နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ လေးနှစ်အတွင်း ဒေါ်လာ ၁၇ ဒသမ ၅ဘီလျံရှိပြီး လျှပ်စစ်နှင့် စက်မှုလက်မှု ကဏ္ဍများတွင် အများဆုံး ရင်းနှီးမြှုပ်နှံကြောင်း စီးပွားကူးသန်းဝန်ကြီး ပြောကြား

နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ လေးနှစ်အတွင်း ဒေါ်လာ ၁၇ ဒသမ ၅ဘီလျံရှိပြီး လျှပ်စစ်နှင့် စက်မှုလက်မှု ကဏ္ဍများတွင် အများဆုံး ရင်းနှီးမြှုပ်နှံကြောင်း စီးပွားကူးသန်းဝန်ကြီး ပြောကြား
Published 23 March 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ လေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅ ဘီလျံရှိပြီး လျှပ်စစ်နှင့် စက်မှုလက်မှု ကဏ္ဍများတွင် အများဆုံး ရင်းနှီးမြှုပ်နှံကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။ဝန်ကြီးဦးဝင်းမြင့်က နေပြည်တော်တွင် မတ် ၂၃ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၏ အဆိုနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက “နိုင်ငံတော်၏ ကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်မှုလိုငွေ မဖြစ်ပေါ်စေရေးအတွက် ပို့ကုန်ဦးဆောင်သည့် တိုးတက်မှုပုံစံဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရေး နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။“နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး ယခုဘဏ္ဍာနှစ် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှာ အများဆုံး ဝင်ရောက်လာခဲ့ပါတယ်။ လေးနှစ်အတွင်း FDI အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅ ဘီလျံရှိခဲ့ပြီး အများဆုံးရင်းနှီးတဲ့ ကဏ္ဍတွေကတော့ လျှပ်စစ်နှင့် စက်မှုလက်မှု ကဏ္ဍများ ဖြစ်ပါတယ်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုရော FDI ပါ ထုတ်လုပ်မှုကဏ္ဍများမှာ ပိုမိုရင်းနှီးမြှုပ်နှံလာကြတဲ့အတွက် ဈေးကွက်ကို ဦးတည်သည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပါတယ်” ဟု  ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု၌ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် လုပ်ငန်းပေါင်း ၃၄ ခု၌ ရင်းနှီးမြှုပ်နှံမှုမှာ ကျပ် ၂၄ဝ ဘီလျံ၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် လုပ်ငန်းပေါင်း ၆၅ ခု၌ ကျပ် ငွေ ၁၁ဝ၄ ဘီလျံနှင့် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် လုပ်ငန်းပေါင်း ၆၈ ခု၌ ငွေကျပ် ၁၂၆၈ ဘီလျံအထိရှိပြီး အများဆုံးရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများမှာ ဟိုတယ်နှင့် ခရီးသွားလာရေးနှင့် စက်မှုလက်မှု လုပ်ငန်းများဖြစ်ကြောင်း ဝန်ကြီးဦးဝင်းမြင့်က ဆိုသည်။နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုပစ္စည်း တင်သွင်းမှုများခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပစ္စည်းများ တင်သွင်းခြင်း၊ မော်တော်ယာဉ်၊ ယာဉ်ယန္တရားများ တင်သွင်းခဲ့ခြင်း စသည့်ကိစ္စရပ်များကြောင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် မတ် ၁၃ ရက်အထိ အမေရိကန်ဒေါ်လာ ၅ဝ၈၂ ဒသမ ၄၅၆ သန်း ပို့ကုန်တန်ဖိုးထက် သွင်းကုန်တန်ဖိုးက ပိုမိုခဲ့ကြောင်း သတင်းရရှိသည်။ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့သည့် လုပ်ငန်းရှင်များအတွက် အားသာချက်ဖြစ်စေမည့် ဥရောပသမဂ္ဂ၏ GSP ခံစားခွင့်ကို ရရှိခဲ့ပြီး အခြားနိုင်ငံများနှင့်လည်း အခွန်လျှော့ပေါ့မှုနှင့် ကင်းလွတ်ခွင့်များရရှိရန် ဆွေးနွေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။    

Most Read

Most Recent