WAN-IFRA ၏ ၂၀၁၅ ခုနှစ်အတွက်ရွှေကလောင်ဆု တစ်ကမ္ဘာလုံးရှိ တာဝန်ထမ်းဆောင်ရင်း အသတ်ခံရသောဂျာနယ်လစ်များသို့ပေးအပ်

WAN-IFRA ၏ ၂၀၁၅ ခုနှစ်အတွက်ရွှေကလောင်ဆု တစ်ကမ္ဘာလုံးရှိ တာဝန်ထမ်းဆောင်ရင်း အသတ်ခံရသောဂျာနယ်လစ်များသို့ပေးအပ်
Published 3 March 2015
ဇေယျာနန္ဒ

ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများအသင်း (WAN-IFRA) နှင့် ကမ္ဘာ့အယ်ဒီတာများဖိုရမ်မှ နှစ်စဉ်ပေးအပ်သော လွတ်လပ်ရေးရွှေကလောင်ဆုကို တာဝန်ထမ်းဆောင်ရင်း အသတ်ခံရသောဂျာနယ်လစ်များသို့ပေးအပ်ရန်ဆုံးဖြတ်ခဲ့ကြောင်း ၂၀၁၅ခုနှစ် မတ် ၃ ရက်တွင်ထုတ်ပြန်သော WAN-IFRA ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။    ထိုကဲ့သို့ သတင်းရယူရင်းအသတ်ခံရသော ဂျာနယ်လစ်များကိုပေးအပ်ရခြင်းသည် လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် သတင်းလွတ်လပ်ခွင့်အတွက် အသက်ပေးခဲ့သူများအား ဂုဏ်ပြုခြင်းဖြစ်ကြောင်း WAN-IFRA ကထုတ်ပြန်ထားသည်။    "သေဆုံးသွားတဲ့ ကျွန်တော်တို့လုပ်ဖော်ကိုင်ဖက်တွေကိုဂုဏ်ပြုတဲ့အပြင် ကမ္ဘာတစ်လွှားမှာရှိတဲ့သတင်းသမားတွေ ကြုံ တွေ့နေရတဲ့အန္တရာယ်တွေနဲ့ မလုံခြုံမှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းကနေ အလေးထားမိလာအောင် ၂၀၁၅ ခုနှစ် လွတ်လပ်ရေးရွှေကလောင်ဆုကို တာဝန်ထမ်းဆောင်ရင်း အသက်ပေးခဲ့တဲ့သတင်းထောက်တွေကို ချီးမြှင့်တာဖြစ်ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာကိုခြိမ်းခြောက်လုပ်ကြံနေသူတွေကို သတိပေးတဲ့အပြင် ကမ္ဘာအနှံ့မှာရှိတဲ့သတင်းထောက်တွေကိုကာကွယ်ပေးဖို့ ဥပဒေတွေပြဋ္ဌာန်းဖို့ အသိပေးလိုက်တာလည်းဖြစ်ပါတယ်" ဟု ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများအသင်းဘုတ်အဖွဲ့ကပြောကြားသည်။    ၁၉၉၂ ခုနှစ်မှစ၍ ယနေ့အချိန်ထိ သတင်းသမားပေါင်း ၁၂၀၀ ခန့်အသတ်ခံခဲ့ရကြောင်း သတင်းထောက်များကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ၏ခန့်မှန်းမှုတွင်ဖော်ပြထားပြီး ၂၀၁၅ ခုနှစ်အတွင်း သတင်းသမား ၁၆ ဦးအသတ်ခံခဲ့ရကာ ဇန်နဝါရီ ၇ ရက်က ပြင်သစ်အခြေစိုက် Charlie Hebdo သတင်းစာတိုက် ပစ်ခတ်မှုတစ်ခုတည်း၌ပင် သတင်းသမားရှစ်ဦးသေဆုံးခဲ့သည်။    "ဒီလိုမျိုးသေဆုံးခဲ့တဲ့သတင်းထောက်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆုချီးမြှင့်တာဟာ သတင်းသမားတွေကိုဖိနှိပ်ရုံနဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ကန့်သတ်နိုင်မယ်လို့ ယုံကြည်နေသူတွေကို တစ်ကမ္ဘာလုံးကဆန့်ကျင်ကြောင်း ပြသလိုက်တာပါ။ အများပြည်သူတွေ သတင်းအချက်အလက်ရရှိဖို့ကြိုးစားရင်း အသက်ပေးသွားတဲ့သူရဲကောင်းတွေကိုဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာအနှံ့အပြားက ဒုစရိုက်မှုတွေနဲ့ အာဏာအလွဲသုံးစားမှုတွေကိုဖော်ထုတ်ပြီး ပြည်သူတွေရဲ့သတင်းသိရှိခွင့်၊ သတင်းလွတ်လပ်ခွင့်ကို ဆက်လက်ကာကွယ်သွားပါမယ်" ဟု WAN-IFRA ဘုတ်အဖွဲ့ကဆက်လက်ပြောကြားသည်။၁၉၉၂ ခုနှစ်မှ ယနေ့အချိန်ထိ အသတ်ခံရသည့်သတင်းသမား ၁၂၀၀ အနက် ၇၄၂ ဦးသည် ရည်ရွယ်ချက်ရှိရှိအသတ်ခံရခြင်းဖြစ်ပြီး ၎င်းတို့ကိုသတ်ဖြတ်ခဲ့သူများ၏ ရာခိုင်နှုန်း ၉၀ ကျော်သည် တရားစီရင်မှုမှကင်းလွတ်နေဆဲဖြစ်သည်။    သတင်းထောက်များကို ယင်းကဲ့သို့ဖိနှိပ်မှုများကြောင့် တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုနှင့် ဒုစရိုက်မှုများကိုစုံစမ်းရေးသားနေသော သတင်းသမားများ၏လွတ်လပ်ခွင့်နှင့် လုံခြုံရေးကိုထိခိုက်သည့်အပြင် ကိုယ်တိုင်ဆင်ဆာဖြတ်ရေးသားမှုများနှင့် ကြောက်စိတ်များဖြစ်ပေါ်စေကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် အကျင့်ပျက်ခြစားနေသည့် အစိုးရများ၏လုပ်ရပ်များကို သိပိုင်ခွင့်လျော့နည်းစေသည်ဟု WAN-IFRA ကထောက်ပြထားသည်။    ထို့ပြင် ယခုချီးမြှင့်သောဆုသည် နိုင်ငံတကာအစိုးရများအနေဖြင့် သတင်းသမားများကိုဖိနှိပ်မှုများနှင့် သတ်ဖြတ်မှုများကိုအဆုံးသတ်ရန် နိုင်ငံခံယူချက်များထားရှိရန်နှင့် သတင်းသမားများ၏လုပ်ရပ်များသည် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးတိုးတက်မှုများကို အထောက်အကူပြုသည့်လုပ်ရပ်များဖြစ်ကြောင်း အသိအမှတ်ပြုရန်တောင်းဆိုခြင်းဖြစ်သည်ဟု WAN-IFRA ၏သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။    လွတ်လပ်ရေးရွှေကလောင်ဆုကို ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများအဖွဲ့ (WAN-IFRA) က ၁၉၆၁ ခုနှစ်မှစ၍ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အထောက်အပံ့ဖြစ်စေသော ထူးချွန်သည့်လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို နှစ်စဉ်ချီးမြှင့်သောဆုဖြစ်သည်။ ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများအသင်းသည် ပြင်သစ်နိုင်ငံ ပါရီမြို့နှင့် ဂျာမနီနိုင်ငံ ဖရန့်ဖို့ မြို့တို့တွင် အခြေစိုက်ပြီး နိုင်ငံပေါင်း ၁၂၀ ကျော်ရှိ သတင်းမီဒီယာကုမ္ပဏီပေါင်း ၃၀၀၀ ကျော်၊ စာနယ်ဇင်း ၁၈၀၀၀ ကျော်နှင့် အင်တာနက်သတင်းစာမျက်နှာပေါင်း ၁၅၀၀၀ ကျော်ကိုကိုယ်စားပြုသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။    WAN-IFRA မှ ချီးမြှင့်သော လွတ်လပ်ရေးရွှေကလောင်ဆုကို ၁၉၆၃ ခုနှစ်တွင် ဂါးဒီးယန်းဦးစိန်ဝင်း၊ ၂၀၀၁ ခုနှစ်တွင် ဟံသာဝတီဦးဝင်းတင်နှင့် သာယာဝတီစမ်းစမ်းနွဲ့တို့မှပူးတွဲရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်တို့ကရရှိခဲ့သည်။

Most Read

Most Recent