တိုးမြှင့်သတ်မှတ်မည့် ဝန်ထမ်းလစာ နှုန်းထားများအား မတ် ၂၅ ရက်ပြုလုပ်မည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး၌ အတည်ပြုပြီးမှသာ လွှတ်တော်သို့ ပေးပို့မည်ဟု သမ္မတ အကြောင်းပြန်

တိုးမြှင့်သတ်မှတ်မည့် ဝန်ထမ်းလစာ နှုန်းထားများအား မတ် ၂၅ ရက်ပြုလုပ်မည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး၌ အတည်ပြုပြီးမှသာ လွှတ်တော်သို့ ပေးပို့မည်ဟု သမ္မတ အကြောင်းပြန်
Published 23 March 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက်

တိုးမြှင့်သတ်မှတ်မည့် ဝန်ထမ်းလစာ နှုန်းထားများအား မတ် ၂၅ ရက် ပြုလုပ်မည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ အတည်ပြုပြီးမှသာ လွှတ်တော်သို့ပေးပို့မည်ဟု နိုင်ငံတော်သမ္မတက လွှတ်တော်သို့ အကြောင်းပြန်ခဲ့သည်။ထိုသို့ နိုင်ငံတော်သမ္မတက လွှတ်တော်သို့ အကြောင်းပြန်ထားကြောင်း မတ် ၂၃ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ကြေညာခဲ့သည်။နေပြည်တော်တွင် မတ် ၂၀ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်းက “ပြည်ထောင်စု အစိုးရအဖွဲ့က တင်သွင်းထားသည့် ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း အတည်ပြုနိုင်ရန် တိုးမြှင့်ပြင်ဆင်ပေးမည့် လစာနှုန်းထားများ လျာထားချက်စာရင်းကို ၂၃-၃-၂၀၁၅ ရက် နောက်ဆုံးထား ပေးပို့နိုင်ရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အရေးကြီးအဆိုကို တင်သွင်းခဲ့သည်။၎င်းအရေးကြီးအဆိုအား လွှတ်တော်၌ အဆုံးအဖြတ် ရယူရာတွင် ကန့်ကွက်သူ မရှိခဲ့သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအတွက် တိုးမြှင့်ပြင်ဆင်ပေးမည့် လစာနှုန်းထားများ လျာထားချက်စာရင်းကို မတ် ၂၃ ရက် နောက်ဆုံးထားပေးပို့ရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။၎င်းကိစ္စအပေါ် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ဦးစောလှထွန်း တင်သွင်းသော အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ သိရှိသုံးသပ် ဆောင်ရွက်နိုင်ရန် လွှတ်တော်နာယက,က နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့မှုအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းထားသည့် ၂၀၁၅ ခုနှစ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းဆိုင်ရာ တိုးမြှင့်ပြင်ဆင်ပေးမည့် လစာနှုန်းထားများ လျာထားချက်စာရင်းကို ၂၃-၃-၂၀၁၅ ရက် နောက်ဆုံးထားပေးပို့နိုင်ရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများ၏ လစာစရိတ် နှုန်းထားများ တိုးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအဆင့်များဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ တိုးမြှင့်လစာစရိတ် နှုန်းထားများ လျာထားသတ်မှတ်နိုင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ပြုလုပ်ဆောင်ရွက်ခြင်း၊ တိုးမြှင့်သတ်မှတ်မည့် လစာစရိတ်များအတွက် ဘဏ္ဍာငွေလျာထားချက်မှာ သက်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းများ ပြည်ထောင်စုဝန်ကြီးဌာနများ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေစာရင်းတွင် လျာထားခြင်း တိုးမြှင့်သတ်မှတ် လစာစရိတ်နှုန်းထားများ အတည်ပြုနိုင်ရန်နှင့် အမိန့်ကြေညာစာ ထုတ်ပြန်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြဆွေးနွေးမည်။ တိုးမြှင့်သတ်မှတ်မည့် လစာနှုန်းထားများအား အတည်ပြုနိုင်ရန်နှင့် အမိန့်ကြေညာစာ ထုတ်ပြန်ဆောင်ရွက်နိုင်ရန်အတွက် ၂၅-၃-၂၀၁၅ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် တင်ပြ၍ အတည်ပြချက်ရယူရန် စီစဉ်ထားရှိပါသည်။ ရည်ညွှန်းစာပါအချက်နှင့် စပ်လျဉ်း၍ ၂၅-၃-၂၀၁၅ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုပြီး ပေးပို့သွားမည်ဖြစ်ကြောင်း ပြန်ကြားအပ်ပါသည်။ ပြီးခဲ့တဲ့ ၂၀ ရက်က အရေးကြီးအဆိုနဲ့ ပတ်သက်ပြီးတော့ သမ္မတဆီက အကြောင်းပြန်တဲ့အရာ ဖြစ်ပါတယ်။ ဒီနေ့တော့ မပေးပိ့ုနိုင်သေးဘူး။ ၂၅ ရက်မှ ဆုံးဖြတ်ပြီး ပေးပို့မယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်များ သိရှိနိုင်အောင် တင်ပြခြင်းဖြစ်ပါတယ်” ဟု လွှတ်တော်၌ အသိပေးပြောကြားသည်။ဝန်ထမ်းများ၏ လစာစရိတ်မှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေတွင် ၂ ဒသမ ၀၄၂ ကျပ်ထရီလျံဖြစ်ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ခန့်မှန်းခြေတွင် ပြည်ထောင်စု၏ အသုံးစာရင်း၌ ၂ ဒသမ ၆၄၃ ကျပ် ထရီလျံ လျာထားပြီး တိုးမြှင့်လျာထားငွေမှာ ၆၀၁ ကျပ်ဘီလျံဖြစ်ကာ ရာခိုင်နှုန်းအားဖြင့် ၂၉ ဒသမ ၄၄ ရာခိုင်နှုန်း တိုးမြှင့်ထားသည်။ သို့သော် ပမာဏ မည်မျှတိုးမြှင့်ပေးမည်ကို အသေးစိတ်တင်ပြထားခြင်း မရှိပေ။

Most Read

Most Recent