ဧပြီ ၉ ရက်က ဂျပန်အခြေစိုက် Mainichi Shimbun သတင်းစာနှင့် နေပြည်တော်၌ သီးသန့်တွေ့ဆုံစဉ် သမ္မတဦးသိန်းစိန်က ၂ဝ၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ထားခြင်းမရှိကြောင်း ပြောကြားသည်။
“ကျွန်တော့်ရဲ့အမြင်ကို အမြဲတမ်း ထုတ်ဖော်ပြောဆိုပါတယ်။ လက်ရှိမှာ အသက်ကလည်း ၇ဝ လောက်ရှိပါပြီ။ ကျွန်တော့်ရဲ့ ကျန်းမာရေးနဲ့ နှလုံးအခြေအနေကလည်း သိပ်မကောင်းပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် အနားယူချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ တိုင်းပြည်ရဲ့ အခြေအနေနဲ့ ပြည်သူတွေရဲ့အခြေအနေကို ထည့်သွင်းစဉ်းစားရပါမယ်။ လက်ရှိမှာတော့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မလားဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ ခုချိန်မှာ စောလွန်းပါသေးတယ်”ဟု သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဦးသိန်းစိန်၏ နိုင်ငံရေးခေါင်းဆောင်မှုပုံစံနှင့် ပတ်သက်၍ Mainichi Shimbun သတင်းစာက မေးမြန်းရာတွင် ၎င်းသည် တစ်ဦးတည်းဆုံးဖြတ်မှုပုံစံဖြင့် ဦးဆောင်သူမဟုတ်ဘဲ အများသဘောတူညီချက်များဖြင့် ဆုံးဖြတ်ဆောင်ရွက်သူဖြစ်ကြောင်း၊ အစိုးရပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ အစိုးရဝန်ကြီးအဖွဲ့၏ ဆွေးနွေးဆုံးဖြတ်ချက်များဖြင့် ဆောင်ရွက်ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီ၏ ဆွေးနွေးဆုံးဖြတ်ချက်များဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ဖြေကြားသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် တပ်မတော်မှ ပါဝင်ပတ်သက်မှုများသည် အရေးကြီးကြောင်း ဦးသိန်းစိန်က ပြောကြားခဲ့ပြီး မြန်မာ့သမိုင်းတွင် တပ်မတော်၏ အခန်းကဏ္ဍကိုလည်း လျစ်လျူရှု၍ရမည်မဟုတ်ကြောင်း ပြောကြားသည်။
“သမိုင်းမှာပါဝင်တဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျစ်လျူရှုလို့မရသလို နိုင်ငံရေးမှာပါဝင်တဲ့ အခန်းကဏ္ဍကိုလည်း လျစ်လျူရှုထားလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စကတည်းက တပ်မတော်ဟာ ပြည်သူလူထုနဲ့ လက်တွဲပြီး လွတ်လပ်ရေးရယူခဲ့တဲ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်နေလို့ပါပဲ။ လွတ်လပ်ရေးရအပြီးမှာ မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ခဲ့ပါတယ်။ ဒီအချိန်မှာ ကိုလိုနီအစိုးရရဲ့ ခွဲခြားအုပ်ချုပ်မှု (Divide and Rule) ကြောင့် ပါလီမန်ဒီမိုကရေစီစနစ်က မထိန်းသိမ်းနိုင်ဘဲ လက်နက်ကိုင်အဖွဲ့အစည်းတွေ နိုင်ငံအနှံ့ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကြောင့် တပ်မတော်ကနေ တာဝန်လွှဲပြောင်းရယူခဲ့ရပါတယ်။ တိုင်းပြည်ပြိုကွဲနိုင်တဲ့ အခက်အခဲတွေ၊ ဒုက္ခတွေ ကြုံလာတိုင်း ဒါမှမဟုတ် သွေးထွက်သံယို တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရမယ့် အချိန်တိုင်း တပ်မတော်အနေနဲ့ မားမားမတ်မတ် ရပ်တည်ပြီး တိုင်းပြည်ရဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ တပ်မတော်ရဲ့အခန်းကဏ္ဍဟာ အရေးကြီးပါတယ်” ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။
အဂတိနှင့်ပတ်သက်၍ Mainichi Shimbun သတင်းစာနှင့် လူတွေ့မေးမြန်းမှုတွင် သမ္မတဦးသိန်းစိန်က လာဘ်ပေးရသောသူအနေဖြင့် မကျေနပ်ပါက တိုင်ကြားနိုင်ပြီး အဆိုပါကိစ္စကို အရေးယူနိုင်သည့်ဥပဒေများအပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်လည်းရှိကြောင်း၊ ထိရောက်သော ဥပဒေရေးဆိုင်ရာ လုပ်ရပ်များဖြင့် အဂတိလိုက်စားမှုကို ထိရောက်စွာတားဆီးကာကွယ်နိုင်ကြောင်း ပြောကြားသည်။
သို့သော် မြန်မာ့ရိုးရာယဉ်ကျေးမှုအရ ခင်မင်ရင်းနှီးသူများကိုလက်ဆောင်ပေးခြင်း၊ ကျေးဇူးတုံ့ပြန်မှုအနေဖြင့် မိမိဆန္ဒအရ လက်ဆောင်ပေးခြင်းများကို သမ္မတဦးသိန်းစိန်က အဂတိလိုက်စားမှုအဖြစ် သတ်မှတ်ခြင်းမရှိဘဲ တစ်စုံတစ်ခုလုပ်ဆောင်ရန်အတွက် တံစိုးလက်ဆောင် တောင်းဆိုမှုကိုသာ သမ္မတဦးသိန်းစိန်က အဂတိလိုက်စားမှုအဖြစ် သတ်မှတ်ခဲ့သည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ပါက ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအခန်းကဏ္ဍနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်၏အမြင်ကို မေးမြန်းရာတွင်လည်း ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကိုယ်ပိုင်ရပ်တည်ချက်ဖြင့် ကိုယ်ပိုင်လမ်းကြောင်း ရွေးချယ်လျှောက်လှမ်းရမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ဖြေကြားသည်။
ထို့အပြင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် လွှတ်တော်၏ အခန်းကဏ္ဍဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ပြင်ဆင်မှုအတွက် သီးသန့်အခန်းတစ်ခုဖြင့် ဖော်ပြထားကြောင်း ဦးသိန်း စိန်က ပြောကြားသည်။
“ပထမအပိုင်းအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် မပြင်ဆိုတာ ပြည်သူတွေကနေ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။ အခြားအစိတ်အပိုင်းတွေ ပြင်ဆင်ဖို့ဆိုတာကိုတော့ ပြည်သူတွေရဲ့ ဆန္ဒကိုသိပြီးတဲ့နောက် လုပ်ဆောင်ရပါမယ်”ဟု သမ္မတ ဦးသိန်းစိန်က Mainichi Shimbun သတင်းစာသို့ ပြောကြားသည်။
လက်ရှိအစိုးရသက်တမ်းအတွင်း အဓိကအောင်မြင်မှုနှင့် ပတ်သက်၍ မေးမြန်းရာတွင်လည်း သမ္မတဦးသိန်းစိန်က လက်ရှိအစိုးရ သက်တမ်းလေးနှစ်အတွင်း အောင်မြင်မှုများစွာရှိခဲ့ကြောင်း၊ အဓိကအောင်မြင်မှုမှာ တပ်မတော်အစိုးရတစ်ရပ်မှတစ်ဆင့် ပြည်သူလူထုက ရွေးကောက်တင်မြှောက်သော ဒီမိုကရေစီအစိုးရတစ်ရပ်သို့ သွေးထွက်သံယိုမှုမရှိဘဲ ညင်သာစွာ ကူးပြောင်းနိုင်ခြင်းဖြစ်ကြောင်း ဖြေကြားသည်။ သို့သော် ငြိမ်းချမ်းရေး၊ ပဋိပက္ခများနှင့် စီးပွားရေးတိုးမြ§င့်မှုများ လုပ်ဆောင်ရန် ကျန်ရှိနေကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။
“ရခိုင်ပြည်နယ်အတွင်းမှာ ဘာသာရေး၊ လူမျိုးရေးပုံသဏ္ဌာန်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါတွေကို ခုချိန်ထိ မဖြေရှင်းရသေးပါဘူး။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားဖြေရှင်းနေပါတယ်။ နောက်ထပ် ပြဿနာ တစ်ခုကတော့ ငြိမ်းချမ်းရေးပါ။ ငြိမ်းချမ်းရေးရဖို့အတွက် တစ်ဆင့်ချင်းစီ လေးနှစ်လုံးလုံး ကြိုးပမ်းခဲ့ပါတယ်။ လက်ရှိမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ သဘောတူညီချက် မူကြမ်းလက်မှတ်ထိုးတဲ့အဆင့်ထိ ရောက်လာပါပြီ။ နောက်ထပ် အရေးကြီးတဲ့ ကိစ္စရပ်ကတော့ စီးပွားရေးမှာ အောင်မြင်သင့်သလောက် မအောင်မြင်တာပါပဲ။ စီးပွားရေးကဏ္ဍမှာ GDP သိသိသာသာ တိုးတက်ခဲ့ပေမယ့် တစ်ဦးချင်းစီဝင်ငွေမှာ နည်းပါးနေပါသေးတယ်။ လက်ရှိမှာ တစ်ဦးချင်းစီဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁ဝဝဝ (တစ်ထောင်)ပဲ ရှိပါသေးတယ်”ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ ဇေယျာနန္ဒ
၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ထားခြင်းမရှိကြောင်း သမ္မတဦးသိန်းစိန် ပြောကြား















