တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်မထိုးမီ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စ အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမည်ဟု PNLO ဥက္ကဋ္ဌ ပြောကြား

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်မထိုးမီ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စ အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမည်ဟု PNLO ဥက္ကဋ္ဌ ပြောကြား
Published 10 June 2015
အောင်ဇော်ထွန်း

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်မရေးထိုးမီ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စကို အစိုးရနှင့် ညှိနှိုင်းသွားမည်ဟု ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။ယင်းသို့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စကို ညှိနှိုင်းရန်လိုအပ်ခြင်းမှာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်မရေးထိုးမီ ရှိသင့်ရှိထိုက်သည့် အခြေအနေတစ်ခုကို ဖန်တီးရန်အတွက် ဖြစ်သည်ဟု ဇွန် ၂ ရက်မှ ၉ ရက်ထိ ရှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိပ်သီးညီလာခံမှ ဖွဲ့စည်းပေးလိုက်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ အဖွဲ့ဝင်လည်းဖြစ်သူ ဦးခွန်မြင့်ထွန်းက ဆိုသည်။ဦးခွန်မြင့်ထွန်းက “တစ်ပြည်လုံး အပစ်ရပ်စဲရေးနဲ့ ပတ်သက်ရင် CCT စပြီး ဖွဲ့စည်းစဉ်တုန်းက ပေးတဲ့အခြေအနေနဲ့ အခု အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကို တာဝန်ပေးတဲ့ အချိန်မှာရှိတဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ကွာပါတယ်။ အခု သွားဆွေးနွေးတဲ့အခါ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ရဲ့ တာဝန်က နှစ်ဖက်သဘောတူစာချုပ်ကို ပြီးမြောက်အောင်မြင်တဲ့အထိ တာဝန်ယူပြီးတော့ ဆောင်ရွက်ရမယ့်တာဝန် ဖြစ်ပါတယ်။ နောက်တစ်ခုက အစိုးရဘက်က ဘယ်လိုဆန္ဒသဘောထားမျိုး ရှိစေကာမူ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ ကျွန်တော်တို့ရဲ့ NCCT မှာရှိတဲ့ ၁၆ ဖွဲ့လုံး ပါဝင်ရေးဆိုတာ ဒီအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ရဲ့ တာဝန်တစ်ရပ် ဖြစ်ပါတယ်။ နောက်တစ်ခါ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးတဲ့အခါ ရှိသင့်ရှိထိုက်တဲ့ အခြေအနေ ပတ်ဝန်းကျင်တွေ ဒါကိုလည်း အစိုးရနဲ့ ပြန်လည်ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဥပမာ လက်မှတ်မရေးထိုးခင်မှာ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေထဲက ဖမ်းဆီးခံထားရတဲ့ အဖွဲ့ဝင်တွေ ပြီးတော့ ဆက်စပ်ပြီး အဖမ်းခံထားရတဲ့သူတွေ အဲဒီလူတွေ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးဆိုတဲ့ အချက်အလက်တွေကလည်း ဆွေးနွေးရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အဖွဲ့ဝင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသား အများစုကို အစိုးရမှ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းပြီး စိစစ်ကာ လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့သည်။သို့ရာတွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေဆဲဖြစ်ကြောင်းနှင့် ယင်းကျန်နေသူများထဲတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှင့် ပတ်သက်သူများလည်း ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း အဖွဲ့အစည်းများက ထုတ်ဖော်ပြောဆိုထားသည်။၂၀၁၅ ဧပြီလကုန်အထိ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား ၁၅၇ ဦး ဆက်လက်ထိန်းသိမ်းခံနေရပြီး တက်ကြွလှုပ်ရှားသူ ၄၅၀ ကျော် တရားရင်ဆိုင်နေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေ ၁၃ ရက်က ထုတ်ပြန်သည့် ၂၀၁၅ ဧပြီလ နိုင်ငံရေးဖြစ်စဉ်များအပေါ် သုံးသပ်တင်ပြချက် အစီရင်ခံစာ၌ ဖော်ပြထားသည်။ဧပြီလကုန်တွင် နိုင်ငံရေးအကျဉ်းသား ၁၅၇ ဦး မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း ဆက်လက်ထိန်းသိမ်းခံနေရပြီး နိုင်ငံရေးလှုပ်ရှားမှုများကြောင့် တက်ကြွလှုပ်ရှားသူ ၄၅၃ ဦးတို့ တရားရင်ဆိုင်နေရကြောင်းနှင့် အစိုးရအပေါ် နိုင်ငံသားတို့၏ ဝေဖန်မှုများကို တိတ်ဆိတ်သွားစေပြီး အစိုးရအား ဆန့်ကျင်သူများကို တရားစွဲထောင်ချခြင်းဖြင့် ထိုသူတို့၏ အခြေခံလူ့အခွင့်အရေးများ လုပ်ဆောင်နိုင်ရန်လည်း ဆက်လက်တားမြစ်ထားဆဲဖြစ်ကြောင်း AAPP က သုံးသပ်ထားသည်။ထို့ပြင် ဧပြီလအတွင်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ စုစုပေါင်း ၆၂ ဦး တရားစွဲဆိုခံခဲ့ရပြီး ၎င်းတို့အထဲမှ ငါးဦးဖမ်းဆီးခံခဲ့ရကြောင်းနှင့် တက်ကြွလှုပ်ရှားသူ ၁၆ ဦး ထောင်ဒဏ်များ ချမှတ်ခံရကာ၊ ခုနစ်ဦး အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်ခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။ဖမ်းဆီးထိန်းသိမ်းခံနေရသူများထဲတွင် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး လှုပ်ရှားသူ ကျောင်းသား ၇၀ ပါဝင်ကြောင်းလည်း ဖော်ပြထားသည်။ထို့ပြင် အချို့သော နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေး အခြေအနေသည်လည်း စိုးရိမ်နေရသည်ဟု သိရကြောင်း AAPP က ထည့်သွင်းထုတ်ပြန်ထားသည်။အဆိုပါ လက်ရှိအကျဉ်းထောင်အတွင်းရှိသော နိုင်ငံရေးအကျဉ်းသားများနှင့် အမှုရင်ဆိုင်နေရသူများ စာရင်းကို ၂၀၁၄ သြဂုတ်လအတွင်းက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအကျဉ်းသားဆိုင်ရာ အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ်တွင် အခြေခံ၍ ပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။အစိုးရမဟုတ်သည့် နိုင်ငံရေးအကျဉ်းသားများဆိုင်ရာ အဖွဲ့အစည်းများက မည်သူမဆို၊ မည်သည့်အကြောင်းကြောင့် ဖြစ်စေ၊ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအားလုံး ပါဝင်သည့် နိုင်ငံသား အခွင့်အရေးတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ပါဝင်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်းတို့ကြောင့် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ၊ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခံရသူများကို လည်းကောင်း နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ဟု အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ထားသည်။ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေ၊ ဖွဲ့စည်းပေါ်ပေါက်လာသော မဏ္ဍိုင်သုံးရပ်နှင့် လုပ်ငန်းအဖွဲ့များ သို့မဟုတ် ပြည်ထောင်စုအဖွဲ့ဝင် လုပ်ငန်းအဖွဲ့များ၏ ရပ်တည်ချက်၊ ဆောင်ရွက်ချက်များအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် တစ်ဦးချင်း ဖြစ်စေ၊ စုပေါင်း၍ ဖြစ်စေ၊ ကန့်ကွက်ခြင်း၊ ဟောပြောခြင်း၊ ရေးသားပုံနှိပ် ထုတ်ဝေဖြန့်ချိခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း၊ မကျေနပ်ကြောင်း၊ ကန့်ကွက်ကြောင်းကို အခြားပုံသဏ္ဌာန် တစ်ခုခုဖြင့် လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်း စသည်တို့ကြောင့် ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တရားမကြောင်းအရ ဖြစ်စေ၊ ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူများကိုလည်း နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း သိရသည်။

Most Read

Most Recent