မြန်မာ့နိုင်ငံရေးတွင် တပ်မတော်သည် အရေးပါသည့်ကဏ္ဍမှ ဆက်လက်ပါဝင်နေမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်ပြောကြား

မြန်မာ့နိုင်ငံရေးတွင် တပ်မတော်သည် အရေးပါသည့်ကဏ္ဍမှ ဆက်လက်ပါဝင်နေမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်ပြောကြား
Published 20 March 2015

ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကိုထောက်ပံ့နိုင်ရန်အတွက် မြန်မာ့နိုင်ငံရေးတွင် တပ်မတော်မှ ဆက်လက်ပါဝင်နေမည်ဖြစ်ကြောင်း BBC သတင်းဌာနနှင့်တွေ့ဆုံ စဉ် သမ္မတဦးသိန်းစိန်ကပြောကြားသည်။"တပ်မတော်ကြောင့် ပြုပြင်ပြောင်းလဲမှုတွေရပ်တန့်နေတယ်ဆိုတာ မဟုတ်ပါဘူး။ တပ်မတော်ဟာပါတီနိုင်ငံရေးမှာ ပါဝင်မှုမရှိပါဘူး။ အမျိုးသားအကျိုးစီးပွားအတွက်ပဲ လုပ်ဆောင်နေတာပါ။ တပ်မတော်မှာတာဝန်နှစ်ရပ်ရှိပါတယ်။ စစ်ပွဲကာလမှာ တိုင်းပြည်အတွက်တိုက်ပွဲဝင်ဖို့နဲ့ စစ်ပွဲမရှိတဲ့ကာလတွေမှာ ပြည်သူတွေရဲ့အကျိုးစီးပွားကိုထမ်းဆောင်ပေးဖို့ပါ။ ပြည်သူတွေရဲ့အကျိုးစီးပွားကို ထမ်းဆောင်တယ်ဆိုတာ အမျိုးသားနိုင်ငံရေးပါပဲ" ဟု သမ္မတ၏ပြောကြားချက်ကို BBC မှ မတ် ၂၀ ရက်တွင်ထုတ်လွှင့်ခဲ့သည်။တပ်မတော်သည် အာဏာရှင်အုပ်ချုပ်မှုပုံစံမှ ဒီမိုကရေစီအုပ်ချုပ်ရေးသို့ပြောင်းလဲမှုကိုစတင်ခဲ့သည့်အတွက် ပြုပြင်ပြောင်းလဲမှု၏အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိရန်လိုအပ်သည်ဟု ဦးသိန်းစိန်က ယုံကြည်ကြောင်းလည်း BBC တွင်ဖော်ပြထားသည်။"ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီဖွံ့ဖြိုးဖို့အတွက် တပ်မတော်ကနေကူညီပံ့ပိုးပေးနေတာပါ။ နိုင်ငံရေးပါတီတွေရဲ့ စံချိန်စံနှုန်းတွေနဲ့ လုပ်ဆောင်မှုတွေ ရင့်ကျက်လာတာနဲ့အမျှ တပ်မတော်ရဲ့အခန်းကဏ္ဍကလည်း ပြောင်းလဲသွားမှာပါ" ဟု ဦးသိန်းစိန်က ဆက်လက်ပြောကြားသည်။သို့သော် မည်သည့်အချိန်တွင် တပ်မတော်သည် နိုင်ငံရေးမှဖယ်ရှားပေးမည်ကို သမ္မတကပြောကြားခြင်းမရှိဘဲ "ပြည်သူ့ဆန္ဒနှင့်အညီ တဖြည်းဖြည်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်များကို ကန့်ကွက်မည်မဟုတ်ကြောင်းနှင့် ထိုအချက်သည် လွှတ်တော်မှဆုံးဖြတ်ရမည့်အရာဖြစ်ပြီး လိုအပ်ပါက ပြည်သူ့ဆန္ဒခံယူပွဲမှတစ်ဆင့် ဆောင်ရွက်ရမည့်အရာသာဖြစ်ကြောင်း BBC သို့ပြောကြားသည်။ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရွေးကောက်ပွဲဝင်ရောက်ခွင့် ပိတ်ပင်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (စ) နှင့်ပတ်သက်၍လည်း သမ္မတက "ကျွန်တော်တို့နိုင်ငံဟာ လူဦးရေထူထပ်သိပ်သည်းတဲ့ အိန္ဒိယနဲ့တရုတ်နိုင်ငံကြားမှာတည်ရှိတဲ့အတွက် အချုပ်အခြာအာဏာပိုင်ခွင့်နဲ့ နိုင်ငံတော်တည်တံ့ခိုင်မြဲရေးကိုကာကွယ်ဖို့အတွက် နိုင်ငံ့ခေါင်းဆောင်တွေဟာ အမြဲကြိုးစားဖို့လိုပါတယ်။ ဒီလိုစိုးရိမ်မှုတွေ ထည့်သွင်းစဉ်းစားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတာပါ" ဟု ရှင်းလင်းပြောကြားသည်။

Most Read

Most Recent