ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေနှင့် တပ်မဟာ (၅) နယ်မြေအကြားတွင် ဧပြီ ၃၀ ရက်က အစိုးရတပ်မတော်၏ လေကြောင်းမှ ကျည်ကျရောက်မှု ဖြစ်ပွားခဲ့ကြောင်း ပန်ဆန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်နေသည့် KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက အတည်ပြုပြောကြားသည်။
KNU တပ်မဟာ (၂) နှင့် တပ်မဟာ (၅) နယ်မြေသည် ဖာပွန်ခရိုင်နှင့် တောင်ငူအကြားတွင် တည်ရှိကြောင်းနှင့် အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိမှု ရှိ မရှိ မသိရသေးဟု ၎င်းက ဆိုသည်။
KNU တပ်မဟာ (၂) နယ်မြေတွင် လေကြောင်းမှ ကျည်ကျရောက်မှုနှင့် ပတ်သက်ပြီး ပဒိုစောကွယ်ထူးဝင်းက “ကျွန်တော် အဲဒီကိစ္စကို မေးထားတယ်။ ပထမတုန်းက ကျွန်တော်တို့ သတင်းမရတော့ ဒီကိစ္စက သူတို့ သင်တန်းကွင်းကရှိနေတော့ စစ်ရေးလေ့ကျင့်တာတို့ အမြောက်ပစ်တာတို့ ရှိနိုင်တယ်။ ဒါပေမဲ့ ဖြစ်တယ်၊ အတွင်းထဲရောက်သွားတဲ့ သဘောရှိတော့ ကျွန်တော်တို့ ဒါကို ပြန်ပြီးတော့ မေးနေတယ်။ နေရာအတိအကျပေါ့လေ။ ဒါက လေယာဉ်က မှားပြီးပစ်သလား၊ မဟုတ်ရင်လည်း နေရာမြေပုံ လွဲမှားသလား၊ လေ့ကျင့်ရေးလုပ်တဲ့ သဘောလားဆိုတာ ကျွန်တော်တို့က ကျွန်တော်တို့ဘက်ကို လှမ်းမေးထားတာ ရှိတယ်” ဟု မေ ၂ ရက် က ပြောကြားသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး Myanmar Peace Center မှ ဦးလှမောင်ရွှေက “တောင်ငူမှာ လေတပ်စခန်းဌာနချုပ် တစ်ခုရှိတယ်ဗျ။ လေတပ်စခန်းကတော့ လေ့ကျင့်မှုတွေ ရှိတယ်လို့ ကြားဖူးတယ်။ တကယ် ကျည်ကျ မကျ ကျွန်တော်လည်း မသိဘူး။ ကျည်ကျ မကျ မသိပေမယ့် အဲဒီလိုမျိုး တမင်တကာ ဆောင်ရွက်တာတော့ မဖြစ်နိုင်ဘူး” ဟု ပြောကြားသည်။
အစိုးရနှင့် KNU တို့သည် ၂၀၁၂ ခုနှစ် က အပစ်ရပ်စဲရေး ဆောင်ရွက်ခဲ့ပြီးနောက် နှစ်ဖက်ခေါင်းဆောင်များအကြား မကြာခဏ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး နှစ်ဖက်တပ်များအကြားတွင်လည်း တိုက်ပွဲများ မဖြစ်သလောက် နည်းပါးကာ တပ်နေရာချထားရေးများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။
KNU တပ်မဟာ (၂) နှင့် တပ်မဟာ (၅) အကြား အစိုးရတပ်မတော်၏ လေကြောင်းမှ ကျည်ကျရောက်မှုဖြစ်ပွား
Most Read
Most Recent
6 hours ago
7 hours ago
7 hours ago
7 hours ago
7 hours ago
7 hours ago