ငြိမ်းချမ်းရေးအတွက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်၌ ယနေ့တွေ့ဆုံမည်

ငြိမ်းချမ်းရေးအတွက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်၌ ယနေ့တွေ့ဆုံမည်
Published 15 March 2015

ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို/ကေအိုင်အေ)တို့သည် မတ် ၁၅ ရက် (ယနေ့) နံနက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
လက်ရှိအစိုးရနှင့် အပစ်ရပ်စဲရေး မလုပ်ဆောင်နိုင်သေးသည့် ကေအိုင်အိုအဖွဲ့၏ ယခု နေပြည်တော်ခရီးစဉ်သည် ၂ဝ၁၁ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ကြောင်း၊ ဒုတိယသမ္မတနှင့် တွေ့ဆုံပြီးနောက် တပ်မတော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။
 
Myanmar Peace Center  မှ ဦးအောင် နိုင်ဦးက “မနက်ဖြန်တော့ ကေအိုင်အိုနဲ့ ဒုတိယသမ္မတနဲ့ တွေ့မယ်လေ။ UPWC  ဥက္ကဋ္ဌ ဒေါက်တာစိုင်းမောက်ခမ်းနဲ့တွေ့မှာ။ မနက် ကိုးနာရီတွေ့မှာပေါ့။ တပ်မတော်ကိုယ်စားလှယ်တွေနဲ့တွေ့ဖြစ်မယ်။ ဘယ်မှာတွေ့မယ် ဘယ်သူနဲ့တွေ့မယ်ဆိုတာတော့ မသိရဘူး” ဟု မတ် ၁၄ ရက်က ပြောကြားသည်။
 
ကေအိုင်အိုမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် ကေအိုင်အိုငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် တို့ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မတ် ၁၄ ရက်တွင် မန္တလေးမြို့သို့ ရောက်ရှိနေပြီး နေပြည်တော်သို့ သွားရောက်မည်ဖြစ်သည်။
 
အစိုးရနှင့် ကေအိုင်အိုအဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်နေသည့် မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက “မနက်ဖြန် နေပြည်တော် ထွက်မယ်။ နေပြည်တော်ထွက်ပြီးတော့ အစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတယ်လေ။ အစိုးရအဖွဲ့နဲ့တွေ့ပြီးတော့ တပ်ပိုင်းဆိုင်ရာနဲ့ ပြန်တွေ့မယ်လို့တော့ ပြောတယ်။ အတိအကျတော့ မသိရသေးဘူး။ မနက်ဖြန်ကတော့ နိုင်ငံတော်အစိုးရအဖွဲ့နဲ့ တွေ့မယ်လေ။ တပ်ပိုင်းဆိုင်ရာအဖွဲ့နဲ့တော့ မနက်ဖြန်မဖြစ်ရင် သန်ဘက်ခါလား။ အဲဒါကတော့ အတိအကျမဖြစ်သေးဘူး” ဟု မတ် ၁၄ ရက်က ပြောကြားသည်။
 
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် နိုင်ငံတော်သမ္မတ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီအဖွဲ့ဝင်လည်းဖြစ်ပြီး ၂ဝ၁၂ ခုနှစ် မေ ၃ ရက် က အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့သည့် ယင်း ဗဟိုကော်မတီတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လည်း ဦးဆောင်ပါဝင်သည်။ 
 
ဗဟိုကော်မတီက ချမှတ်သည့် မူဝါဒများနှင့်အညီ လက်တွေ့လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့ ဒုတိယဥက္ကဋ္ဌများအဖြစ် ပါဝင်ပြီး တပ်မတော်၊ အစိုးရနှင့် လွှတ်တော်တို့မှ အဖွဲ့ဝင် ၅၂ ဦး ပါဝင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်း၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သည်။

Most Read

Most Recent