ပန်ဆန်းထိပ်သီးခေါင်းဆောင်များ အစည်းအဝေး၏ ရည်မှန်းချက်နှင့် ပတ်သက်၍ ကွဲလွဲစွာရေးသားမှုကို တရားစွဲရန်ရှိဟု “ဝ” အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပန်ဆန်းထိပ်သီးခေါင်းဆောင်များ အစည်းအဝေး၏ ရည်မှန်းချက်နှင့် ပတ်သက်၍ ကွဲလွဲစွာရေးသားမှုကို တရားစွဲရန်ရှိဟု “ဝ” အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 25 May 2015
အောင်ဇော်ထွန်း

ပြီးခဲ့သည့် မေ ၁ ရက်မှ ၆ ရက်အထိ ရှမ်းပြည်နယ် ‘ဝ’ ဒေသ ပန်ဆန်းမြို့၌ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSP/UWSA) က ကြီးမှူးကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၂)ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ရည်မှန်းချက်နှင့် ပတ်သက်ပြီး ကွဲလွဲစွာရေးသားမှုကို တရားစွဲရန်ရှိသည်ဟု UWSP/UWSA ဗဟိုရုံးအတွင်းရေးမှူး ဦးအောင်မြင့်က မေ ၂၄ ရက်က ပြောကြားသည်။ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ‘ဝ’ အဖွဲ့၏ သဘောထားကို ပြောကြားရန် မေးမြန်းရာတွင် ဦးအောင်မြင့်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ဦးအောင်မြင့်က ‘‘ကျွန်တော်တို့က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ တစ်လျှောက်လုံး မားမားမတ်မတ် ခိုင်ခိုင်မာမာ စွဲကိုင်ပြီးတော့ ရပ်တည်လာတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ကျွန်တော်တို့ ပန်ဆန်းအစည်းအဝေး ပြီးတဲ့နောက်မှာ ပြည်တွင်းသတင်းတွေမှာ တော်တော်ကို ရှုပ်ထွေးပြီးတော့ ‘ဝ’ ရဲ့ ပန်ဆန်းအစည်းအဝေးရဲ့ ရည်ရွယ်ချက် ရည်မှန်းချက်တွေကို သူ့အမြင်နဲ့သူ ဘာတွေညာတွေ အကုန်လုံး မဟုတ်တာတွေ လျှောက်ရေးတာတွေ သတင်းလွှင့်တာတွေ ရှိပါတယ်။ ပန်ဆန်းအစည်းအဝေးက ဘိန်းကိစ္စ၊ မူးယစ်ကိစ္စ ဘာညာနဲ့ ဒါတွေက အလကားလျှောက်ပြီးတော့ရေးတဲ့ ကိစ္စတွေ ဖြစ်တယ်။ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံး ဒီမှာရှိနေကြတယ်။ အားလုံးက နိုင်ငံရေးကိစ္စ ဆွေးနွေးနေကြတာ ဖြစ်တယ်။ ငြိမ်းချမ်းရေးကိစ္စ အပစ်အခတ်ရပ်စဲရေးကိစ္စ ဆွေးနွေးနေကြတာ ဖြစ်တယ်။ ဒါပေမဲ့ အခုဖြစ်နေတဲ့ ကိစ္စက တစ်ဖက်ကနေပြီးတော့ ရန်စနေတဲ့ သဘောမျိုးလည်း တွေ့ရတယ်။ ဒီကိစ္စကိုတော့ ကျွန်တော်တို့ ‘ဝ’ အဖွဲ့အစည်းအနေနဲ့ ဒီလိုရေးသားတဲ့ .... ဆိုတဲ့ ကလောင်ရှင်ပေါ့ဗျာ တရားစွဲဖို့ လူကြီးတွေရဲ့ ပြောဆိုမှုကရှိနေ၊ ထွက်နေပါတယ်။ ပြောရဲရင် အထောက်အထား ရှိရမယ်။ မဟုတ်တာတွေ လျှောက်ပြောရင် တာဝန်ယူရမယ်’’ ဟု ဆိုသည်။‘ဝ’ လက်နက်ကိုင်အဖွဲ့ အနေဖြင့် ‘ဝ’ ဒေသတွင် နှစ်ပေါင်းတစ်ရာ့နှစ်ဆယ်ကျော် စိုက်ပျိုးခဲ့သည့် ဘိန်းစိုက်ပျိုးမှုပပျောက်ရေး ဆောင်ရွက်လာခဲ့သည်မှာ ၁၀ နှစ်ကျော် ရှိပြီဖြစ်ကြောင်း ဦးအောင်မြင့်က ဆိုသည်။‘‘ကျွန်တော်တို့ မူးယစ်ဆေးဝါးစိုက်ပျိုးမှု ပပျောက်ရေး ‘ဝ’ ဒေသမှာ လာမယ့်လ ၂၆ ရက်မှာဆိုရင် ၁၀ နှစ်တင်းတင်းတောင် ရှိပြီ။ ၁၀ နှစ်ပြည့် အခမ်းအနားလေးတစ်ခု လုပ်ဖို့ရှိတယ်။ ‘ဝ’ ဒေသ တစ်ခုလုံးရဲ့ အခမ်းအနားပေါ့’’ ဟု ပြောကြားသည်။ပန်ဆန်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးအစည်းအဝေး စတင်ကျင်းပသည့် မေ ၁ ရက် မွန်းလွဲပိုင်းတွင်လည်း အစည်းအဝေးကျင်းပရာ နေရာအနီးတွင် လူပုဂ္ဂိုလ်အချို့မှ ‘‘တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့ညီနောင်များ အားလုံးသွေးစည်းကြပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အကြံအစည်ကို ရိုက်ချိုးကြ’’ ဆိုသည့် စာသားပါဝင်သော ပိုစတာကပ် ဆန္ဒပြသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ယင်းသို့ စာတန်းကပ်ထားမှုကို ‘‘ဝ’’ အဖွဲ့တာဝန်ရှိသူများက မေ ၂ ရက်တွင် သိရှိခဲ့ပြီး ယင်းသို့ စာသားကပ်ထားမှုသည် ညီလာခံ၏ ရည်မှန်းချက်နှင့် ဆန့်ကျင်သည်ဟု ‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေးပါတီ ဒုတိယအတွင်းရေးမှူးချုပ် ဦးရှောက်မင်လျှံက သတင်းစာရှင်းလင်းမှု ပြုလုပ်ခဲ့သည်။ယင်းသို့ ပိုစတာကပ်မှုနှင့် ပတ်သက်ပြီး ဦးရှောက်မင်လျှံက ‘‘ပိုစတာမှာ ဘာရေးထားလဲဆိုတော့ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့ညီနောင်များ အားလုံးသွေးစည်းကြပြီးတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကြံအစည်ကို ရိုက်ချိုးကြဆိုတဲ့ ပိုစတာကြီးတစ်ခု တွေ့ရတယ်။ ဒီဟာက တရုတ်ဘက်က ပုဂ္ဂိုလ်ချင်းတစ်ယောက်ရဲ့ လာပြီးတော့ ကပ်သွားတဲ့ ပိုစတာတစ်ခု ဖြစ်ပါတယ်။ သူဒီလိုလုပ်ခြင်းဟာ ဆိုလို့ရှိရင် ဒီအစည်းအဝေးရဲ့ မျှော်မှန်းချက် ဦးတည်ချက်ကို စော်ကားပြီးတော့ ဖျက်ဆီးဖို့ကြံစည်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လုံခြုံရေးရဲတပ်ဖွဲ့ကို တာဝန်ပေးပြီးတော့ ဒီလူတွေကို အားလုံးဖမ်းဆီး အရေးယူထားလိုက်ပါပြီ’’ ဟု ရှင်းလင်းခဲ့သည်။ထို့ပြင် ‘‘ကျွန်တော်တို့ ဒီအစည်းအဝေးဟာ ဆိုလို့ရှိရင် စည်းလုံးညီညွတ်မှု ခင်မင်ရင်းနှီးမှုကို ဦးတည်ကြိုးစားတဲ့ အစည်းအဝေး ဖြစ်ပါတယ်။ သူတို့ ဒီပိုစတာဟာ ဆိုလို့ရှိရင် ပိုစတာမှာရေးသားတဲ့ စိတ်ဓာတ်ဟာ ဆိုလို့ရှိရင် ကျွန်တော်တို့ အစည်းအဝေး မျှော်မှန်းချက်ကို လုံးလုံးကြီး ဆန့်ကျင်ခဲ့တဲ့အတွက် ကျွန်တော်တို့ဟာ သူတို့ကို အရေးယူဖမ်းဆီးထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ မီဒီယာအဖွဲ့အစည်းများ အားလုံးဟာ ဒီအစည်းအဝေးရဲ့ အဓိကဦးတည်ချက်နဲ့ ကျွန်တော်တို့ အခြေအနေကို မှန်မှန်ကန်ကန်နဲ့ တင်ပြဆွေးနွေးဖို့ မေတ္တာရပ်ခံပါတယ်။ ခင်ဗျားတို့ရဲ့ ကင်မရာနဲ့ ကလောင်နဲ့ တိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ အားလုံးစည်းစည်းလုံးလုံးနဲ့ ပြည်တွင်းပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ရေးသားသတင်းပို့ဖို့ မေတ္တာရပ်ခံပါတယ်။ ခင်ဗျားတို့ မီဒီယာများဟာ ဒီဦးတည်ချက်နဲ့ ဆန့်ကျင်ပြီးတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တိုင်းပြည်အေးချမ်းရေးကို ဆန့်ကျင်ပြီးတော့ ရေးသားခြင်းကို လက်မခံပါ’’ ဟု ၎င်းက ဆက်လက်ရှင်းလင်း ပြောကြားခဲ့သည်။

Most Read

Most Recent