လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ NCCT နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ယနေ့တွေ့ဆုံ ဆွေးနွေးမည်

လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ NCCT နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ယနေ့တွေ့ဆုံ ဆွေးနွေးမည်
Published 24 March 2015
ဇာလီမြင့်ဦး

လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)မှ ခေါင်းဆောင်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် မတ် ၂၄ ရက် (ယနေ့) တွင် ရန်ကုန်မြို့ Green Hill ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် အရပ်ဘက်အဖွဲ့အစည်းများမှာ ယခုတစ်ကြိမ်သည် လေးကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်ပြီး ၂ဝ၁၄ စက်တင်ဘာက နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။“အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ အပါအဝင် တခြားငြိမ်းချမ်းရေးနဲ့ သက်ဆိုင်ရာ အကြောင်းအရာတချို့ကို ဆွေးနွေးကြမယ့်သဘောပါ။ NCCT ဘက်ကလည်း သူတို့နဲ့ UPWC နဲ့ အပစ်ရပ်မူကြမ်း ဆွေးနွေးနေမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အခြေအနေတွေကို ပြောပြမယ်။ ကျွန်တော်တို့ အဖွဲ့အစည်းတွေဘက်ကလည်း လုပ်ဆောင်ဖို့ လိုအပ်ချက်တွေကို တင်ပြသွားမယ့် သဘောပါ” ဟု Gender and Development Initiative မှ ဒါရိုက်တာ ဦးဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ခေါင်းဆောင်များသည် ရန်ကုန်တွင်ပြုလုပ်ခဲ့ပြီးသော အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ပြီးစီးတိုင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပုံမှန်တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။တွေ့ဆုံဆွေးနွေးရာတွင် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအနေဖြင့် စစ်ဘေးဒုက္ခသည်များ ပြန်လည်နေရာချထားရေးကိစ္စ၊ အမျိုးသမီးကဏ္ဍ၊ အပစ်အခတ်ရပ်စဲရေး လေးစားလိုက်နာမှု ရှိမရှိ အရပ်သားစောင့်ကြည့်ရေး အဖွဲ့ဆိုင်ရာ ကိစ္စ၊ တိုင်းရင်းသားဒေသများတွင် ရင်းနှီးမြှုပ်နှံမှုနှင့် မြေယာပြဿနာကိစ္စ၊ ပညာရေးမူဝါဒ အပြောင်းအလဲ၊ အစိုးရနှင့် အချို့သော လက်နက်ကိုင်အဖွဲ့များ၏ တိုက်ပွဲများကိစ္စနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ပညာပေးရေးကိစ္စ စသည့်ကဏ္ဍအလိုက် မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။လက်ရှိတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ခုနစ်ကြိမ်မြောက် အပစ်ရပ်စဲရေး ဆွေးနွေးမှုကို ရန်ကုန်မြို့၌ မတ် ၁၇ ရက်မှ ၂၂ ရက်အထိ ခြောက်ရက်ကြာ ပြုလုပ်ခဲ့သည်။သို့သော် အပစ်ရပ်စဲရေးစာချုပ် မူကြမ်းပါ အခန်းခုနစ်ခန်းရှိ အပိုဒ်ပေါင်း ၃ဝ နှင့် အပိုဒ်ခွဲပေါင်း ၈၁ ခုတို့ကို ပြီးဆုံးအောင် ဆွေးနွေးနိုင်ခဲ့သော်လည်း နှစ်ဖက်သဘောတူရန် ကျန်နေသည့် အချက်လေးချက် ရှိနေသေးသဖြင့် ဆွေးနွေးမှုကို ခုနစ်ရက်ကြာ ရပ်နားပြီး မတ် ၃ဝ ရက်တွင် ရန်ကုန်မြို့၌ပင် ပြန်လည်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။     

Most Read

Most Recent