ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေမူကြမ်းတွင် ရှေးဟောင်းအဆောက်အအုံများအဖြစ် သတ်မှတ်ထားသည့် ဧရိယာများအတွင်း ဟိုတယ်၊ လူနေအဆောက်အအုံများ ဆောက်လုပ်ခွင့် မပြုသင့်ဟု ထည့်သွင်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေမူကြမ်းတွင် ရှေးဟောင်းအဆောက်အအုံများအဖြစ် သတ်မှတ်ထားသည့် ဧရိယာများအတွင်း ဟိုတယ်၊ လူနေအဆောက်အအုံများ ဆောက်လုပ်ခွင့် မပြုသင့်ဟု ထည့်သွင်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 23 May 2015
စိုးမင်းထိုက်

ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းကာကွယ်ရေး ဥပဒေမူကြမ်းတွင် ရှေးဟောင်း အဆောက်အအုံများအဖြစ် သတ်မှတ်ထားသည့် ဧရိယာများအတွင်း ဟိုတယ်၊ လူနေအဆောက်အအုံများ ဆောက်လုပ်ခြင်းကို ခွင့်ပြုမပေးသင့်သည့်အချက်များ ထည့်သွင်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
 
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက “ဥပဒေမူကြမ်းမှာ အရေးကြီးဆုံးအချက်အဖြစ် ရှေးဟောင်းအဆောက်အအုံတွေကို ဟိုတယ်ကြီးလုပ်ပစ်လို့ မရဘူး။အတွင်းဝန်များရုံး ဟိုတယ်လုပ်မယ်တို့၊ စုပေါင်းရုံးတို့ပေါ့ဗျာ။ မူရင်းအသုံးပြုခဲ့တဲ့ အနေအထားများကို မပျက်စီးစေဖို့ဆိုတဲ့အချက်တွေထည့်ဖို့ လိုပါတယ်။ ရှေးဟောင်းဆို တာတွေကတော့ ပြတိုက်အနေနဲ့ပဲ သွားရမှာပေါ့။ အဲဒါကို ဟိုတယ်လုပ်မယ်ဆိုရင်တော့ လက်မခံနိုင်ပါဘူး။ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေ၊ သမိုင်းအမွေအနှစ်တွေကို သူတို့ တွေရဲ့ ဆုံးဖြတ်ချက်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ခွင့်ပြုချက်နဲ့ပဲ ဆောင်ရွက်သင့်ပါ တယ်။ ကြိုတင် ခွင့်ပြုချက်ဆိုတာတွေကို ခွင့်မပြုသင့်ဘူး”ဟု အကြံပြုပြောကြားသည်။
 
ဝန်ကြီးဌာနအနေဖြင့် သက်တမ်းနှစ် ၁၀၀ ကျော်ပါက ရှေးဟောင်းအဆောက်အအုံဟု သတ်မှတ်ကြောင်း၊ သတ်မှတ်ပြီး သိမ်းမည်ဆိုပါက ထိုက်သင့်သည့် လျော်ကြေးပေးရမည်အချက်များအား ဥပဒေကြမ်းတွင် ထည့်သွင်းရန် လိုအပ်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။  
 
“ရှေးဟောင်းပစ္စည်းသိမ်းမယ်ဆိုရင်လည်း ကာလပေါက်ဈေးအပြင် ယာဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ထပ်ဆောင်းတန်ဖိုးပေါ့။ အဲ့လိုပေးပြီးမှသာရမယ်။ အဆောက်အအုံဆိုလည်း ဒီလိုပဲဖြစ်ရမယ်။ ဘာတွေထပ်ဖြည့်သင့်လဲဆိုတော့ မြေသိမ်းဥပဒေနဲ့ သိမ်းလို့ မရဘူး။ နည်းဥပဒေနဲ့အညီပဲဖြစ်ရမယ်။ ကာလတန်ဖိုးနဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ထပ်ဆောင်းတန်ဖိုး ချီးမြှင့်ပြီးမှသာ ရယူရမည်လို့ ပြင်ဆင်သင့်တာပေါ့”ဟု လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။
 
ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်းများသည် နိုင်ငံတော်နှင့်သက်ဆိုင်မှုများရှိကြောင်း၊ ဥပမာ ကရင်ဖားစည်ဆိုပါက ကရင်ပြည်နယ်မှာပဲ ရှိရမည်ဖြစ်ကြောင်း၊ အမျိုးသားပြတိုက် မှာထားမည်ဆို၍ မရနိုင်ကြောင်း၊ သက်ဆိုင်သည့် ပြည်နယ်၏ ပြတိုက်၌သာ ထားရှိရမည် ဖြစ်ကြောင်း ကိုယ်စားလှယ်တစ်ဦးက အကြံပြုခဲ့သည်။
 
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “အဓိကကတော့ ပုဂံပေါ့ဗျာ။ ပုဂံက ဟိုတယ်တွေဆိုရင် ဟိုတယ်ခရီးရဲ့ခွင့်ပြုချက်လို့ပြောတယ်။ အဲ့ဒီမြေတွေကလည်း အရင်အစိုးရ လက်ထက်က ရထားတာဗျ။ ဘယ်သူက ဘာစည်းကမ်းနဲ့ပေးမှန်းလည်း မသိဘူး။အခုနောက်ပိုင်းမှာဆိုရင်တော့ အဲ့လိုတွေ မဖြစ်အောင် ဥပဒေကြမ်းထည့်ထားဖို့ လိုအပ်နေပြီ”ဟု ပြောကြားသည်။
 
ထို့အပြင် ပုဂံ-ညောင်ဦးလေဆိပ်ကို ယခုထက်ပိုပြီး တိုးချဲ့ခြင်း မပြုလုပ်သင့်ကြောင်း၊ ပခုက္ကူမှာ အင်တာနေရှင်နယ် လေယာဉ်ကွင်းဆောက်နေကြောင်း၊ ပခုက္ကူ ကနေတစ်ဆင့် ဘတ်စ်ကားများဖြင့်သာ သွားသင့်ကြောင်း၊ အသံလှိုင်းများ၏ တုန်ခါမှုရှိသည့်အတွက် ရှေးဟောင်းစေတီဘုရားများအတွက် အန္တရာယ်ရှိနိုင်ကြောင်း၊ ယင်းကိစ္စမှာလည်း အရေးကြီးကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံဆိုပါက အန်ကောဝပ်နှင့် လေဆိပ်က ဝေးကွာကြောင်း၊ ဘတ်စ်ကားများဖြင့်သာ သွားရကြောင်း၊ ရှေးဟောင်းအဆောက်အအုံများအနီးတွင် လေယာဉ်ပျံဆင်း၍ မရကြောင်း၊ ထိန်းသိမ်းမှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ကိုယ်စားလှယ်တစ်ဦးက အကြံပြုပြောကြားသည်။
 
ဥပဒေမူကြမ်းတွင် နိုင်ငံတကာကွန်ဗင်းရှင်းမှာ လက်မှတ်ထိုးပြီး  အခြားနိုင်ငံများက ရှေးဟောင်းပစ္စည်းများကို ပြန်ပြီး လွှဲပြောင်းပေးအပ်ရမည်ဟု ထည့်သွင်းထားကြောင်း၊ ကိုယ့်နိုင်ငံက ရှေးဟောင်းပစ္စည်းကျတော့ မပါဘူးဖြစ်နေကြောင်း၊ ဥပမာဆိုရင် ပတ္တမြားငမောက်ဆိုရင် ဘယ်ရောက်နေမှန်းမသိဘူးဖြစ်နေကြောင်း၊ ထည့်သွင်း ပြဋ္ဌာန်းသင့်ကြောင်း၊ ဝန်ကြီးဌာနတွင် အဓိကတာဝန်ရှိကြောင်း၊ ကိုယ့်ရဲ ယဉ်ကျေးမှုပစ္စည်းများကိုလည်း ပြန်လည်ပြီးတော့ရရှိရန် လိုအပ်သည့်အတွက် ထည့်သွင်းပြဋ္ဌာန်းသင့်ကြောင်း၊ အဆိုပါအချက်များသည် နိုင်ငံအတွက် အရေးကြီးကြောင်း၊ ဝန်ကြီးဌာနအနေနဲ့က လုပ်ပိုင်ခွင့်ပဲယူချင်ကြောင်း၊ လုပ်ပေးမည်ဟု မရှိဘူး ဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အကြံပြုပြောကြားသည်။
 

Most Read

Most Recent