အချိုးကျ ကိုယ်စားပြုစနစ် (ပီအာရ်) ကျင့်သုံးရေးအပေါ် ကြားနာရာတွင် တက်ရောက်သည့် နိုင်ငံရေးပါတီ ကိုးခုအနက် ပါတီအများစုက လက်ရှိအချိန်တွင် ကျင့်သုံးရန် မသင့်သေးဟု ဆွေးနွေး

အချိုးကျ ကိုယ်စားပြုစနစ် (ပီအာရ်) ကျင့်သုံးရေးအပေါ် ကြားနာရာတွင် တက်ရောက်သည့် နိုင်ငံရေးပါတီ ကိုးခုအနက် ပါတီအများစုက လက်ရှိအချိန်တွင် ကျင့်သုံးရန် မသင့်သေးဟု ဆွေးနွေး
Published 7 April 2015
စိုးမင်းထိုက်

အချိုးကျ ကိုယ်စားပြုစနစ် (ပီအာရ်) ကျင့်သုံးရေးအပေါ် ကြားနာရာတွင် တက်ရောက်သည့် နိုင်ငံရေးပါတီ ကိုးခုအနက် ပါတီအများစုက လက်ရှိအချိန်တွင် ကျင့်သုံးရန် မသင့်သေးဟု ဆွေးနွေးအကြံပြုခဲ့သည်။ဧပြီ ၆ ရက်တွင် အမျိုးသားလွှတ်တော်ရှိ အစည်းအဝေးခန်းမတွင် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အချိုးကျ ကိုယ်စားပြုစနစ်(ပီအာရ်) ကျင့်သုံးရေးအပေါ် ကြားနာမှု အစီအစဉ်သို့ မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် အလုပ်သမား ပြည်သူ့ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ချင်းတိုးတက်ရေးပါတီတို့ တက်ရောက်ခဲ့ကြသည်။တောင်သူလယ်သမားနှင့် အလုပ်သမား ပြည်သူ့ပါတီမှ ဦးအောင်မျိုးခိုင်က “ပီအာရ်စနစ်အတွက် အသုံးပြုခါနီးမှ ဆွေးနွေးရသလို ဖြစ်နေပါတယ်။ အချိန်ကာလ နည်းပါးလွန်းပါတယ်။ ဒီမိုကရေစီစနစ်ကို ပြောင်းလာတာ အခုမှပါ။ မကြာသေးပါဘူး။ ထိတွေ့မှု အားနည်းပါသေးတယ်။ ပြည်သူတွေကို အသိပညာပေးမှုတွေလည်း မရှိသေးပါဘူး။ ကျွန်တော်တို့ပါတီ အနေနဲ့ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပီအာရ်စနစ် ကျင့်သုံးရေးကို သဘောမတူပါဘူး။ အချိန်စောနေပါသေးတယ်” ဟု ဆွေးနွေးသည်။ချင်းတိုးတက်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့ယိန်းက ပီအာရ်စနစ် ကျင့်သုံးရေးကို သဘောမတူကြောင်း ပြောကြားသည်။ခေတ်သစ် ပြည်သူ့ပါတီမှ ဒေါ်ရီရီစံက တိုင်းရင်းသားပေါင်းစုံ ရှိသည့်အတွက် စဉ်းစားသင့်ကြောင်း၊ ပီအာရ်စနစ်ကို အသုံးပြုမည်ဆိုပါက ခွဲခြားအသုံးပြုသင့်ကြောင်း၊ ပြည်နယ်များတွင်မူ လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးနိုင်သူ စနစ်ကိုသာ ကျင့်သုံးသင့်ကြောင်း၊ တိုင်းဒေသကြီးများတွင်သာ ပီအာရ်စနစ် ကျင့်သုံးသင့်ကြောင်း ဆွေးနွေးသည်။ဖက်ဒရယ်ပြည်ထောင်စုပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးစပ်သာဦးက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပီအာရ်စနစ် ကျင့်သုံးရန် စောပါသေးကြောင်း၊ ဒီမိုကရေစီ အသက်အရွယ် ရင့်ကျက်မှ သုံးသင့်ကြောင်း၊ ပြန်လည်စဉ်းစားပေးကြစေလိုကြောင်း ဆွေးနွေးသည်။ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုကော်မတီဝင် ဦးကမ်လမ်ခုပ်က ပီအာရ်စနစ်အတွက် ၂၀၁၅ ခုနှစ်သည် စောနေသေးကြောင်း၊ ၂၀၁၅ ခုနှစ်အတွက် ပီအာရ်စနစ်သည် လုံးဝမဖြစ်နိုင်ကြောင်း၊ ကျင့်သုံးချင်ပါက သေသေချာချာ စိစစ်ကာ ပြည်သူလူထုကို ပညာပေးပြီးမှ လုပ်သင့်ကြောင်း ဆွေးနွေးသည်။လက်ရှိအချိန်တွင် နိုင်ငံရေးပါတီများသည်လည်း မရင့်ကျက်သေးကြောင်း၊ ပီအာရ်စနစ်အတွက် လက်ရှိအချိန်တွင် အဆင်သင့် မဖြစ်သေးကြောင်း၊ ရွေးကောက်ပွဲစနစ် အမျိုးမျိုး ကျင့်သုံးနေမည် ဆိုပါက ရှုပ်ထွေးနိုင်ကြောင်း၊ ပြည်သူများ မဆိုထားနှင့် ပါတီဝင်များကိုပင် အသိပညာပေးမှုများစွာ လုပ်ရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မကျင့်သုံးသင့်သေးကြောင်းနှင့် ကျင့်သုံးရန် ကိုက်ညီမှု မရှိသေးကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဇော်ဇော်ထွန်းက ဆွေးနွေးသည်။ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွန့်က အချိုးကျစနစ်ကို မူအားဖြင့် နှစ်ခြိုက်ကြောင်း၊ ပီအာရ်စနစ်ကို ကျင့်သုံးခြင်းအားဖြင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးရှိမည်လား စဉ်းစားရန်လိုကြောင်း၊ ၂၀၁၅ တွင် ကျင့်သုံးရန် အဆင်သင့်ဖြစ်မဖြစ် စဉ်းစားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အချိန်မီရန် လိုအပ်ကြောင်းနှင့် ယခုအချိန်သည် အချိန်အနည်းငယ် နှောင်းနေပြီဟု ပြောကြားထားမှုများရှိကြောင်း ဆွေးနွေးသည်။ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးမန်းအောင်တင်မြင့်က “မဲဆန္ဒရှင်တွေက ပီအာရ်နဲ့ ပတ်သက်လို့ နားလည်သလားလို့ ကျွန်တော့်ကို ပြန်မေးကြတယ်။ ကျွန်တော်ကလည်း သူများတွေ ပြောသလောက်ပဲ နားလည်တယ်လို့ ပြန်ပြောခဲ့ရတယ်။ လက်ရှိအချိန်မှာတော့ ကျင့်သုံးဖို့ ခက်ဦးမယ်။ ကျွန်တော့်အနေနဲ့တော့ သဘောမတွေ့သေးပါဘူး” ဟု ဆွေးနွေးသည်။အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးဇော်မင်းက ပီအာရ်စနစ် ကျင့်သုံးမည့်အပေါ် ထောက်ခံဆွေးနွေးသည်။ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက “ဥပဒေကြမ်းကော်မတီ အနေနဲ့ကတော့ ဆွေးနွေးမှုတွေကို ပြန်သုံးသပ်ရမှာပေါ့။ ဆွေးနွေးတဲ့ အထဲမှာ အပြည့်အ၀ ထောက်ခံသွားတာလည်း ရှိတယ်။ လက်ခံရင်တောင်မှ ပြည်နယ်တွေမှာ မသုံးသင့်ဘူး။ ၂၀၁၅ မှာသုံးဖို့ကတော့ စောသေးတယ်။ ဒီကြားနာမှုမှာ ဆွေးနွေးတာတွေကို အစီရင်ခံစာ တင်သွင်းမယ်။ ပြီးရင် လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးဦးမယ်။ ဒီဟာက ဥပဒေအဖြစ်တော့ ထွက်သွားမယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ မီမမီဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့။ အကောင်အထည်ဖော်ရမယ့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ်မှာ မူတည်ပါလိမ့်မယ်။ ရွေးကောက်ပွဲ ဥပဒေနဲ့ အဓိက သက်ဆိုင်တာကတော့ နိုင်ငံရေး ပါတီတွေပဲ။ နိုင်ငံရေး ပါတီတွေရဲ့ သဘောထားအမြင်က ဘယ်လိုရှိသလဲ။ ဒီဟာက အမျိုးသားလွှတ်တော်အတွက် ဆိုပေမယ့် ပြည်သူ့လွှတ်တော်ဘက်ကိုလည်း ပို့ရဦးမှာပါ။ ပြည်သူ့လွှတ်တော်ဘက်က ဘယ်လိုဆုံးဖြတ်မလဲ စောင့်ကြည့်ရဦးမှာပေါ့” ဟု ပြောကြားသည်။ကြားနာမှု အစီအစဉ်များကို ဧပြီ ၇ ရက်တွင် နိုင်ငံရေးပါတီ ၁၁ ခု၊ ဧပြီ ၈ ရက်တွင် နိုင်ငံရေးပါတီ ၂၀ တက်ရောက်ဆွေးနွေးမည် ဖြစ်သည်။     

Most Read

Most Recent