အဓိပ္ပာယ်ပြည့်ဝသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို မြန်မာနိုင်ငံအနေဖြင့် ဖန်တီးလိုပါက ဂျာနယ်လစ်များအား ဖမ်းဆီးစစ်ဆေး ထောင်ချမှုများ ရပ်ဆိုင်းရန်လိုဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ပြောကြား

အဓိပ္ပာယ်ပြည့်ဝသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို မြန်မာနိုင်ငံအနေဖြင့် ဖန်တီးလိုပါက ဂျာနယ်လစ်များအား ဖမ်းဆီးစစ်ဆေး ထောင်ချမှုများ ရပ်ဆိုင်းရန်လိုဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ပြောကြား
Published 19 March 2015

အဓိပ္ပာယ်ပြည့်ဝသော ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို မြန်မာနိုင်ငံအနေဖြင့် ဖန်တီးလိုပါက ဂျာနယ်လစ်များအား ဖမ်းဆီးထောင်ချနေခြင်းများကို ရပ်ဆိုင်းသွားရန် လိုအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စရန်ဟီလီက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီလီက ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ မတ် ၁၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော သတင်းတစ်ရပ်တွင် မြန်မာ့ဒီမိုကရေစီ အရေးနှင့်ပတ်သက်ပြီး တိုက်တွန်းပြောကြား လိုက်ခြင်းဖြစ်သည်။ ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လမ်းစဉ်ကို ထိခိုက်မှုမရှိစေရန် ကြုံတွေ့ရနိုင်သည့်  စိန်ခေါ်မှုများအပေါ် အစိုးရအနေဖြင့် အမြန်ဆုံးဖြေရှင်းရန် လိုအပ်မည် ဖြစ်ကြောင်းလည်း ပြောကြားထားသည်။
မစ္စရန်ဟီလီက “ဒီမိုကရေစီ အသိုက်အဝန်းမှာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာတွေဟာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ပါတယ်။ အစိုးရရဲ့ မီဒီယာ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုပေမယ့် သတင်းထောက်တွေကို ဖမ်းဆီးစစ်ဆေးမှုတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့အပေါ် စိုးရိမ်မိပါတယ်။ ၂ဝ၁၄ ခုနှစ်အတွင်းမှာ ဂျာနယ်လစ် ၁ဝ ဦးအထိ ဖမ်းဆီးထောင်ချ မှုကိုလည်း စိုးရိမ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဓိပ္ပာယ်ပြည့်စုံတဲ့ ဒီမိုကရေစီ တည်ဆောက်လိုတယ်ဆိုရင် အခုလို လုပ်ရပ်တွေကို ရပ်တန်းက ရပ်သင့်ပါတယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ၂ဝ၁၄ ခုနှစ်အတွင်း ထောင်ဒဏ်ချမှတ်ခံရသည့် ဂျာနယ်လစ် ၁ဝ ဦးရှိခဲ့သည့်အပြင် တရားရုံးများတွင် တရားရင်ဆိုင်နေရသည့်  ဂျာနယ်လစ် ၁၉ ဦးအထိ ရှိခဲ့သည်။
ထောင်ဒဏ်ချမှတ်ခံရသည့် သတင်းထောက်များအနက် ယူနတီဂျာနယ်လစ် ငါးဦးကို ၂ဝ၁၄ ခုနှစ် ဇူလိုင်လအတွင်းက  နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခဲ့သည်။ ထို့အတူ Bi မွန်းတည့်နေ ဂျာနယ်လစ် ငါးဦးကိုလည်း ၂ဝ၁၄ ခုနှစ် အောက်တိုဘာလအတွင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုနှင့် ပြည်သူလူထုကို အထိတ်တလန့် ဖြစ်စေသော ပုဒ်မ ၅ဝ၅(ခ)ဖြင့် ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
Bi မွန်းတည့်နေ ဂျာနယ်လစ်များကို တရားစွဲဆိုချိန်တွင် သတင်းမီဒီယာဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီး ဖြစ်သော်လည်း ထိုဥပဒေ၏ အကာအကွယ်ကို လုံးဝမရရှိခဲ့ဘဲ စစ်အစိုးရလက်ထက် နိုင်ငံရေးသမားများကို အရေးယူလေ့ရှိသော ဥပဒေပုဒ်မဖြင့် အရေးယူ အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် မတ် ၁ဝ ရက်က လက်ပံတန်းတွင် ကျောင်းသားများနှင့် ပြည်သူများအပေါ် အင်အားသုံးဖြိုခွင်းခဲ့မှုတွေကို သိရှိရသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားသူ အချို့ကို အစိုးရက ပြန်လွှတ်ပေးမှုအပေါ် ကြိုဆိုသော်လည်း ကျန်သည့်သူများ အားလုံးကို လွှတ်ပေးရန် မိမိအနေဖြင့် တောင်းဆိုတိုက်တွန်းလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စရန်ဟီလီက ပြောကြားခဲ့သည်။
 

Most Read

Most Recent