လက်ပံတန်းသပိတ်စစ်ကြောင်းတွင်ပါဝင်သူ သံဃာတော်ဦးနန္ဒသာရနှင့် မေးမြန်းခြင်း

လက်ပံတန်းသပိတ်စစ်ကြောင်းတွင်ပါဝင်သူ သံဃာတော်ဦးနန္ဒသာရနှင့် မေးမြန်းခြင်း
Published 13 March 2015
ဝေလင်းအောင်

မတ် ၁၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း(ပင်မ)မှ သပိတ်မှောက်ကျောင်းသား/သူများကို ဝန်းရံပေးခဲ့သည့် သံဃာတော်များနှင့် ပြည်သူများအား ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးအကြမ်းဖက် ရိုက်နှက်ဖြိုခွင်းခဲ့သည့်အပေါ် မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲသည့် ကျောင်းသားများကိုဝန်းရံပေးခဲ့သော သံဃာတော်ဦးနန္ဒသာရအား ဖြစ်စဉ်အမှန်ကိုသိရှိနိုင်ရန်အတွက် မေးမြန်းခဲ့မှုအားဖော်ပြလိုက်ပါသည်။မေး။      ။ လက်ပံတန်းမြို့နယ်ရှိ ဒီမိုကရေစီပင်မသပိတ်စစ်ကြောင်းကို သွားရောက်ဖြစ်ခဲ့ပုံလေးကို မိန့်ကြားပေးပါအရှင်ဘုရား။ဖြေ။    ။ ဖေဖော်ဝါရီ ၂၃ ရက်မှာ ဦးဇင်းအပါအဝင် သံဃာတော်လေးပါးပေါ့။ ဦးဇင်းရယ်၊ ဦးဇင်းသက္ကဉာဏရယ်၊ ဦးအာလောကရယ်၊ ဦးဝဏ္ဏသိဒ္ဓိရယ်ပါ။ ကျောင်းသားတွေကိုသွားအားပေးတာပါ။ နွားထိုးကြီးမြို့နယ် ပြင်စီရွာမှာပေါ့။ အားပေးပြီးတော့ ပြန်လာကြတယ်။ ၂၅ ရက်မှာ သူတို့ကျောင်းသားတွေကို သံဃာတွေအနေနဲ့ ဝိုင်းဝန်းပေးသင့်တယ်လို့ ဦးဇင်းတို့ကမြင်ခဲ့ကြတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး သံဃာတွေဖြစ်တဲ့အချိန်တုန်းက ကျောင်းသားတွေပူးပေါင်းဝန်းရံပေးခဲ့တာမျိုးရှိခဲ့တဲ့အတွက် အခု ကျောင်းသားတွေတောင်းဆိုနေကြတဲ့ ပညာရေးဟာ တစ်မျိုးသားလုံးနဲ့ပတ်သက်တယ်လို့ ဦးဇင်းတို့အနေနဲ့ယူဆတဲ့အတွက် ဝန်းရံခဲ့တာပါ။မေး။     ။ အမျိုးသားပညာရေးပင်မသပိတ်စစ်ကြောင်း ဖြိုခွင်းခံရတဲ့အချိန် ဦးဇင်းရဲ့မျက်မြင်တွေ့ရှိချက်တွေကို မိန့်ကြားပေးပါအရှင်ဘုရား။ဖြေ။     ။ စပြီးဖြိုခွင်းတော့ ဦးဇင်းက နာရေးကူညီမှုအသင်း (ရန်ကုန် ) ကားရဲ့အနောက်မှာပါ။ စပြီးခဲနဲ့ထုတာကို ဦးဇင်းမြင်လိုက်တာကတော့ ရှေ့ကတားထားတဲ့ရဲတွေအနောက်ကနေကျလာတာပဲ။ အဲဒီနောက်ကနေ လှန်းပြီးထုလိုက်တာ။ ထုပြီးတော့ တောက်လျှောက်ဝင်လာပြီး ရှေ့ကရဲတွေကဝင်ရိုက်တော့တာပဲ။ အဲလိုတော့ ဦးဇင်းစမြင်တယ်။ အဲဒီအချိန်မှာထိန်းလို့လည်းမရတော့ဘူး။ ဦးဇင်းတို့တွေလည်း အနောက်ကိုဆုတ်ပြီး ကျောင်းထဲကိုပြေးဝင်ကြတယ်။ ရဲတွေ ကျောင်းထဲကိုဝင်လိုက်လာမယ်လို့လည်း မယူဆခဲ့ဘူး။ လမ်းပေါ်မှာပဲလုပ်ကြလိမ့်မယ်လို့ထင်တာပေါ့။ ကျောင်းထဲဝင်လာတဲ့အချိန်မှာလည်းပဲ သူတို့က ဥပဒေအရဖြေရှင်းဖို့ဆိုပြီးခေါ်တယ်။ ခေါ်တဲ့အခါမှာလည်း ကျောင်းသားတွေက အေးအေးဆေးဆေးပဲအဖမ်းခံတယ်။ ကျောင်းထဲကကျောင်းသားတွေရော။ အပြင်မှာအရိုက်ခံရတဲ့ကျောင်းသားတွေရော ဦးဇင်းရှေ့မှာတွေ့ခဲ့တယ်။ တော်တော်များတယ်။ ဘယ်သူတွေဆိုတာတော့ နာမည်တွေမမှတ်မိတော့ဘူး။ ဒါပေမဲ့ လူတစ်ယောက်ကိုတွေ့လိုက်ပြီဆိုရင် ရဲတွေက အင်အားအယောက်နှစ်ဆယ်လောက်နဲ့ ဝင်ရိုက်တာကိုတွေ့ခဲ့တယ်။ နောက်တစ်ခုက ဒီကျောင်းထဲကိုရောက်တဲ့အချိန်မှာလည်းပဲ ကျောင်းသားတွေက တစ်ယောက်ချင်းအဖမ်းခံနေတဲ့အချိန်မျိုးမှာလည်းပဲ ရိုက်နှက်တာတွေကိုတွေ့ခဲ့တယ်။ ကားတွေကိုလည်းရိုက်တယ်။ အချုပ်ကားနဲ့ ကျောင်းသားတွေကို ပုံစံထားတဲ့နေရာနဲ့ ဆယ်တောင်ကျော်ကျော်လောက်ဝေးမယ်။ အဲဒီနေရာတောက်လျှောက် ဟိုဘက်၊ ဒီဖက်ကိုလည်းပဲ ရဲတွေကရပ်ထားပြီးတော့ ကျောင်းသားတွေကို တစ်ယောက်ချင်းစီတက်ခိုင်းထားတဲ့အချိန်မှာ တောက်လျှောက်ရိုက်နှက်တဲ့အသံတွေကြားရတယ်။ နံပါတ်တုတ်နဲ့ရိုက်တယ်။ လက်သီးနဲ့ထိုးတယ်။ ခြေထောက်တွေနဲ့လည်းကန်တယ်။ တချို့ကျောင်းသားတွေဆိုရင် အဲဒီနားတင်လဲကျတဲ့အထိဖြစ်တာမျိုးတွေ အများကြီးပါပဲ။ ဦးဇင်းတို့မျက်စိအရှေ့မှာပဲ အဲဒါတွေအားလုံးကိုတွေ့မြင်ခဲ့ရတာပါ။
ရဲတွေကရပ်ထားပြီးတော့ ကျောင်းသားတွေကို တစ်ယောက်ချင်းစီတက်ခိုင်းထားတဲ့အချိန်မှာ တောက်လျှောက်ရိုက်နှက်တဲ့ အသံတွေကြားရတယ်။ နံပါတ်တုတ်နဲ့ရိုက်တယ်။ လက်သီးနဲ့ထိုးတယ်။ ခြေထောက်တွေနဲ့လည်းကန်တယ်။ တချို့ကျောင်းသားတွေဆိုရင် အဲဒီနားတင်ပင် လဲကျတဲ့အထိဖြစ်တာမျိုးတွေအများကြီးပါပဲ။ ဦးဇင်းတို့မျက်စိအရှေ့မှာပဲ အဲဒါတွေအားလုံးကိုတွေ့မြင်ခဲ့ရတာပါ....

မေး။    ။ ကျောင်းသားတွေအပြင် ဝန်းရံတဲ့သံဃာတော်တွေ၊ ပြည်သူတွေကိုရော ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်တာမျိုးတွေရှိခဲ့ပါသလား အရှင်ဘုရား။ဖြေ။    ။ ဦးဇင်းတို့မြင်တာက ရဲတပ်ဖွဲ့က ကျောင်းသားတွေဆို လက်ညှိုးထောင်ဖို့ ခိုင်းတာတွေကိုကြားနေရတယ်။ အဲဒီအချိန်ကြတော့ ဦးဇင်းတို့ဝင်ကြည့်လို့မရတော့တဲ့အနေအထားဖြစ်နေတယ်။ ဦးဇင်းတို့ကကျောင်းပေါ်မှာ သူတို့ကကျောင်းအောက်မှာ။ ဖမ်းပြီး အရင်ဆုံးကားပေါ်တင်တာက ကျောင်းသားတွေကိုပါ။ အောက်ကျန်နေတဲ့ ဝန်းရံတဲ့သူတွေကို ရိုက်နှက်နေတာကို တဘုန်းဘုန်းနဲ့ကြားနေရတယ်။ တအားဆဲဆိုပြီးတော့ရိုက်နှက်နေတာ။ မင်းတို့ကိုဘာဖြစ်တယ်။ ညာဖြစ်တယ်ဆိုပြီးတော့ပေါ့ဗျာ။ မကြားဝံ့အောင် တချို့ဟာတွေလည်းပဲဆဲဆိုနေတာ။ သူတို့ရှေ့မှာ သူတို့ရဲ့အကြီးအကဲတွေရှိတယ်။ သူတို့အကြီးကဲတွေက မလုပ်နဲ့မလုပ်နဲ့လို့ပြောရင် ပိုပြီးရိုက်တဲ့အသံတွေကြားရတယ်။ ဦးဇင်းတို့သံဃာတွေအပေါ်မှာတော့ သူတို့ရိုက်တာမျိုးတွေမလုပ်ဘူး။ ဒါပေမဲ့ ဦးဇင်းတို့ကိုဖမ်းဖို့ ရဲအကြီးကဲတစ်ယောက်ကအော်တယ်။ နာမည်တော့မသိဘူးပေါ့။ မမြင်ရတော့။ သူက ဦးဇင်းတို့ကို သိက္ခာချ၊ သိက္ခာချဖို့လှမ်းအော်တယ်။ အဲဒီအခါ မန္တလေးက ဦးဇင်းတပါးကလှမ်းပြောတယ်။ သိက္ခာချ၊ သိက္ခာချလို့မပြောဖို့။ တိုင်းသာသာရေးမှူးကလည်း အဲ့ဒါကိုမပြောဖို့လှမ်းပြီးတားတာကိုတွေ့တယ်။ အဲ့နောက်တော့ သိက္ခာချလို့ပြောတဲ့အသံမထွက်တော့ဘူး။မေး။    ။ သံဃာတော်တွေကိုကျတော့ ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတာပါလဲ အရှင်ဘုရား။ဖြေ။    ။ အောင်မြေဗိမာန်ကျောင်းတိုက်ဘေးရဲ့ နှစ်ထပ်အဆောင်အပေါ်ထပ်မှာပါ။မေး။    ။ အရှင်ဘုရားတို့သံဃာတော်တွေ ထိန်းသိမ်းခံပြီးနောက်ပိုင်း ဘယ်ကိုပို့ဆောင်ခံခဲ့ရလဲ။ နောက် တခြားဘာအဖြစ်အပျက်တွေကိုရော တွေ့မြင်ခဲ့သေးပါလဲအရှင်ဘုရား။ဖြေ။    ။ ဦးဇင်းတို့ကိုတော့ဘယ်မှမပို့ဘူး။ အဲဒီကျောင်းမှာပဲ။ သူတို့က ဦးဇင်းတို့အားလုံးကို အဲဒါက မှန် မမှန် လက်မှတ်ထိုးခိုင်းတယ်။ ပြီးတဲ့အချိန်မှာ ဦးဇင်းတို့ကို သြဝါဒပေးဖို့ မြို့နယ်သံဃဆရာတော်ကိုလျှောက်တယ်။ အဲ့ဒီအချိန်မှာ တိုင်းသာသနာရေးမှူးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးပါတယ်။ သူတို့လျှောက်တာ။ ဆရာတော်က သြဝါဒပေးတဲ့အချိန်မှာ သံဃာတွေအနေနဲ့လည်းပဲ နောက်နောင်မှာ ဒီလိုကိစ္စတွေမှာမပါဝင်ဘဲ ပရိယတ္တိသာသနာကို ကိုယ့်ကျောင်းမှာပဲထမ်းဆောက်ကြဖို့၊ ကျောင်းသားတွေအပေါ်မှာလည်းပဲ ကိုယ်၏စောင်မခြင်းမျိုး၊ နှုတ်၏စောင်မခြင်းမျိုး တတ်နိုင်တဲ့ဘက်က ကူညီတာမျိုးလုပ်ဖို့ အဲ့ဒါပဲမိန့်တယ်။ နောက်တစ်ချက်က သာသနာပိုင်အဖွဲ့အစည်းတွေဘက်ကလည်း ဒီသံဃာတွေကအပြစ်မရှိဖို့၊ ကျောင်းသားတွေအန္တရာယ်မကျရောက်အောင် ဝန်းရံတာမျိုးပဲဖြစ်တဲ့အတွက် အပြစ်ပေးအရေးယူတာမျိုးမလုပ်ဖို့ ဆရာတော်ကမေတ္တာရပ်ခံတဲ့သဘောနဲ့ ပြောလိုက်တဲ့အချိန်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးက အရှင်ဘုရားတဲ့ အဲ့ဒါဆိုရင် အောက်ကိုခဏကြွပါ ဆွေးနွေးဖို့ဆိုပြီး သံဃနာယကနဲ့ပါလာတဲ့ သံဃာတွေအားလုံးကိုပင့်သွားတယ်။ ပြီးတော့အောက်မှာ ဆွေးနွေးတယ်။ တိုင်းသာသနာရေးကလာလျှောက်တယ်။ ဦးဇင်းတို့ကို ခံဝန်ကတိလက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်မယ်ဆိုတဲ့အကြောင်းပြောတယ်။ အဲဒီနောက် မြို့နယ်သံဃနာယကဆရာတော်တို့ပြန်ရောက်ပြီး သြဝါဒပေးပွဲပြန်လုပ်တယ်။ တစ်ညတော့ ဒီမှာပဲကျိန်းဖို့နဲ့ ဘယ်အပြင်မှမထွက်ဖို့မိန့်ခဲ့တယ်။ ပြီးတော့ သူတို့က ဦးဇင်းတို့ကို သက်ဆိုင်ရာကျောင်းတွေကိုပြန်ပို့ပေးမယ်လို့ လာပြောသွားတယ်။မေး။    ။ ကျောင်းသားတွေကိုဖြိုခွင်းမှုနဲ့ပတ်သက်ပြီး အစိုးရပိုင်းကထုတ်ပြန်တာတွေမှာ ကွဲလွဲမှုတွေရှိနေတဲ့အပေါ်မှာရော မျက်မြင်ကိုယ်တွေ့မြင်ခဲ့ရတဲ့ အရှင်ဘုရားအနေနဲ့ ဖြည့်စွက်မိန့်ကြားချင်ပါသလဲ။ဖြေ။    ။  ဦးဇင်းအနေနဲ့ပြောချင်တာက အေးအေးဆေးဆေးအဖမ်းခံတဲ့ကျောင်းသားတွေကို လူမဆန်စွာရိုက်နှက်တာတွေက မဖြစ်သင့်ဘူး။ နောက်ပြီးတော့ ခဲနဲ့ထုပါတယ်ဆိုတဲ့အပိုင်းမှာလည်း ကျောင်းသားတွေဘက်က အရင်စထုတာမဟုတ်ဘူး။ ကျောင်းသားတွေတိုးရုံပဲတိုးနေတဲ့အချိန်မှာ ရဲနောက်ကနေရောက်လာတဲ့ခဲတွေကြောင့်မလို့ ဒီပြဿနာ ဖြစ်သွားတာပါ။ အဲဒီတော့ ကျောင်းသားတွေမှားတယ်။ ကျောင်းသားတွေခဲနဲ့စထုလို့ သူတို့လုပ်ရတာပါဆိုတာကိုတော့။ ဦးဇင်းအနေနဲ့လက်မခံနိုင်ဘူး။ ဒါဟာအမှန်တရားမဟုတ်ဘူးလို့ပြောချင်တယ်။ နောက်တစ်ချက်က အဲဒီလိုကျောင်းသားတွေကိုဖမ်းပြီးတဲ့အချိန်မှာ လူကိုလူလိုမဆက်ဆံဘူး။အကြမ်းဖက်တဲ့ပုံစံတွေလုပ်တာကိုလည်း ဦးဇင်းအနေနဲ့ လုံးဝလက်မခံနိုင်ဘူးလို့ပဲပြောချင်ပါတယ်။

Most Read

Most Recent