မြန်မာသံတော်ဆင့် ၁၆ ကြိမ်မြောက်ရုံးချိန်းတွင် နိုင်ငံတော်သမ္မတအား ဝေဖန်ပြောဆိုခဲ့သည့် ဦးမျိုးရန်နောင်သိန်းအား သက်သေအဖြစ် စစ်ဆေး

မြန်မာသံတော်ဆင့် ၁၆ ကြိမ်မြောက်ရုံးချိန်းတွင် နိုင်ငံတော်သမ္မတအား ဝေဖန်ပြောဆိုခဲ့သည့် ဦးမျိုးရန်နောင်သိန်းအား သက်သေအဖြစ် စစ်ဆေး
Published 10 June 2015
နေရိုင်း၊ဇေယျာထွန်း

မြန်မာသံတော်ဆင့် ၁၆ ကြိမ်မြောက်ရုံးချိန်းတွင် နိုင်ငံတော်သမ္မတအား ဝေဖန်ပြောဆိုခဲ့သည့် ဦးမျိုးရန်နောင်သိန်းအား စွပ်စွဲခံရသူဘက်မှ သက်သေအဖြစ် ဇွန် ၉ ရက်က နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း သိရ  သည်။
 
၂၀၁၄ ခုနှစ် သြဂုတ် ၉ ရက် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ(၃) အမှတ် ၁၂ စာ မျက်နှာ ၃၁ တွင် မြန်မာသံတော်ဆင့်ဂျာနယ် မှ ဦးမျိုးရန်နောင်သိန်းနှင့် အင်တာဗျူးတွင် နိုင်ငံတော်သမ္မတအား ဝေဖန်ရေးသားခဲ့သည့် အတွက် မြန်မာသံတော်ဆင့်ဂျာနယ်ထုတ်ဝေသူမှ ဖြန့်ချိရေးအထိ ၁၁ ဦးအား သမ္မတ၏ ဂုဏ်သိက္ခာထိခိုက်စေသည်ဟုဆိုကာ အမှုအမှတ် ၇၈၅/၂၀၁၄ သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ)ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး (ရုံးအဖွဲ့မှူး) ဦးမြင့်ထွေးက တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ကြောင်း သိရသည်။
 
အဆိုပါတရားစွဲဆိုခဲ့သည့်အတွက် ၁၆ ကြိမ်မြောက်ရုံးချိန်းတွင် ဦးမျိုးရန်နောင်သိန်း က စွပ်စွဲခံရသူဘက်မှ သက်သေအဖြစ် လာရောက်ထွက်ဆိုရာတွင် “သံတော်ဆင့်နဲ့ အင်တာဗျူးကိစ္စမှာ သမ္မတကိုဝေဖန်တဲ့ဟာကို ပြောတာပေါ့။ ဦးသိန်းစိန်ကို မြန်မာနိုင်ငံအပြောင်းအလဲကို ဦးဆောင်လုပ်ပေးနိုင်မယ့် သမ္မတလို့ယုံကြည်ခဲ့တယ်။ တကယ်လက်တွေ့မှာ ဖြစ်မလာတဲ့အတွက် စိတ်ပျက်ခဲ့တယ်။ နိုင်ငံအတွက် ရေရှည်ဖွံ့ဖြိုးစေနိုင်တဲ့ စီမံကိန်းတွေချမှတ်ခဲ့ခြင်းမျိုး မရှိဘဲနဲ့ လူကြိုက်များတယ်ဆိုတဲ့ဟာမျိုးပဲ ချမှတ်ခဲ့တယ်။ အဲဒါကြောင့် ပြင်းပြင်းထန်ထန် မြန်မာ့နိုင်ငံရေးအခြေအနေကို သုံးသပ်ပြောဆိုတဲ့အခါမှာ အခုလို အင်တာဗျူးမှာ ပြောကြားခဲ့တယ် လို့ဖြေခဲ့တာ။ အခုလိုပြောကြားရခြင်း အကြောင်းရင်းကလည်း ပြည်သူတွေအနေနဲ့ အဖြစ်မှန်ကို အဖြစ်မှန်အတိုင်းသိဖို့လိုတယ်။ ရှင်းလင်းပြတ်သားစွာပြောဖို့လိုတယ် လို့ ကျွန်တော်ထွက်ဆိုခဲ့ပါတယ်”ဟု ပြောကြားသည်။
 
ထို့အပြင် နိုင်ငံတော်သမ္မတကိုဖြစ်စေ၊ အခြားလက်တွေ့လုပ်ဆောင်နေသည့် အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်၏ ပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ ဝေဖန်စရာရှိပါက ဝေဖန်သလို ချီးမွမ်းသင့်သည်ဟုထင်သည့် ကိစ္စရပ်များကို လည်း ချီးမွမ်းကြောင်း၊ နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရအဖွဲ့အစည်းတစ်ခုလုံးမှာ ပြည်သူ၏ လစာငွေကိုခံစားနေသည့်အတွက် ပြည်သူ့အတွက်အလုပ်အကျွေးပြုရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသတင်းဌာနတစ်ခုနှင့်အင်တာဗျူးအစီအစဉ်တွင် နောက်ထပ် သမ္မတသက်တမ်းအတွက် ပြည်သူမှလိုလားပါက သမ္မတဆက်လုပ်မည်ဟု ပြောဆိုခဲ့သည့်အတွက် နိုင်ငံတော်သမ္မတမှာ ယခင် စစ်ဗိုလ်ချုပ်ဟောင်းများလို အာဏာဖက်တွယ်ထားသည့် လူလို့မြင်သည့်အတွက် ယခုလိုဝေဖန်ရခြင်း ဖြစ်ကြောင်း ဦးမျိုးရန်နောင်သိန်းက တရားရုံးတွင် ထွက်ဆိုခဲ့သည်။
 
မြန်မာသံတော်ဆင့် ၁၆ ကြိမ်မြောက် ရုံးချိန်းတွင် တရားခံပြသက်သေအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သော ဦးမျိုးရန်နောင်သိန်းအား နံနက် ၁၁ နာရီမှ မွန်းလွဲ ၁၂ နာရီခွဲအထိ စစ်ဆေးခဲ့ကြောင်း သိရသည်။
 
တရားလွှတ်တော်ရှေ့နေ ဦးဇော်လင်းက ]] ဒီအမှုက ဦးမျိုးရန်နောင်သိန်းနဲ့ ပတ်သက် ပြီးဖြစ်တာ။ သူ့ အင်တာဗျူးထည့်လို့ဖြစ်တာ။အင်တာဗျူးမှာ သူပြောခဲ့တဲ့ စကားတွေကအပိုအလို မရှိဘူး။ သူပြောတဲ့အတိုင်း ထည့်ထားတယ်လို့ပြောတယ်။ အဲဒီစကားတွေ ဘာကြောင့်ပြောရတဲ့အကြောင်း  ပြောတယ်။ သူ့ရဲ့ သဘောထားက နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အစိုးရအဖွဲ့ကို လူပုဂ္ဂိုလ်အရ တိုက်ခိုက်တာမဟုတ်ဘူး။ ပြည်သူက အမှန်အတိုင်းမြင်စေချင်တဲ့သဘောထားနဲ့ပြောတာ။သမ္မတအနေနဲ့ ဒီသက်တမ်းပဲလုပ်တော့မယ်လို့ပြော ပြီး နိုင်ငံခြားသတင်းဌာနနဲ့ အင်တာဗျူးတဲ့အချိန်မှာ ပြည်သူက လိုလားရင် ဆက်လုပ်မယ်လို့ပြောတော့ ရှေ့နောက်မညီဘူးဆိုတဲ့ အကြောင်းအတွက် ဝေဖန်တယ်လို့ ထွက်ဆိုခဲ့တယ်” ဟုပြောကြားသည်။
 
မြန်မာသံတော်ဆင့်ဂျာနယ် ထုတ်ဝေသူမှ ဂျာနယ်ဖြန့်ချိရေးအထိ ၁၁ ဦးအား ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး ၁၇ ကြိမ်မြောက်ရုံးချိန်းအား ဇွန် လ ၂၃ ရက်တွင်ချိန်းဆိုခဲ့ပြီး  ဒေါက်တာ ဒေါ်ညိုညိုသင်းအား သက်သေအဖြစ် ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
 
 

Most Read

Most Recent