ကိုးကန့်ဒေသတွင်း တိုက်ပွဲများ ပြီးဆုံးခါနီးပြီဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ ၁၈ ရက်တွင် ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လားရှိုးမြို့ အမှတ်(၉) တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသနေသော ဒဏ်ရာရအရာရှိ စစ်သည်များ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အခုလို ကူညီမှုတွေအတွက် ကျေးဇူးတင်ပါ တယ်။ အခုတိုက်ပွဲက ပြီးဆုံးခါနီးပါပြီ” ဟု ကယ်ဆယ်ရေးအဖွဲ့များကို တွေ့ဆုံစဉ် ပြောကြားသည်။
တပ်မတော်နှင့် ကိုးကန့်အဖွဲ့MNDAA တို့အကြား ဖေဖော်ဝါရီ ၉ ရက်ကတည်းက တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်အတွင်း တပ်မတော်ဘက်မှ အကျအဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု အများအပြားရှိခဲ့သော်လည်း ဧပြီ ၁၆ ရက် ညပိုင်း အစိုးရ၏ သတင်းထုတ်ပြန်မှုအရ ကိုးကန့်တိမ်းရှောင်အဖွဲ့များ တပ်စွဲထားသည့် နှစ်နိုင်ငံနယ်နိမိတ်အနီးရှိ တောင်ကုန်းများကို တပ်မတော်က ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ကိုးကန့်အဖွဲ့(MNDAA) နှင့် အစိုးရတပ်မတော်တို့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှ စတင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဧပြီ ၁၆ ရက်အထိ ထိတွေ့တိုက်ပွဲပေါင်း ၂၅၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့၏ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်တို့မှ ထုတ်ပြန်ခဲ့သည့် သတင်းများတွင် ဖော်ပြထားသော ကျဆုံးဒဏ်ရာရ စစ်သည်စာရင်းများ ရေတွက်ကြည့်ရာ ဖေဖော်ဝါရီ ၉ ရက်မှ မတ်၂၁ ရက်အထိ တပ်မတော်ဘက်မှ အရာရှိစစ်သည် ၁၁၀ ကျဆုံးပြီး ၂၅၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အကြမ်းဖျင်းသိရသည်။
ကိုးကန့်ဒေသအတွင်း ကိုးကန့်အဖွဲ့ (MNDAA) နှင့် အစိုးရတပ်မတော်တို့ အကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေဆဲဖြစ်ပြီး အစိုးရတပ်မတော်ဘက်မှ ၁၆ ဦး ထပ်မံကျဆုံးကာ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း ဧပြီ ၁၅ ရက် တွင် အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ကိုးကန့်တိမ်းရှောင်အဖွဲ့များထံမှ အလောင်း ၇၄ လောင်း၊ လက်နက်မျိုးစုံ ၂၂၆ လက်၊ ကျည်နှင့် ဗုံးသီးမျိုးစုံ ၂၇၀၀ သိမ်းဆည်းရမိခဲ့သည်ဟု အစိုးရက ထုတ်ပြန်သည်။
ကိုးကန့်အဖွဲ့ MNDAA အဖွဲ့ဝင် ဖမ်းမိ၊ အလင်းဝင် ၂၂ ဦးနှင့် ကာလတန်ဖိုး ကျပ် ၂၇၇၆၁၆ သိန်းကျော်ရှိ မူးယစ်ဆေးဝါးမျိုးစုံကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသော ကိုးကန့်အဖွဲ့သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် အဖွဲ့ဝင်ဖြစ်ပြီး အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆွေးနွေးနေသော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်သည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ ဦးအင်ဘန်လကလည်း ကိုးကန့်ဒေသတွင် ဖြစ်ပွားနေဆဲဖြစ်သော အစိုးရတပ်မတော် နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများသည် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးကို အဟန့်အတားဖြစ်စေနိုင်သည့်အတွက် တပ်မတော်ဘက်မှ လက်ရှိထိုးစစ်များကို ရပ်တန့်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းဖြင့် အဖြေရှာရန် ဧပြီ ၁၃ ရက်က သမ္မတ ဦးသိန်းစိန်ထံ အိတ်ဖွင့်စာ ပေးပို့တောင်းဆိုခဲ့ကြောင်း သိရသည်။















