လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြီးစလွယ်မလုပ်စေချင်ကြောင်းနှင့် မှားပါက ဝန်ခံရန် ပြည်ထောင်စုလွှတ်တော်နာယကပြောကြား

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြီးစလွယ်မလုပ်စေချင်ကြောင်းနှင့် မှားပါက ဝန်ခံရန် ပြည်ထောင်စုလွှတ်တော်နာယကပြောကြား
Published 24 March 2015

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြီးစလွယ်မလုပ်ကြရန်နှင့် မှားပါက ပြင်ရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကပြောကြားသည်။မတ် ၂၄ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးစဉ် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက "ကျွန်တော်တို့ ကိစ္စတစ်ခုမှ ပြီးစလွယ်မလုပ်စေချင်ပါဘူူး။ မှားရင်ပြင်မယ်။ မှားရင်ဝန်ခံမယ်။ ဒါမှလည်း ဖြစ်မယ့်ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့အစကပြောခဲ့သလို ဘယ်သူ့အတွက်လည်း အစိုးရဘက်အတွက်လည်းမဟုတ်ဘူး။ လွှတ်တော်အတွက်လည်းမဟုတ်ဘူး။ ဒီနေ့ကိစ္စအားလုံးက ပြည်သူ့အတွက်ပဲ ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်" ဟုပြောကြားသည်။၎င်းက လွှတ်တော်အတွင်း တစ်နာရီဆွေးနွေးနိုင်ရန်အတွက် လွှတ်တော်ပြင်ပတွင် အချိန်သုံးနာရီမှ ၁၀ နာရီခန့်အထိ အလုပ်လုပ်နေရသဖြင့် လွှတ်တော်တွင်းတင်ပြလာသည့် ဥပဒေကြမ်းဖြစ်စေ၊ လွှတ်တော်ကတင်ပြလိုက်သည့် အဆိုဖြစ်စေ၊ မေးခွန်းဖြစ်စေ သက်ဆိုင်ရာတာဝန်ရှိသည့်လူများက အလေးထားဆောင်ရွက်ရန်လိုအပ်သည်ဟု တင်ပြလိုကြောင်း ဆက်လက်ပြောကြားသည်။"ကြားဖြတ် ကျွန်တော့်အနေနဲ့တင်ပြချင်တာက အခွန်ဥပဒေကိုဆွေးနွေးတဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်များထဲမှ တာဝန်ပေးခြင်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်များရယ်။ လွှတ်တော်ကိုယ်စားလှယ်များနဲ့အတူ ဆွေးနွေးကြတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများက ဘယ်လောက်ထိ အချိန်ယူပင်ပန်းခံလုပ်တယ်ဆိုတာ နားထောင်ရင်သိပါတယ်။ လွှတ်တော်ထဲမှာ တစ်နာရီဆွေးနွေးတယ်ဆိုရင် အပြင်မှာ သုံးနာရီကနေ ၁၀ နာရီလောက်အလုပ်လုပ်ရပါတယ်။ တစ်နည်းအားဖြင့်ပြောမယ်ဆို ကျွန်တော်တို့လွှတ်တော်မှာ ဒီလိုပွင့်ပွင့်လင်းလင်း ထင်သာမြင်သာရှိအောင် ဒီနေ့ပြောနေတဲ့ ဒီမိုကရေစီတာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု အပြည့်အဝဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် လွှတ်တော်ကိုတင်ပြလာတဲ့ ဥပဒေကြမ်းပဲဖြစ်ဖြစ်၊ ထိုနည်းတူစွာပဲ လွှတ်တော်ကတင်ပြလိုက်တဲ့ အဆိုပဲဖြစ်ဖြစ် မေးခွန်းပဲဖြစ်ဖြစ် သက်ဆိုင်ရာတာဝန်ရှိတဲ့လူများကလည်း အလေးထားဆောင်ရွက်ဖို့လိုတယ်လို့ ကျွန်တော်တို့တွေဒီနေရာမှာ ကြုံတုန်းတင်ပြလိုပါတယ်။ ကျွန်တော်မနေ့ကပြောခဲ့ပါတယ်။ ရာသီဥတုကြောင့်လား။ ဇီဝကမ္မကြောင့်လား။ သို့မဟုတ် Pressure ကြောင့်လားမသိဘူး။ ချွေးတွေတအားထွက်တယ်။ အဲဒီအတိုင်းပဲ အခွန်ကိစ္စနဲ့ပတ်သက်လို့ အင်မတန်အငြင်းပွားပြီး ဆွေးနွေးခဲ့တဲ့ကိစ္စကို ဒီနေ့စပြီးဆောင်ရွက်မယ်။ လွှတ်တော်ကိုယ်စားလှယ်များ သည်းခံပြီးဆောင်ရွက်ပါလို့ ပြောခဲ့တာရှိပါတယ်။ အခုလည်း သည်းခံစိတ်၊ မျှတတဲ့စိတ်နဲ့ စေတနာထားပြီးဆောင်ရွက်တဲ့အတွက် အခုလိုကြေညာခြင်းဖြစ်ပါတယ်" ဟု ပြည်ထောင်စုလွှတ်တော်နာယကက ပြောကြားသည်။ထို့နောက် ၂၀၁၅ ခုနှစ် အခွန်အကောက် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက်ဆွေးနွေးကာ အတည်ပြုခဲ့ကြသည်။

Most Read

Most Recent