၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်တစ်ခုလုံး၌ ယှဉ်ပြိုင်ရန် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ်လျာထား

၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်တစ်ခုလုံး၌ ယှဉ်ပြိုင်ရန် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ်လျာထား
Published 28 April 2015

၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်တစ်ခုလုံး၌ ယှဉ်ပြိုင်ရန် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီအနေဖြင့် လျာထားကြောင်း ပါတီဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။ထိုသို့ယှဉ်ပြိုင်ရာတွင် ကရင်ပြည်နယ်သာမက မွန်ပြည်နယ်၌လည်း မြို့နယ်နှစ်မြို့နယ်ရွေးချယ်ခံရန် စီစဉ်ထားပြီး ရွေးကောက်ပွဲယှဉ်ပြိုင်ရေးအတွက် ကရင်ပါတီများအကြား ညှိနှိုင်းမှုများ အခက်အခဲအချို့ရှိကြောင်း ၎င်းကပြောကြားသည်။            "ကျွန်တော်တို့က ကရင်တစ်ပါတီတည်းပေါင်းဖို့ဆိုတာ ၂၀၁၅ မတိုင်မီမဖြစ်ဘူးလို့ပြောပြီးသား။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ညှိနှိုင်းပြီး ရွေးပါမယ်လို့ အကြမ်းဖျင်းသဘောတူထားတာပေါ့။ အကြမ်းဖျင်းသဘောတူထားတဲ့နေရာမှာ ညှိလိုက်တဲ့အခါကျတော့ ကျွန်တော်တို့ရဲ့အာဘော်နဲ့ ကျန်တဲ့ပါတီတွေရဲ့အာဘော်က နည်းနည်းမတူဘူးဖြစ်နေတယ်။ ကျွန်တော်တို့က ညှိတယ်ဆိုတာက အဆင်ပြေတာလည်းရှိရင်ရှိမယ်။ မပြေတာလည်းရှိရင်ရှိမယ်။ သူတို့ကတော့ သူတို့ဝင်မယ့်နေရာ ကျွန်တော်တို့မဝင်နဲ့။ ကျွန်တော်တို့ဝင်မယ့်နေရာ သူတို့မဝင်ဘူးဆိုတဲ့ပုံစံ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ပေါ်လစီက ကျွန်တော်တို့ပါတီရှိတဲ့ ထောက်ခံတဲ့နေရာတိုင်းဝင်မယ်ဆိုတော့ အဲဒီမှာ နည်းနည်းလေး အခက်အခဲဖြစ်သွားတယ်။ ညှိတော့ညှိတယ် အဆင်မပြေဘူးပေါ့ဗျာ။ ကျွန်တော်တို့က ကရင်ပြည်နယ်တစ်ခုလုံး ဝင်ဖို့ရှိနေပြီ။ ဒါကတော့ လျာထားပြီးသားပေါ့လေ" ဟု ၎င်းကဆိုသည်။ကရင်ပြည်နယ်ပြင်ပအဖြစ် မွန်ပြည်နယ်တွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်နေရာ ဝင်ရောက်အရွေးချယ်ခံရန် စီစဉ်ထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲကျင်းပမည့်ရက်အား အတိအကျမကြေညာသေးသဖြင့် လျာထားဆောင်ရွက်နေရခြင်းဖြစ်ပြီး အပြီးသတ်ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း ဦးမန်းအောင်ပြည်စိုးကဆိုသည်။ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များတွင် ၁၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်တွင် နှစ်နေရာ၊ အမျိုးသားလွှတ်တော်တွင် သုံးနေရာ၊ ပြည်နယ်လွှတ်တော်တွင် လေးနေရာ စုစုပေါင်းကိုးနေရာ ရွေးကောက်ခံခဲ့ရသည်။ကရင်ပြည်နယ်တွင် အဓိကစည်းရုံးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် ကရင်တိုင်းရင်းသားပါတီများမှာ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖလုံ- စဝေါ်ဒီမိုကရက်တစ်ပါတီနှင့် ကရင်ဒီမိုကရက်တစ်ပါတီတို့ဖြစ်ပြီး ကရင်ပြည်သူ့ပါတီနှင့် ကရင်အမျိုးသားပါတီတို့မှာ ကရင်ပြည်နယ်ပြင်ပဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့၌ ပါတီစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် စုစုပေါင်း ကရင်တိုင်းရင်းသားပါတီ ငါးပါတီရှိပြီဖြစ်သည်။

Most Read

Most Recent