Democracy Today သတင်းစာတွင်ပါဝင်သည့် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) ၏ဆောင်းပါးပါ အင်ဒိုနီးရှားလွှတ်တော်၌ပါဝင်သော တပ်မတော်သားကိုယ်စားလှယ်အရေအတွက် မှားယွင်း

Democracy Today သတင်းစာတွင်ပါဝင်သည့် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) ၏ဆောင်းပါးပါ အင်ဒိုနီးရှားလွှတ်တော်၌ပါဝင်သော တပ်မတော်သားကိုယ်စားလှယ်အရေအတွက် မှားယွင်း
Published 10 April 2015
ဇေယျာနန္ဒ

ဧပြီ ၉ ရက်ထုတ် Democracy Today သတင်းစာတွင် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) ရေးသားထားသည့် "ဦးသိန်းစိန်ခေတ် မြန်မာ့နွေဦး" ဆောင်းပါးတွင် အင်ဒိုနီးရှားလွှတ်တော်ရှိ တပ်မတော်သားကိုယ်စားလှယ်အရေအတွက် ဆိုင်ရာအချက်အလက်မှားယွင်းနေကြောင်း သိရသည်။အဆိုပါဆောင်းပါးတွင် ဆောင်းပါးရှင်မှူးဇော်က "တပ်မတော်၏ပါဝင်မှုကို ထောက်ပြသူများအနေဖြင့် ဗြိတိန်နိုင်ငံ၏ House of Lord ကို မေ့ချင်ယောင်ဆောင်နေကြဟန်တူပါ၏။ အင်ဒိုနီးရှားအသွင်ကူးပြောင်းမှုတွင် ၄၀ ရာခိုင်နှုန်းအထိရယူခဲ့ပြီး တဖြည်းဖြည်းချင်း အောင်မြင်စွာလျှော့ချခဲ့သော Success Story ကို ညွှန်ရမည့်အစား မတူညီသော၊ အတိတ်ကကျင့်သုံးခဲ့ပြီး ကျဆုံးခဲ့ရသော ပါလီမန်ဒီမိုကရေစီစနစ်ကို ဈေးကွက်တင်ကြော်ငြာနေကြသည်များလည်း တွေ့ရှိရပါ၏" ဟုရေးသားထားသည်။သို့သော် ၁၉၆၉ ခုနှစ် ဆူဟာတိုအာဏာရပြီးနောက်ပိုင်း အင်ဒိုနီးရှားလွှတ်တော်စတင်ဖွဲ့စည်းချိန်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၃၆၀ နှင့် တိုက်ရိုက်ခန့်အပ်သည့် ကိုယ်စားလှယ် ၁၀၀ ဖြင့် ဖွဲ့စည်းခဲ့သည်။တိုက်ရိုက်ခန့်အပ်သည့် ကိုယ်စားလှယ် ၁၀၀ အနက် ၇၅ ဦးသည် တပ်မတော်သားကိုယ်စားလှယ်များဖြစ်ပြီး ၂၅ ဦးသည် သမ္မတမှ တိုက်ရိုက်ခန့်အပ်သော ကိုယ်စားလှယ်များဖြစ်သည်။ထို့ကြောင့် ပါဝင်မှုအချိုးအစားမှာ ၁၆ ဒသမ ၃ ရာခိုင်နှုန်းသာဖြစ်သည်။ Democracy Today သတင်းစာတွင် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) ရေးသားထားသကဲ့သို့ ၄၀ ရာခိုင်နှုန်းအထိ ပါဝင်ခဲ့ဖူးခြင်းမရှိကြောင်း အင်ဒိုနီးရှားလွှတ်တော်နှင့် ပတ်သက်သော တရားဝင်အချက်အလက်များအရ သိရသည်။ထို့ပြင် ၁၉၉၈ ခုနှစ် ဆူဟာတိုအာဏာစွန့်လွှတ်ပြီးနောက်ပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ် ၅၀၀ အနက် ၄၆၂ ဦးကို ရွေးကောက်တင်မြှောက်ပြီး တပ်မတော်ကိုယ်စားလှယ်အရေအတွက်သည် ၃၈ ဦးသာရှိခဲ့သည်။ ထို့အပြင် ၂၀၀၄ ခုနှစ်တွင် တပ်မတော်သားကိုယ်စားလှယ်များ လွှတ်တော်မှထွက်ခွာသွားပြီးနောက် အင်ဒိုနီးရှားလွှတ်တော်ကို တိုက်ရိုက်ခန့်အပ်သော တပ်မတော်ကိုယ်စားလှယ်များမပါဝင်ဘဲ ရွေးကောက်ခံကိုယ်စားလှယ်များဖြင့်သာ စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။             

Most Read

Most Recent