၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် အမှန်တကယ်ရောက်ရှိခြင်း ရှိ မရှိ စမ်းသပ်မှုဖြစ်သည့်အတွက် အရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် အမှန်တကယ်ရောက်ရှိခြင်း ရှိ မရှိ စမ်းသပ်မှုဖြစ်သည့်အတွက် အရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 4 April 2015
ဇေယျာနန္ဒ

၂ဝ၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် အမှန်တကယ်ရောက်ရှိခြင်း ရှိ မရှိ စမ်းသပ်မှုတစ်ခု ဖြစ်သည့်အတွက် အလွန်အရေးပါကြောင်း ဧပြီ ၄ ရက်တွင် Reuters သတင်းဌာနနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် က အလေးထားပြောကြားခဲ့သည်။၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ) မပြင်ဆင်ပါက ရွေးကောက်ပွဲ သပိတ်မှောက်ခြင်းကို ရွေးချယ်မှုတစ်ခုအနေဖြင့် စဉ်းစားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“ရွေးကောက်ပွဲကို သပိတ်မှောက်တာဟာ အကောင်းဆုံးရွေးချယ်မှုတစ်ခုလို့တော့ မထင်ပါဘူး။ ဒါပေမဲ့ ဒီရွေးချယ်မှုကို ပယ်ဖျက်ဖို့တော့ မရှိပါဘူး။ ကျွန်မတို့အနေနဲ့ ရွေးချယ်မှုတွေအားလုံးကို ထည့်သွင်းစဉ်းစား နေရပါတယ်” ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ပါက ရွေးကောက်ပွဲဝင်ရောက်ခြင်း ရှိ မရှိ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်။Reuters သတင်းဌာနနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီအနေဖြင့် အစိုးရတာဝန် ထမ်းဆောင်ရန် အဆင်သင့်ဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲမှုများ ပတ်သက်၍ မရိုးမသား လုပ်ဆောင်လာနိုင်ကြောင်းနှင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် လုပ်ဆောင်လာနိုင်ကြောင်း ပြောကြားခဲ့သည်။အဆိုပါတွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရကို ပြောရဆိုရခက်ခဲသော အစိုးရတစ်ရပ် (Hardline Regime) ဟု ခေါ်ဝေါ်ခဲ့ကြောင်း Reuters သတင်းဌာနတွင် ဖော်ပြထားသည်။“သမ္မတဦးသိန်းစိန်ဟာ ၂ဝ၁၁ ခုနှစ် စတင်တွေ့ဆုံစဉ်က ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အမှန်တကယ် ရိုးရိုးသားသား လုပ်ဆောင်ခဲ့ပေမယ့် အခုအချိန်မှာတော့ အဲဒီလို မဟုတ်တော့ပါဘူး။ တကယ်လို့ ပြုပြင်ပြောင်းလဲမှုတွေကို အမှန်တကယ် ဆက်လက်လုပ်ဆောင်မယ်ဆိုရင် ကျွန်မတို့ နိုင်ငံအနေနဲ့ လက်ရှိအနေအထားထက် အများကြီး ပိုမိုကောင်းမွန်လာနေပါပြီ” ဟု လွှတ်တော်အတွင်း Reuters သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်် သမ္မတဖြစ်ခွင့် တားဆီးခံထားရသော်လည်း အခြေခံဥပဒေသည် အစဉ်တည်မြဲနေသော အရာမဟုတ်သောကြောင့် သမ္မတဖြစ်နိုင်ခြေရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။“ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ဆိုတာ ခက်ခဲပါတယ်။ သူတို့ (အစိုးရ) က ဆွေးနွေးညှိနှိုင်းဖို့ ဒါမှမဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ဒါမှမဟုတ် ပြည်သူတွေရဲ့ ဆန္ဒကို အလေးအနက်ထားဖို့ စိတ်မဝင်စားပါဘူး။ သူတို့တွေကို သမာသမတ်ကျတယ်လို့ ပြောဖို့တောင် ခက်ခဲပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အလားတူ အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက မြန်မာအစိုးရအပေါ် ချီးမွမ်းမှုများကိုလည်း သူမက မေးခွန်းထုတ်ခဲ့ပြီး အနောက်နိုင်ငံများအနေဖြင့် အကောင်းမြင်လွန်းကြောင်း ဆက်လက်ပြောကြားခဲ့သည်။ သို့သော် တပ်မတော်နှင့် ဆက်ဆံရေး တည်ဆောက်မှုသည် အလွန်အရေးပါကြောင်း နှင့် တပ်မတော်နှင့် ပြည်သူအကြား သွေးကွဲမှုမဖြစ်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။“သူတို့ (တပ်မတော်) အနေနဲ့ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို အလွယ်တကူစွန့်လွှတ်မှာ မဟုတ်ဘူးဆိုတာ သိကြပါတယ်။ ကျွန်မတို့ အနေနဲ့ ခံယူချက်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ရမယ့်အချိန်ရှိသလို အတိတ်ကဖြစ်ရပ်တွေကို ပြန်အစမဖော်ဘဲ အမျိုးသားရင်ကြားစေ့ရေးကို လုပ်ဆောင်ရမယ့် အချိန်ဆိုတာလည်း ရှိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုများ ရှုတ်ချရေးပြောကြားခဲ့စဉ်က မည်သူမျှ စိတ်ဝင်စားမှုမရှိကြောင်း Reuters သတင်းဌာနက ပြောကြားခဲ့သည်။                  

Most Read

Most Recent