနေတာကို တွေ့တယ်၊ ပြင်ချင်ပေမယ့် ဘယ်လို ပြင်ရမလဲ ဆိုတာ လမ်းညွှန်ပေးသူ မရှိဘူး။ ဒါ့အပြင် တချို့နေရာတွေမှာ ပြင်ဆင်တဲ့ လျှောက်လွှာ အလွယ်တကူ ထုတ်မပေးတာ၊ အလုံအလောက် မရှိတာတွေ ဖြစ်နေတယ်လို့ ဒေသခံတွေ ပြောတာကို မီဒီယာတွေမှာ မကြာခဏ တွေ့နေရပါတယ်။ရန်ကုန်တစ်ခုတည်း အဆင်ပြေအောင် လုပ်ပေးထားရုံနဲ့ တစ်နိုင်ငံလုံး အဆင်ပြေနေတာ မဟုတ်ဘူးဆိုတာ သိဖို့ လိုပါတယ်။ဧပြီ ၈ ရက်က သမ္မတအိမ်တော်၌ ပြုလုပ်သော နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ တိုင်းရင်းသားကိုယ်စားလှယ် ခေါင်းဆောင်များ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ရစဉ် (Photo:AFP)
အခုလည်း မကြာခင်မှာ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ အခြေခံ မဲစာရင်းတွေ ထုတ်ပြန်ပါတော့မယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ဝှိုက်ကတ် ကိုင်ထားသူတွေ ဘယ်လောက် ပါမလဲဆိုတာ သတိထား စောင့်ကြည့်ဖို့ လိုလာပါပြီ။အကယ်၍ ကိုယ်လုပ်ရမယ့် အလုပ်ကို မလုပ်ဘဲ မဆိုင်တာတွေကို ပြောဆို လုပ်ကိုင် နေမယ်ဆိုရင် ဦးတင်အေးရဲ့ ကော်မရှင် ဥက္ကဋ္ဌ ရာထူးအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာမှာပါ။ဘာကြောင့်လဲဆိုရင် ဦးတင်အေးဟာ လက်ရှိ အာဏာရ ပါတီ ပြည်ခိုင်ဖြိုးရဲ့ ပါတီဝင်ဟောင်းတစ်ဦး ဖြစ်နေတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်း ဖြစ်သလို အခု ရာထူးကလည်း ဦးသိန်းစိန်ရဲ့ အမည်စာရင်း တင်သွင်းမှုနဲ့ ရခဲ့သူ ဖြစ်ပါတယ်။ 
■  ကော်မရှင်ဥက္ကဋ္ဌ ရာထူးအတွက် မေးခွန်းထုတ်စရာ  ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဦးတင်အေးဟာ ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ် အဖြစ် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်မှာ ဝင်ပြိုင်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။လွှတ်တော် ကိုယ်စားလှယ် အဖြစ်က နုတ်ထွက်ပြီး တစ်ရက်အကြာမှာ သမ္မတ ဦးသိန်းစိန်က ဦးတင်အေးကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် အမည်စာရင်း တင်ခဲ့ပါတယ်။ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဆိုတဲ့ ရာထူးအတွက် ဒါဟာ အငြင်း ပွားစရာ ဖြစ်သလို သံသယဖြစ်ဖို့လည်း ကောင်းပါတယ်။ ဒါကြောင့်ပဲ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာတုန်းက ဦးတင်အေးကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ရာထူးက နုတ်ထွက်ပေးဖို့ စစ်ကိုင်းတိုင်း မုံရွာမြို့ ဒေသခံတွေ ဆန္ဒပြခဲ့ပါတယ်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကို ခန့်အပ်မယ်ဆိုရင် သူဟာ နိုင်ငံရေးပါတီဝင် မဖြစ်ရဘူး၊ လွှတ်တော် ကိုယ်စားလှယ် မဖြစ်ရဘူး၊ ဒါပေမဲ့ ဦးတင်အေးကို ကော်မရှင်ဥက္ကဋ္ဌ ခန့်ချိန်မှာ သူဟာ ပြည်ခိုင်ဖြိုး ပါတီဝင်ဖြစ်တယ်လို့ ယူဆတဲ့အတွက် သူ့ကို ရာထူးက ဖြုတ်ချပေးဖို့ ဆန္ဒထုတ်ဖော်သူတွေ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ တောင်းဆိုမှုတွေ မဖြစ်ခဲ့ပါဘူး။ 
■  ဥပဒေကို လက်တလုံးခြား လုပ်ခဲ့သလား   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ရွေးချယ်ရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၈ ပြဋ္ဌာန်းချက်တွေ အတိုင်း လုပ်ဆောင်ရပါမယ်။  ဥပဒေ ပုဒ်မ ၃၉၈ ပုဒ်မခွဲ (၅)မှာ “ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်း မရှိသူ ဖြစ်ရမည်”၊ ပုဒ်မခွဲ (၇) မှာ “နိုင်ငံရေး ပါတီဝင် မဟုတ်သူ ဖြစ်ရမည်”၊ ပုဒ်မခွဲ (၈)မှာ “လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူ ဖြစ်ရမည်”၊ ပုဒ်မခွဲ (၉)မှာ “လစာ၊ စရိတ်၊ ငွေကြေးရသော အခြားမည်သည့် ရာထူးကိုမျှ လက်ခံခြင်း မပြုသူ ဖြစ်ရမည်” လို့ ဖော်ပြခဲ့ပါတယ်။ဒီအချက်တွေကို ကြည့်ရင် ဦးတင်အေးကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ခန့်အပ်လိုက်ပုံဟာ ဥပဒေကို လက်တလုံးခြား လုပ်လိုက်သလို ဖြစ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင် ဦးတင်အေးဟာ ကော်မရှင် ဥက္ကဋ္ဌ မဖြစ်ခင် ရက်ပိုင်းမှာတင် နိုင်ငံရေး ပါတီဝင် ဖြစ်နေတယ်၊ လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေတယ်၊ လစာစရိတ် ငွေကြေးတွေကိုလည်း လက်ခံရယူ ထားပါတယ်။ ဒါတွေ အတွက် နုတ်ထွက်လိုက်တယ် ဆိုပေမဲ့ ဒီနုတ်ထွက်မှုမှာ အချိန် တစ်ရက်ပဲ ရှိခဲ့ပါတယ်။  နိုင်ငံရေး ပါတီဝင်၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်တာ အချိန်တစ်ရက် သက်တမ်းသာရှိတဲ့ ဦးတင်အေးကို သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အမည်တင်တယ်။ လွှတ်တော်ကလည်း ရွေးချယ်လိုက်ပါတယ်။နောက်ပြီး ဦးတင်အေးဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ အမာခံ ဖြစ်တဲ့အပြင် သမ္မတ ဦးသိန်းစိန်နဲ့လည်း ရင်းနှီးတဲ့ သူငယ်ချင်း ဆက်ဆံရေး ရှိပါတယ်။တပ်မတော်အစိုးရ လက်ထက်မှာ နံပါတ်ခြောက်အဆင့် ခေါင်းဆောင် တစ်ဦး ဖြစ်သလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးပြီးရင် သူရဦးရွှေမန်း၊ ဦးတင်အောင်မြင့်ဦး၊ ဦးသိန်းစိန်တို့လို သြဇာညောင်းသူ ဖြစ်ပါတယ်။ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးက အနားယူပြီးချိန်မှာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ပေမယ့် ဦးတင်အေးဟာ ပါတီနိုင်ငံရေးသမား ဖြစ်မလာပါဘူး။ ဒါကို သူကိုယ်တိုင် ပြောခဲ့တာ ရှိပါတယ်။၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး ကိုယ်စားပြုအဖြစ် နိုင်ခဲ့ပေမယ့် ပြည်ခိုင်ဖြိုး ဘာဆိုတာ၊ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဘယ်သူဆိုတာ မသိခဲ့ဘူးလို့ ဦးတင်အေးက ဇွန် ၈ ရက် မြန်မာတိုင်းမ် အင်တာဗျူးမှာ ဖြေပါတယ်။“တိုင်းပြည်ရဲ့ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ကာကွယ်ရေး ဘာအမြင်ပဲ ယှဉ်ယှဉ် ကျွန်တော် ယှဉ်ရဲတယ်။ ဗိုလ်ချုပ်ကြီး တစ်ယောက် ဖြစ်ခဲ့လို့။ ကြံ့ခိုင်ရေး ပါတီဝင်လို့ ပြောတာ ရှိသေးတယ်။ တော်တော် ရယ်ချင်တယ်။ ဟိုတုန်းကလည်း ကြံ့ခိုင်ရေး အသင်းအကြောင်း ကျွန်တော် ဘာမှကို သိတာ မဟုတ်ဘူး။ ဥက္ကဋ္ဌ ဘယ်သူဆိုတာ မသိဘူး။ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရမယ်ဆိုတော့ သြဂုတ်လမှာ ပါတီဝင် ဖြစ်သွားတာ။ ပြောကြေးဆိုရင် ပါတီသက်တမ်းက ခုနစ်လပဲ ရှိသေးတယ်။ စစ်ဗိုလ်ချုပ် သက်တမ်းကတော့ ၄၇ နှစ် လုပ်ခဲ့တာ” လို့ ဦးတင်အေးက မြန်မာတိုင်းမ်ကို ပြောပါတယ်။ဦးတင်အေးဟာ ပြည်ခိုင်ဖြိုး အသင်းအကြောင်း မသိဘဲနဲ့ ပြည်ခိုင်ဖြိုး ပါတီဝင် ဖြစ်ခဲ့တယ်။ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။ လူကြီးတွေက ခိုင်းလို့ လုပ်ခဲ့တယ် ဆိုတဲ့ သဘောပါပဲ။အခုလည်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဆိုတာ ဘာလဲမသိဘဲနဲ့ ဥက္ကဋ္ဌ ဖြစ်နေသလားလို့ မေးစရာ ဖြစ်လာပါတယ်။ လူကြီးတွေက ခိုင်းလို့ လုပ်တယ် ဆိုတဲ့ သဘောမျိုးပဲ ပြန်ဖြေရင်တော့ ဒါဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အလွန် အတွက် ဘာမှ မသေချာပါဘူး။ သူရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုတာ စိတ်ချရတဲ့ အနေအထား မရှိနိုင်တော့ပါဘူး။ 
■  ဥပဒေနဲ့အညီ ဆိုသော်လည်း   ဦးတင်အေး အခုပြောနေတဲ့ စကားတွေဟာ လက်လွတ် စပယ် နိုင်ပါတယ်။ဒီအတွက် ဥပဒေဘောင်ထဲက လုပ်တယ်လို့ သူ့မှာ ပြောပိုင်ခွင့် ရှိပါတယ်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖြစ်စေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ ဖြစ်စေ ရွေးကောက်ပွဲ ကော်မရှင်ဟာ နိုင်ငံရေး ပါတီတွေကို ထိန်းကျောင်း ပိုင်ခွင့် ရှိပါတယ်။ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်နှင့် လုပ်ပိုင်ခွင့်ထဲမှာလည်း “နိုင်ငံရေး ပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်း၊ ကြီးကြပ်စေခြင်းနှင့် လမ်းညွှန်ခြင်း” ဆိုတဲ့ အချက် ပါဝင်ပါတယ်။ဒါပေမဲ့ ဝေဖန်တိုက်ခိုက် ပြစ်တင်အရေးယူခြင်း ဆိုတာ မပါဝင်ပါဘူး။ ပြည်ခိုင်ဖြိုး ပါတီဆိုရင် တစ်မျိုး၊ NLD နဲ့ အခြားပါတီဆိုရင် တစ်မျိုး ဆိုပြီးလည်း လုပ်လို့မရပါဘူး။ဒီအတွက် အများကြီး ကြည့်စရာ မလိုပါဘူး။ဇွန် ၃ ရက်က ပေးပို့တဲ့ NLD အိတ်ဖွင့် ပေးစာမှာ ပြည်ခိုင်ဖြိုးနဲ့ ပတ်သက်ပြီး အချက်တစ်ခု ပါဝင်ပါတယ်။ အချို့သော တိုင်းနဲ့ပြည်နယ် မြို့နယ်၊ ကျေးရွာတွေမှာ ပြည်ခိုင်ဖြိုးရွာ၊ ပြည်ခိုင်ဖြိုးမြို့ဆိုပြီး ဆိုင်းဘုတ် တင်ထားတာတွေ ရှိနေတယ်။ ဒါကို ရွေးကောက်ပွဲ ကော်မရှင် ကြီးကြပ် ပေးသင့်တယ်လို့ NLD က တိုက်တွန်းပါတယ်။ဒါပေမဲ့ ဦးတင်အေးက အဲဒီကိစ္စက သူနဲ့ မဆိုင်ဘူးဆိုပြီး တုံ့ပြန်ပါတယ်။ ဒီအတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေလ မွန်ပြည်နယ် ခရီးစဉ်မှာ ပြည်ခိုင်ဖြိုး ပါတီဝင် အချို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက် စေနိုင်ဖို့ ရည်ရွယ်ပြီး မမှန်မကန်တဲ့ နည်းလမ်းတွေနဲ့ ဓာတ်ပုံ ပြုပြင် ဖြန့်ဝေခြင်းတွေ ရှိခဲ့ပါတယ်။ ဒါဟာ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆ ပုဒ်မ ငယ် (ဂ) ကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်တယ်ဆိုပြီး NLD ရဲ့ အိတ်ဖွင့် ပေးစာမှာ ဖော်ပြခဲ့ပါတယ်။ဒီအတွက်လည်း ဦးတင်အေးဘက်က တာဝန်ခံမှုရှိပြီး ရေရာတဲ့ ဆုံးဖြတ်ချက် မထွက်ခဲ့ပါဘူး။ 
■  နာယကဂုဏ်နဲ့ လျော်ညီပါရဲ့လား   ကိုယ်လုပ်စရာ ရှိတာကို မလုပ်ဘဲ မဆိုင်တာတွေကို လုပ်နေတဲ့ ဦးတင်အေးဟာ နာယကဂုဏ်နဲ့ လျော်ညီရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ဦးတင်အေးဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ အကြီးအမှူး ဖြစ်ပါတယ်။ အကြီးအမှူး ဖြစ်တယ်ဆိုရင် နာယကဂုဏ် ခြောက်ပါးနဲ့ လျော်ညီရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဖြစ်တဲ့ အတွက်ကြောင့်လည်း ဘယ်သူ့ကိုမှ ဘက်မလိုက်ဘဲ သမာသမတ် ရှိစွာနဲ့ ကြားနေရမှာ ဖြစ်ပါတယ်။နာယကဂုဏ် ခြောက်ပါးဆိုတာက ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု ဖြစ်ပါတယ်။ ပါဠိလိုဆိုရင် ခမာဂုဏ်၊ ဇာဂရိယဂုဏ်၊ ဥဠာနဂုဏ်၊ သံဝိဘာဂဂုဏ်၊ ဒယာဂုဏ်၊ ဣက္ခဏဂုဏ် စတဲ့ ဂုဏ်ခြောက်ပါး ဖြစ်ပါတယ်။မီးမပွားလောက်တဲ့ အမှုတို့မှာ ပမာဏ မပြုဘဲ သည်းခံရမယ်၊ သွားခြင်း၊ နေခြင်း၊ အိပ်ခြင်း၊ စားခြင်း၊ ဝတ်ခြင်းတို့မှာ သတိပညာ ထပ်ချပ် ပါရမယ်၊ ခပ်သိမ်းသော အခွင့်တို့မှာ ငယ်သူ ငယ်သားတွေထက် နှစ်ဆ သုံးဆပိုတဲ့ လုံ့လထုတ်မှု ရှိရမယ်၊ အလိုက် အထိုက် ချင့်ချိန်ပြီး ဝေဖန်ထုံးဖွဲ့ရမယ် (တစ်ဖက်စောင်းနင်း ဝေဖန်တိုက်ခိုက်တာမျိုး မဟုတ်ပါဘူး)၊ ငယ်သူငယ်သားတွေကို မိမိကဲ့သို့ သနား ချစ်ခင်ရမယ်၊ အလုံးစုံသော ကိစ္စရပ်တွေကို တွေးခေါ်မြော်မြင် ဆင်ခြင် နိုင်စွမ်း ရှိရမယ်။ ဒါက နာယကဂုဏ် ခြောက်ပါးရဲ့ စွမ်းရည်တွေပဲ ဖြစ်ပါတယ်။နာယကဂုဏ် ခြောက်ပါးရဲ့ ဆန့်ကျင်ဘက်မှာ အနာယကဂုဏ် ခြောက်ပါးဆိုတာ ရှိပါတယ်။အနာယကဂုဏ် ခြောက်ပါးက ကဏန်း၊ ပုတ်သင်၊ ဝါးပင်၊ လိပ်မျိုး၊ နွားသိုး၊ ခွေးအတို့ ဖြစ်ပါတယ်။ကဏန်းလိုပဲ လက်မ တထောင်ထောင် ဖြစ်နေမယ်၊ ပုတ်သင်လို ပြောသမျှ ခေါင်းညိတ်နေမယ်၊ ဝါးပင်လို လေသင့်ရာ ယိမ်းနေမယ်၊ လိပ်မျိုးလိုပဲ ကိုယ့်ဘက်ကိုယ် ယက်နေမယ်၊ နွားသိုးလို စဉ်းစား ချင့်ချိန်မှု မရှိဘဲ ရှုးရှုးဒိုင်းဒိုင်း လုပ်နေမယ်၊ ခွေးအလို ကောက်ကျစ် စဉ်းလဲမယ် ဆိုရင် အနာယကဂုဏ် ဖြစ်စေပါတယ်။ဦးတင်အေးဟာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဖြစ်တာနဲ့အညီ နာယကဂုဏ် ခြောက်ပါးနဲ့ လျော်ညီသလား၊ အနာယကဂုဏ် ခြောက်ပါးလို ဖြစ်နေသလား ဆိုတာ မေးခွန်းထုတ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။အနာယကဂုဏ် မြောက်နေပြီ ဆိုရင်တော့ အကျင့်သိက္ခာ ပျက်ပြားတယ်လို့ပဲ သတ်မှတ် ရတော့မှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ စွပ်စွဲပြစ်တင်လို့ ရပါပြီ။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါရှိတဲ့ ‘ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ခြင်း’ အပိုင်း ပုဒ်မ ၄၀၀၊ ပုဒ်မခွဲ (၃)အရ အကျင့်သိက္ခာ ပျက်ပြားတယ်ဆိုရင် အဲဒီသူကို စွပ်စွဲ ပြစ်တင်ပြီး ရာထူးက ဖြုတ်ချလို့ ရပါတယ်။အခုချိန်ဟာ ဦးတင်အေး အတွက် အဆုံးအဖြတ်ပါပဲ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲလုပ်ဖို့ အချိန် လေးလကျော်ပဲ လိုပါတော့တယ်။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ဘဲ ယုံမှား သံသယ ဖြစ်စရာတွေ ဆက်လုပ်နေမယ် ဆိုရင် တိုင်းပြည် အတွက်လည်း မကောင်းနိုင်ပါဘူး။ဘက်မလိုက်၊ ကြားနေ၊ မျှတတဲ့ ဆုံးဖြတ်ချက်၊ နာယကဂုဏ် ခြောက်ပါးနဲ့ အညီ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတာဝန် ဆက်ယူမလား၊ ဒါတွေနဲ့ ဆန့်ကျင်ဘက် အနာယကဂုဏ် ခြောက်ပါး ဆန်ဆန် ဆက်လုပ်နေမလား ဆိုတာ ဦးတင်အေး ကိုယ်တိုင် ဆုံးဖြတ်ရပါလိမ့်မယ်။ 

Most Read

Most Recent