လော်ခီးလာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးသို့ “ဝ” အဖွဲ့ မတက်

လော်ခီးလာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးသို့ “ဝ” အဖွဲ့ မတက်
Published 24 May 2015
အောင်ဇော်ထွန်း

ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့၏ လော်ခီးလာဒေသတွင် ဇွန် ၂ ရက်မှ ၆ ရက်ထိပြုလုပ်ရန် သတ်မှတ်ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးသို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့(UWSP/UWSA) မတက်တော့ဟု ဆုံးဖြတ်ထားကြောင်း UWSP/UWSA  ဗဟိုရုံးအတွင်းရေးမှူး ဦးအောင်မြင့်က မေ ၂၃ ရက်တွင် အတည်ပြု ပြောကြားသည်။
 
ထို့ပြင် UWSA နှင့်နီးကပ်သည့် ဆက်ဆံရေးရှိသော မိုင်းလားအဖွဲ့(ရှမ်းပြည်နယ် အရှေ့ပိုင်းအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့NDAA ) ၏သဘောထားသည်လည်း ၎င်းတို့နှင့် သဘောထားချင်းအတူတူလောက်ပဲ ဖြစ်နိုင်သည်ဟု ဦးအောင်မြင့်က ဆိုသည်။
 
ဦးအောင်မြင့်က “ကျွန်တော်တို့ လော်ခီးလာ အစည်းအဝေးကိုသွားဖို့တော့ ဆုံးဖြတ်ချက် မရှိဘူးခင်ဗျ။ ဒီအခေါက် အစည်းအဝေးက NCCT အတွင်းပိုင်းကိစ္စတွေကို အဓိက ဆွေးနွေးပွဲဖြစ်နေတော့ ကျွန်တော်တို့ မတက်တော့ဘူးလို့ ဆုံးဖြတ်ထားပြီ။ ကျွန်တော်တို့ ဆက်သွယ်မှုတော့ ရှိပါတယ်။ သူတို့ အတွင်းပိုင်းကိစ္စတွေ အပြီးသတ်ဆွေးနွေးမှာဖြစ်တယ်။ ကျွန်တော်တို့ အစည်းအဝေးမတက်တော့ဘူး။ ဒါပေမဲ့ သူတို့အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေ ကျွန်တော်တို့လည်း တောက်လျှောက် လေ့လာဂရုစိုက်နေတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပြီး လို့ရှိရင်လည်း ကျွန်တော်တို့ တစ်ခါတည်း နိုင်ငံရေးဆွေးနွေးပွဲမှာ အားလုံးအတူပေါင်းပြီးတော့ ဆွေးနွေးဖို့ကိုလည်း ကျွန်တော်တို့ ဆုံးဖြတ်ထားတာ ရှိပါတယ်”ဟု ပြောကြားသည်။
 
အစိုးရနှင့် UWSA တို့အကြား ၂၆နှစ် ကြာ အပစ်ရပ်စဲရေးကာလအတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသဖြင့် UWSA အနေဖြင့်လည်း  တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုရာတွင် ပါဝင်တော့မည် မဟုတ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲမှသာ ပါဝင်ဆွေးနွေးမည်ဆိုသည်ကိုလည်း နိုင်ငံတော်တာဝန်ရှိသူများထံ တင်ပြဆွေးနွေးပြီးဖြစ်သည်ဟု ဦးအောင်မြင့်က ရှင်းပြသည်။
 
“ကျွန်တော်တို့ ဒီ NCA မှာ မပါဝင်တော့ဘူးဆိုတာကိုလည်း နိုင်ငံတော်လူကြီးတွေကိုလည်း ကျွန်တော်တို့ ဆွေးနွေးတင်ပြချက်တွေရှိပါတယ်။ ကျွန်တော်တို့ ၂၆ နှစ် လုံးလုံးမှာ ငြိမ်းချမ်းရေးရယူပြီးတဲ့နောက်  ငြိမ်းချမ်းရေးစာချုပ် ရေးဆွဲပြီးတဲ့နောက်မှာ လုံးဝတိုက်ပွဲကိစ္စတွေ ဖြစ်ပေါ်လာတာ မရှိဘူး။ ဒါကြောင့်မို့ ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့က ရရှိပြီးသားဖြစ်တယ်။ ယူပြီးသားဖြစ်တယ်။ ဒါကြောင့်မို့ ထပ်မံပြီးတော့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးချိန်မှာ ကျွန်တော်တို့ မပါဝင်တော့ဘူးဆိုတာ ဆွေးနွေးတင်ပြထားပြီးလည်း ဖြစ်ပါတယ်။ ဒီဟာလည်း သူတို့နားလည်ပါတယ်။ သူတို့လည်း ဦးအောင်မင်းတို့ ဦးသိန်းဇော်တို့လည်း တစ်ခါတစ်ခါလည်း ပြောမိတာရှိပါတယ်။ “ဝ”အဖွဲ့အစည်းအနေနဲ့ သူတို့ကတော့ စောင့်နေပြီ။ နိုင်ငံရေးဆွေးနွေးပွဲမှာ သူတို့ပါဝင်လာကြမှာဖြစ်တယ်ဆိုပြီး သူတို့လည်း တစ်ခါတစ်ခါ ပြောတာတွေရှိတယ်။ မိုင်းလားအဖွဲ့ကလည်း အတူတူလောက်ပဲဖြစ်မှာပါ။ ကျွန်တော်တို့ ဒီကိစ္စကိုတော့ မဆွေးနွေးရသေးဘူး”ဟု ပြောကြားသည်။
 
လော်ခီးလာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး၌ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား အတည်ပြုပြီးဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်မူကြမ်းကိုတင်ပြကာ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များ၏ သဘောထားရယူသွားမည်ဖြစ်ကြောင်း သိရသည်။
 
အဆိုပါအစည်းအဝေးသို့ NCCTအဖွဲ့ဝင်မဟုတ်သည့် “ဝ” နှင့်မိုင်းလား လက်နက်ကိုင်အဖွဲ့များအပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း ဖိတ်ကြားထားသည်။                

Most Read

Most Recent