အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ လစဉ်ချီးမြှင့်ငွေကို ကျပ်ခြောက်သိန်းသို့ တိုးမြှင့်သတ်မှတ်ရန် အမျိုးသားလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။နေပြည်တော်တွင် မတ် ၃၁ ရက်ကပြုလုပ်သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ချီးမြှင့်ငွေ၊ စရိတ်များနှင့်ပတ်သက်၍ လွှတ်တော်သို့တင်ပြကာ အဆုံးအဖြတ်ရယူခဲ့ခြင်းဖြစ်သည်။"ပြည်ထောင်စုလွှတ်တော်က ၃၁-၁-၂၀၁၅ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁/၂၀၁၅ နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များရဲ့ လစဉ်ချီးမြှင့်ငွေကို ကျပ်သုံးသိန်းမှ ကျပ် ၁၀ သိန်းသို့လည်းကောင်း၊ တည်းခိုနေထိုင်စရိတ်ကို တစ်ရက်လျှင် ကျပ် ၂၀၀၀မှ ကျပ် ၅၀၀၀ သို့လည်းကောင်း၊ အခြားသုံးစရိတ်ကို တစ်ရက်လျှင် ကျပ် ၃၀၀၀ မှ ကျပ် ၅၀၀၀ သို့လည်းကောင်း၊ စားသောက်စရိတ်ကို တစ်ရက်လျှင် ကျပ် ၅၀၀၀ မှ ကျပ် ၁၀၀၀၀ သို့လည်းကောင်း တိုးမြှင့်ခံစားခွင့်ပြုခဲ့ပြီးဖြစ်ပါသဖြင့် အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များရဲ့ချီးမြှင့်ငွေနဲ့စရိတ်များကို အထိုက်အလျောက်ချီးမြှင့်ခံစားခွင့်၊ တိုးမြှင့်ခံစားခွင့်ပြုရန်လိုအပ်လာပါတယ်" ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကပြောကြားသည်။ထို့ကြောင့် ကော်မရှင်ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များ၏ လစဉ်ချီးမြှင့်ငွေကို ကျပ်သုံးသိန်းမှ ခြောက်သိန်းသို့လည်းကောင်း၊ တည်းခိုနေထိုင်စရိတ်ကို တစ်ရက်လျှင် ကျပ် ၂၀၀၀ မှ ၅၀၀၀ သို့လည်းကောင်း အခြားအသုံးစရိတ်ကို တစ်ရက်လျှင် ကျပ် ၃၀၀၀ မှ ကျပ် ၅၀၀၀ သို့လည်းကောင်း၊ စားသောက်စရိတ်ကို တစ်ရက်လျှင် ကျပ် ၅၀၀၀ မှ ကျပ် ၁၀၀၀၀ သို့လည်းကောင်း လာမည့် ဧပြီ ၁ ရက်မှစ၍ တိုးမြှင့်ခံစားခွင့်ပြုရန် သဘောတူ၊ မတူလွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့သည်။အဆိုပါကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ လစဉ်ချီးမြှင့်ငွေကို ကျပ်ခြောက်သိန်း၊ တည်းခိုနေထိုင်စရိတ်ကို တစ်ရက်လျှင် ကျပ် ၅၀၀၀၊ အခြားအသုံးစရိတ်ကို တစ်ရက်လျှင် ကျပ် ၅၀၀၀၊ အစားအသောက်စရိတ်ကို တစ်ရက်လျှင် ကျပ် ၁၀၀၀၀ သို့ တိုးမြှင့်သတ်မှတ်ရန်နှင့် အဆိုပါလစဉ်ချီးမြှင့်ငွေနှင့် စရိတ်များကို ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ခံစားခွင့်ပြုကြောင်း အမျိုးသားလွှတ်တော်က ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့သည်။အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်ကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ် ၂၆ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများကို အနိမ့်ဆုံးလစာ ကျပ် ၁၂၀၀၀၀ မှ အမြင့်ဆုံးလစာ ကျပ် ၅၀၀၀၀၀ တိုးမြှင့်သတ်မှတ်ပေးခဲ့သည်။
အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ လစဉ်ချီးမြှင့်ငွေကို ကျပ်ခြောက်သိန်းသို့ တိုးမြှင့်သတ်မှတ်















