၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် စုစုပေါင်းဘတ်ဂျက်တောင်းခံငွေ ကျပ်ဘီလျံ ၂၀၀၀၀ ကျော်ရှိပြီး ယခင်နှစ်ထက် ကျပ်ဘီလျံ ၁၁၇၀ နီးပါးတိုးလာကာ တောင်းခံငွေ၏ ကျပ် ၂၁၄ ဘီလျံကျော် (တစ်ရာခိုင်နှုန်းကျော်) ဖြတ်တောက်၍ လွှတ်တော်အတည်ပြု

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် စုစုပေါင်းဘတ်ဂျက်တောင်းခံငွေ ကျပ်ဘီလျံ ၂၀၀၀၀ ကျော်ရှိပြီး ယခင်နှစ်ထက် ကျပ်ဘီလျံ ၁၁၇၀ နီးပါးတိုးလာကာ တောင်းခံငွေ၏ ကျပ် ၂၁၄ ဘီလျံကျော် (တစ်ရာခိုင်နှုန်းကျော်) ဖြတ်တောက်၍ လွှတ်တော်အတည်ပြု
Published 31 March 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် စုစုပေါင်းဘတ်ဂျက်တောင်းခံငွေ ကျပ်ဘီလျံ ၂၀,၀၀၀ ကျော် (ကျပ် ၂၀၆၁၂ ဒသမ ၈၃၉ ဘီလျံ) ရှိပြီး ယခင်နှစ်ထက် ကျပ် ၁၁၇၀ ဘီလျံနီးပါးတိုးလာကာ တောင်းခံငွေ၏ ကျပ် ၂၁၄ ဘီလျံကျော်ဖြတ်တောက်၍ ၂၀၁၅ ဘဏ္ဍာနှစ် ဘတ်ဂျက်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှ မတ် ၃၁ ရက်တွင်အတည်ပြုခဲ့သည်။၎င်းတောင်းခံခဲ့သည့် ငွေကျပ် ၂၀,၀၀၀ ဘီလျံကျော်အနက် လွှတ်တော်မှ လျှော့ချဖြတ်တောက်သင့်သည်ဟု အဆိုပြုသည်ဗဟိုအဖွဲ့အစည်များနှင့် ဝန်ကြီးဌာနများ၏ ငွေလုံးငွေရင်းအသုံးစရိတ်များနှင့် သာမန်အသုံးစရိတ်များကို ပြည်ထောင်စုလွှတ်တော်မှဖြတ်တောက်ကာ ဘတ်ဂျက်ဥပဒေကြမ်းကို အတည်ပြုခဲ့ခြင်းဖြစ်သည်။အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေအဆိုပြုသည့် ဘတ်ဂျက်ဥပဒေကြမ်းပါ သာမန်သုံးငွေမှ နှစ်ရာခိုင်နှုန်းလျှော့ချရန်အဆိုအရ ဗဟိုအဖွဲ့အစည်း ၁၁ ခုမှ ကျပ်သန်းပေါင်း ၈၇၄ ဒသမ ၂၇၁ နှင့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ခုမှ ကျပ်သန်းပေါင်း ၁၇၉၇၃ ဒသမ ၆၃၂ ကို အသီးသီးဖြတ်တောက်ခဲ့သည်။ ထို့ကြောင့် ဦးဇော်မြင့်ဖေ၏အဆိုအရ စုစုပေါင်းဖြတ်တောက်နိုင်ခဲ့မှုမှာ ကျပ်သန်း ၁၈၈၄၇ ဒသမ ၉၀၃ (၁၈ ဘီလျံ ကျော်) ရှိမည်ဖြစ်သည်။ ဦးဇော်မြင့်ဖေ၏အဆိုအရ အများဆုံးဖြတ်တောက်ခံရသည့် ဝန်ကြီးဌာနမှာ ပညာရေးဝန်ကြီးဌာနဖြစ်ပြီး ကျပ်သန်းပေါင်း ၄၅၀၀ ကျော်ဖြတ်တောက်ခံခဲ့ရသည်။ထို့ပြင် လွှတ်တော်ကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏အဆိုပြုချက်များအရ ဝန်ကြီးဌာနသုံးခု၏ သာမန်အသုံးစရိတ် ကျပ်သန်း ၁၉၄၂၄ ဒသမ ၉၄၆ကို ထပ်မံဖြတ်တောက်ခဲ့သည်။ထို့နောက် ဥပဒေကြမ်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏အဆိုပြုချက်အရ ဝန်ကြီးဌာန ၁၁ ခု၏ ငွေလုံးငွေရင်းအသုံးစရိတ်၊ ထောက်ပံ့ငွေစုစုပေါင်း ကျပ်သန်း ၁၇၅၇၃၁ ဒသမ ၁၂၉ (ကျပ် ၁၇၅ ဘီလျံကျော်) ကို လွှတ်တော်မှဖြတ်တောက်ခဲ့သည်။ငွေလုံးငွေရင်းအသုံးစရိတ်ဖြတ်တောက်ခံရသည့် ဝန်ကြီးဌာနများထဲတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ စသည့်ဝန်ကြီးဌာနများ ပါဝင်ခဲ့သည်။ထိုသို့ အသီးသီးဖြတ်တောက်မှု၏ စုစုပေါင်းဘတ်ဂျက်ပမာဏမှာ ကျပ် ၂၁၄ ဘီလျံကျော်ရှိခဲ့သည်။ဝန်ကြီးဌာနများအနေဖြင့် ဘတ်ဂျက်တင်သွင်းနေသည့်ပုံစံကို မိမိသိရှိကြောင်း၊ သို့သော် မိမိအနေဖြင့်သိရှိသည်မှာ ကြာပြီဖြစ်သော်လည်း ဘေးမှသာထိုင်ကြည့်နေခဲ့ကြောင်း၊ ဝန်ကြီးဌာနများသည် နှစ်စဉ်ဘတ်ဂျက်အား စနစ်တကျစိစစ်တင်ပြသည်ဟုဆိုသော်လည်း နှစ်ကုန်၌တောင်းယူထားသည့်ငွေများသည် အမှန်တကယ်သုံးစွဲကုန်ကျမှု ရှိ၊ မရှိဆိုသည်မှ စာရင်းစစ်ဖူးသည့်သူများ သေချာစွာသိရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကဝေဖန်ထားသည်။    ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် စုစုပေါင်း ဘတ်ဂျက်တောင်းခံငွေကို မူလက ကျပ် ၂၀၈၂၆ ဒသမ ၈၃၉ တောင်းခံထားရပြီး အဆိုပါပမာဏမှ ၁ ရာခိုင်နှုန်းကျော်ကိုသာလျှော့ချနိုင်ခဲ့သဖြင့် အမှန်တောင်းခံငွေ ကျပ် ၂၀၆၁၂ ဒသမ ၈၃၉ ဘီလျံ ရှိခဲ့ခြင်းဖြစ်သည်။    ယခုဘဏ္ဍာနှစ်အတွက်တောင်းခံသော ငွေပမာဏသည် ယခင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ကတောင်းခံခဲ့သော ပမာဏနှင့် နှိုင်းယှဉ်ပါက ကျပ် ၁၁၇၀ ဘီလျံနီးပါး တိုးမြှင့်တောင်းခံခဲ့ခြင်းဖြစ်ပါသည်။ ယခင်ဘဏ္ဍာနှစ်ကတောင်းခံသုံးစွဲခဲ့သည့်ငွေမှာ ကျပ် ၁၉၄၄၃ ဒသမ ၃၁၆ ဘီလျံဖြစ်သည်။    သမ္မတဦးသိန်းစိန်လက်ထက် ပထမဆုံးတာဝန်ယူခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ကတောင်းခံခဲ့သော ပမာဏနှင့် နှိုင်းယှဉ်ပါက ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် (သမ္မတဦးသိန်းစိန်အစိုးရသက်တမ်းနောက်ဆုံးဘဏ္ဍာနှစ်) အတွက် တောင်းခံသောငွေပမာဏသည် နှစ်ဆခွဲကျော်တိုးမြှင့်လာခဲ့ခြင်းဖြစ်ပါသည်။    ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ငွေမှာ ကျပ် ၈၀၈၃ ဒသမ ၃၀၄ ဘီလျံသာရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၂၀၆၁၂ ဒသမ ၈၉၃ ဘီလျံရှိသည့်အတွက် နှစ်ဆခွဲကျော်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။    ထို့ပြင် သမ္မတဦးသိန်းစိန်လက်ထက်တွင် အစိုးရအသုံးစရိတ်အတွက် နှစ်အလိုက် ဘတ်ဂျက်တိုးမြှင့်တောင်းခံလျက်ရှိပြီး  ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၄၇၀၀ ဒသမ ၅၃၅ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၅၃၂၂ ဒသမ ၂၉၈ ဘီလျံ၊ ၂၀၁၃-၂၀၁၄  ဘဏ္ဍာနှစ်တွင် ကျပ် ၁၅၀၅ ဒသမ ၀၇၉ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၄၅၃၂ ဒသမ ၆၃၅ ဘီလျံရှိခဲ့ကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၁၁၇၀ ဘီလျံနီးပါး ဆက်တိုက်တိုးမြှင့်တောင်းခံခဲ့ခြင်းဖြစ်သည်။အစိုးရက ရငွေထက်သုံးငွေပိုယူခဲ့သဖြင့်  ဘတ်ဂျက်လိုငွေမှာ တစ်နှစ်ထက်တစ်နှစ်ပိုများလာပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် လိုငွေပမာဏ ၃၆၁၁ ဒသမ ၉၅ ဘီလျံရှိမည်ဖြစ်သည်။ ထိုပမာဏမှာ သမ္မတဦးသိန်းစိန်လက်ထက်တွင် အမြင့်ဆုံးရောက်လာခဲ့ခြင်းဖြစ်သည်။    ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးသည် ၃ ဒသမ ၅ ရာခိုင်နှုန်းရှိနေရာမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ငါးရာခိုင်နှုန်းကျော်အထိရှိလာမည်ဖြစ်သည်။သမ္မတဦးသိန်းစိန်လက်ထက် အစိုးရ၏အသုံးစရိတ်နှင့် ဘတ်ဂျက်လိုငွေများ (ကျပ်ဘီလျံ)
စဉ်
ဘဏ္ဍာရေးနှစ်
ရငွေ
သုံးငွေ
တိုးတောင်းခဲ့သောပမာဏ
ဘတ်ဂျက်လိုငွေ
လိုငွေနှင့် ဂျီဒီပီအချိုး
၁။
၂၀၁၁-၂၀၁၂ (အမှန်)
၆၄၅၃  ဒသမ ၆၅၈
၈၀၈၃  ဒသမ ၃၀၄
၄၇၀၀ ဒသမ ၅၃၅
၁၆၂၉ ဒသမ ၆၆
၃ ဒသမ ၅ ရာခိုင်နှုန်း
၂။
၂၀၁၂-၂၀၁၃ (အမှန်)
၁၂၁၅၄ ဒသမ ၈၄၇
၁၃၄၀၅ ဒသမ ၆၀၂
၅၃၂၂ ဒသမ၂၉၈
၁၂၅၀ ဒသမ ၇၆
၂ ဒသမ ၄၄ ရာခိုင်နှုန်း
၃။
၂၀၁၃-၂၀၁၄ (ရှေ့ပြေးအမှန်)
၁၄၁၅၅ ဒသမ ၄၆၇
၁၄၉၁၀ ဒသမ ၆၈၁
၁၅၀၅ ဒသမ ၀၇၉
၇၅၅  ဒသမ ၂၁
၁ ဒသမ ၂၇ ရာခိုင်နှုန်း
၄။
 ၂၀၁၄-၂၀၁၅ (ပြုပြင်ပြီး)
၁၆၈၉၁ ဒသမ ၅၀၅
၁၉၄၄၃ ဒသမ ၃၁၆
၄၅၃၂ ဒသမ ၆၃၅
၂၅၅၁ ဒသမ ၈၁
၃ ဒသမ ၈၅ ရာခိုင်နှုန်း
၅။
၂၀၁၅-၂၀၁၆ (ပြုပြင်ပြီး)
၁၇၀၀၀ ဒသမ ၀၅၀
၂၀၆၁၂ ဒသမ ၈၃၉
၁၁၆၉ ဒသမ ၅၂၃
၃၆၁၁ ဒသမ ၉၅
၅ ရာခိုင်နှုန်းကျော်
                  

Most Read

Most Recent