အသေးစား အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရန် တာဝန်ခံမှု၊ နည်းပညာလွှဲပြောင်းပေးမှုနှင့် အလုပ်အကိုင် ဖန်တီးပေးနိုင်သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဂျပန်လုပ်ငန်းရှင်များကို တောင်းဆို

အသေးစား အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရန် တာဝန်ခံမှု၊ နည်းပညာလွှဲပြောင်းပေးမှုနှင့် အလုပ်အကိုင် ဖန်တီးပေးနိုင်သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဂျပန်လုပ်ငန်းရှင်များကို တောင်းဆို
Published 2 March 2015
သက်ထား၊ အေးမြတ်မွန်

အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လုပ်ငန်းများ၊ နည်းပညာ လွှဲပြောင်းပေးသောလုပ်ငန်းများနှင့် အလုပ်အကိုင်ဖန်တီးပေးသော လုပ်ငန်းများ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ဂျပန်လုပ်ငန်းရှင်များကို မြန်မာစီးပွားရေး လုပ်ငန်းရှင်များက တောင်းဆိုခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ ကုန်သည်/စက်မှုအသင်းချုပ်၌ ကျင်းပသည့် Japan Myanmar CCI Business Corporation Committe (၁၁)ကြိမ်မြောက် အစည်းအဝေးတွင်  မြန်မာနိုင်ငံ၏အ သေးစား၊ အလတ်စားလုပ်ငန်းများ၏ အလားအလာဟူသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ကုန်သည်/စက်မှုအသင်းချုပ်၏ ဗဟိုအလုပ်မှု ဆောင်အဖွဲ့မှ ဒေါ်သင်းသင်းဆက်က ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံမှာ အသေးစား၊ အလတ်စားလုပ်ငန်းတွေအရဲ့ အဓိကလိုအပ်ချက်က ငွေအရင်းအနှီးပါ။ နောက်လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဈေးကွက်ရရှိဖို့ဖြစ် တယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသေးစား၊ အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုး ဖို့က အဓိကကျပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ  ဝင်ရောက်တဲ့အခါမှာလည်း  တာဝန်ယူမှုရှိ တဲ့စီးပွားရေးလုပ်ငန်းတွေ၊ အလုပ်အကိုင်ဖန် တီးပေးနိုင်မယ့်လုပ်ငန်းတွေ၊ နည်းပညာ လွှဲပြောင်းပေနိုင်တာတွေ၊ ဖွံ့ဖြိုးတိုးတက်ရေး မှာ အကူအညီပေးနိုင်မယ့် လုပ်ငန်းတွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ်” ဟု ဒေါ်သင်းသင်းဆက်က ပြောကြားသည်။
ပြည်တွင်း အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာလုပ်ငန်းရှင်များ ဆွေးနွေးချက်ကို  ဂျပန်ဘက်မှလည်း အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဟု ပြန်လည်ဆွေးနွေးခဲ့သည်။
အဆိုပါအစည်းအဝေးတွင် အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ဂျပန်နိုင်ငံမှကူညီရန် ဂျပန်-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက် ထုတ်ပြန်ခဲ့သည်။
ပြည်တွင်း အသေးစား၊ အလတ်စား လုပ်ငန်းရှင်များအနေဖြင့် ငွေအရင်းအနှီးနှင့် နည်းပညာမလုံလောက်မှုမှာ အခက်အခဲဖြစ်နေပြီး ငွေချေးရာတွင်လည်း အပေါင်ပစ္စည်းတင်ပြရမှုကြောင့် အခက်အခဲများရှိနေကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများမှာ နိုင်ငံ့စီးပွားရေး၏ ၈၈ ရာခိုင်နှုန်းတွင် ရှိနေကြောင်း သိရသည်။
 
 
 

Most Read

Most Recent