ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် မစ်ချ်မက်ကော်နယ်လ်၊ နန်စီပလိုစီတို့အပါအဝင် အမေရိကန်လွှတ်တော်အမတ်များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် မစ်ချ်မက်ကော်နယ်လ်၊ နန်စီပလိုစီတို့အပါအဝင် အမေရိကန်လွှတ်တော်အမတ်များ တွေ့ဆုံဆွေးနွေး
Published 1 May 2015

အမေရိကန်နိုင်ငံသို့ရောက်ရှိနေသည့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် အမေရိကန်လွှတ်တော်အမတ်များနှင့် ဧပြီ ၃၀ ရက်က တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဦးဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘိုနာ၏ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံသို့ သွားရောက်ခြင်းဖြစ်ပြီး ဧပြီ ၂၉ ရက်ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အမေရိကန်နိုင်ငံသို့ ထွက်ခွာခဲ့သည်။ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် ဧပြီ ၃၀ ရက်တွင် အမေရိကန်အထက်လွှတ်တော် လူအများစုခေါင်းဆောင် မစ်ချ်မက်ကော်နယ်လ်နှင့် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ လွှတ်တော်အဆောက်အအုံ၌ တွေ့ဆုံဆွေးနွေးခဲ့သလို အမေရိကန်အောက်လွှတ်တော်မှ လူနည်းစုခေါင်းဆောင် လွှတ်တော်အမတ် နန်စီပလိုစီနှင့်လည်း ဝါရှင်တန်ဒီစီမြို့တွင် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ထို့ပြင် အောက်လွှတ်တော် ဒီမိုကရက်အမတ် ဂျိုးခရော်လီနှင့် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အာရှနှင့်ပစိဖိတ်ဆပ်ကော်မတီဥက္ကဋ္ဌ မတ်ဆယ်လ်မွန်နှင့်လည်း သီးခြားစီတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။  ခြောက်ရက်ကြာမြင့်မည့် အဆိုပါအမေရိကန်ခရီးစဉ်တွင် လွှတ်တော်နာယက သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ဦးဝင်းသန်း၊ ဒေါက်တာဝင်းမြင့်၊ ဦးသိန်းထွန်းတို့လည်း လိုက်ပါသွားကြောင်း သတင်းရရှိသည်။အမေရိကန်ခရီးစဉ်အတွင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လွှတ်တော်အကြောင်းအရာများနှင့်ပတ်သက်၍ အဓိကထားဆွေးနွေးသွားရန်ရှိကြောင်း ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးက ပြောကြားထားသည်။ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက အမေရိကန်နိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်ခဲ့ပြီး ယခုခရီးစဉ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ကာ မေ ၇ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Most Read

Most Recent