ယခင်အစိုးရလက်ထက် ဖမ်းဆီးခံရသူများနှင့် ထောင်တွင်းကွယ်လွန်သွားသူ ၁၀၀ ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို လူ့အခွင့်အရေးစုံစမ်းဖော်ထုတ်ရေးကော်မတီက မှတ်တမ်းတင်ခြင်းလုပ်ငန်း စတင်

ယခင်အစိုးရလက်ထက် ဖမ်းဆီးခံရသူများနှင့် ထောင်တွင်းကွယ်လွန်သွားသူ ၁၀၀ ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို လူ့အခွင့်အရေးစုံစမ်းဖော်ထုတ်ရေးကော်မတီက မှတ်တမ်းတင်ခြင်းလုပ်ငန်း စတင်
Published 24 March 2015
ကျော်ဇင်ဝင်း

၁၉၈၈ ခုနှစ်နောက်ပိုင်း ယခင်အစိုးရလက်ထက်အတွင်း ဖမ်းဆီးခံရသူများ၊ ထောင်တွင်းကွယ်လွန်သွားသူ ၁၀၀ ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအား နိုင်ငံရေးအင်အားစုများပါဝင်ဖွဲ့စည်းထားသော လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီက မတ် ၂၄ ရက်မှစတင်ကာ စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။    ထိုသို့စုံစမ်းဖော်ထုတ်ရာတွင် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံမှ(နဝတ၊ နအဖ) စစ်အစိုးရအုပ်ချုပ်မှုကာလများအတွင်း မတရားဖမ်းဆီးညှဉ်းပန်းနှိပ်စက်၊ ထောင်ချ၊ သေဆုံးခဲ့ရသူများအနက် ရှေးဦးစွာ အဆိုပါရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ် ၁၀၀ ထံ (သို့မဟုတ်) ကွယ်လွန်သွားခဲ့သူများ၏ မိသားစုဝင်များနှင့် မိတ်ဆွေများထံသို့ သွားရောက်မှတ်တမ်းတင်ခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။    "ဖြစ်စဉ်တွေနဲ့ပတ်သက်တဲ့ ကိစ္စအရပ်ရပ်အားလုံးကို ကျွန်တော်တို့ သွားရောက်တွေ့ဆုံမေးမြန်းပြီးတော့မှ အထောက်အထားအားလုံးယူမယ်။ တစ်ခုရှိတာက ကွယ်လွန်သွားတဲ့သူတွေကတော့ ကျန်ရစ်တဲ့မိသားစုတွေပေါ့။ နောက်တစ်ခါ ကွယ်လွန်သွားတဲ့အပြင် မိသားစုတွေမရှိတဲ့သူတွေကျရင် သူနဲ့ပတ်သက်တဲ့မိတ်ဆွေအသိုင်းအဝိုင်းတွေ သွားရောက်တွေ့ဆုံမယ်။ဒီလူတွေအကုန်မှတ်တမ်းတင်ဖို့ ကိုယ့်ဆီမှာရှိတဲ့လူအင်အားနဲ့လုပ်ရင် တစ်လ၊ တစ်လခွဲလောက်တော့ကြာနိုင်မယ်" ဟု ဦးဒေးဗစ်လှမြင့်ကပြောကြားသည်။    ယခုကဲ့သို့ ပုဂ္ဂိုလ် ၁၀၀ ၏ လူ့အခွင့်အရေးအခြေအနေ မှတ်တမ်းတင်ခြင်းလုပ်ငန်းစဉ်အား ကုလသမဂ္ဂလက်အောက်ခံ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများ၊ ဥရောပသမဂ္ဂ၊ နိုင်ငံတကာသံရုံးများ၊ ပြည်တွင်းအခြေစိုက် လူ့အခွင့်အရေးဆောင်ရွက်နေသည့်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများသို့ ပေးပို့အကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။    "ဒီကိစ္စတစ်ခုက ကျွန်တော်တို့တွေပဲလုပ်လို့မရဘူး။ ဒီလုပ်ငန်းစဉ်ကြီးက တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့လုပ်ငန်းစဉ်ဖြစ်တာကြောင့် အားလုံးပူးပေါင်းပါဝင်နိုင်အောင် ကျွန်တော်တို့အသိပေးစာပို့ရခြင်းဖြစ်တယ်" ဟု ဦးဒေးဗစ်လှမြင့်ကပြောကြားသည်။    လူ့အခွင့်အရေး စုံစမ်းဖော်ထုတ်ရေးကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြင်ပရောက်ပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းထားသည့် ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ (UNDO) ကဦးဆောင်၍ အခြားနိုင်ငံရေးအင်အားစုများပါဝင်ထည့်သွင်းကာ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် နာယကလေးဦး၊ ဥက္ကဋ္ဌတစ်ဦး၊ အတွင်းရေးမှူးအဖွဲ့ဝင်ခြောက်ဦးနှင့် စုစုပေါင်းအဖွဲ့ဝင် ၇၀ ခန့်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။    ယင်းလူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းရေးကော်မတီ (Investigative Committee on Violation of Human Right) ကို တစ်စုံတစ်ဦးအား အပြစ်ပေးအရေးယူရန်အတွက်မဟုတ်ဘဲ အနာဂတ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများမဖြစ်ပွားစေရေးနှင့် ကာကွယ်စောင့်ရှောက်နိုင်ရေးတို့ကို ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။    ထို့အတူ ယခုကဲ့သို့ လူ့အခွင့်အရေးကော်မတီဖွဲ့စည်း၍ ယခင်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖော်ထုတ်ခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်မည်မဟုတ်ကြောင်း ကော်မတီအတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က သုံးသပ်ပြောကြားထားသည်။        အဆိုပါကော်မတီတွင် ရွှေဝါရောင်သံဃာတော်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ရှစ်လေးလုံးအရေးတော်ပုံတွင်ပါဝင်ခဲ့ကြသူများ၊ ကျောင်းသားခေါင်းဆောင်များ၊ လွှတ်တော်ပြင်ပ နိုင်ငံရေးအဖွဲ့အစည်းများ၊ ပြည်သူအကျိုးပြု လူမှုအဖွဲ့အစည်းများ၊ တရားရေးနှင့် ဥပဒေပညာရှင်များ၊ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ ၁၉၆၂ ခုနှစ်ကျောင်းသားခေါင်းဆောင်များ၊ ကိုကိုးကျွန်းပြန်နိုင်ငံရေးသမားကြီးများ၊ အလုပ်သမားအရေးအခင်းခေါင်းဆောင်များ၊ မှိုင်းရာပြည့်ခေါင်းဆောင်များ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင်များ၊ ကျွန်းဆွယ်အရေးအခင်းခေါင်းဆောင်များ၊ ဦးသန့်အရေးအခင်းခေါင်းဆောင်များ စသည်တို့ပါဝင်ကြောင်း သိရသည်။    

Most Read

Most Recent