မေ ၁၁ ရက် ပြန်စမည့် လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးရန် ရာခိုင်နှုန်း ၉၀ သေချာကြောင်း ဖွဲ့စည်းပုံပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ပြောကြား

မေ ၁၁ ရက် ပြန်စမည့် လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးရန် ရာခိုင်နှုန်း ၉၀ သေချာကြောင်း ဖွဲ့စည်းပုံပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ပြောကြား
Published 22 April 2015

မေ ၁၁ ရက် ပြန်စမည့် လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးရန် ရာခိုင်နှုန်း ၉၀ သေချာကြောင်း လွှတ်တော်မှ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အကောင်အထည်ဖော်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ဧပြီ ၂၀ ရက်တွင် ပြောကြားသည်။

“လက်ရှိ ကျင်းပနေတဲ့ ၁၂ ကြိမ်မြောက် လွှတ်တော်က သင်္ကြန်ကာလ ခေတ္တနားနေတယ်။ မေလ ၁၁ ရက်မှာ ပြန်စမယ်။ ပြန်စမယ့် လွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို စတင်ဆွေးနွေးတာတွေပါမယ်။ ပါဖို့ ၉၀ ရာခိုင်နှုန်းလောက် သေချာတယ်။လွှတ်တော်ပြန်လုပ်တာရဲ့ အဓိကရည်ရွယ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရယ်၊ အမျိုးသားပညာရေးဥပဒေကြမ်း ကိစ္စအတွက်ကြောင့်ပါ”ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အကောင်အထည်ဖော်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။
ပြီးခဲ့သည့် ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)ကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့နှင့်အညီ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ တင်သွင်း ဆွေးနွေးနိုင်ရေးအတွက် စီမံဆောင်ရွက်နိုင်ရေးအဆိုကို အတည်ပြုပြီးဖြစ်သဖြင့် လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာဥပဒေကြမ်းအား သက်ဆိုင်ရာအဖွဲ့များက ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လွှတ်တော်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းမတင်မီ ဒုတိယအကြိမ်မြောက် ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲလည်း ဖြစ်ပေါ်လာနိုင်သည်ဟု ကိုယ်စားလှယ်အချို့က ခန့်မှန်းကြသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲကျင်းပရန် ခြောက်လကျော်သာ အချိန်လိုအပ်တော့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရန် အချိန်နည်းပါးနေပြီဖြစ်သဖြင့် မကြာမီ ပြန်စမည့် လွှတ်တော်၌ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုင်ရာကိစ္စများကို မဆောင်ရွက်နိုင်ပါက လက်ရှိ လွှတ်တော်သက်တမ်းအတွင်း ပြင်ဆင်နိုင်ရန် အခွင့်အလမ်းအလွန်နည်းပါးသွားမည်ဖြစ်သည်ဟု သုံးသပ်မှုများ ရှိနေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်လေ့လာသုံးသပ်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီမှ သူရဦးအေးမြင့် က ၂၀.၃.၂၀၁၃တွင် အဆိုတင်သွင်းခဲ့သည်။ ၎င်းအဆိုအား ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းဇော်က ထောက်ခံခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၎င်းကော်မတီမှ ၃၁.၁၂၀၁၄ တွင် အစီရင်ခံစာတင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ဆက်လက်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။
 

 

Most Read

Most Recent