ချင်းလူမျိုးစုစာရင်းကို ချင်းသမိုင်းနှင့် ဘာသာဗေဒပညာရှင်များဖြင့် ပဏာမပြင်ဆင်ဖြည့်စွက်ခြင်းလုပ်ငန်းစဉ်စတင်

ချင်းလူမျိုးစုစာရင်းကို ချင်းသမိုင်းနှင့် ဘာသာဗေဒပညာရှင်များဖြင့် ပဏာမပြင်ဆင်ဖြည့်စွက်ခြင်းလုပ်ငန်းစဉ်စတင်
Published 27 February 2015
ဇာလီမြင့်ဦး

ချင်းလူမျိုးစုစာရင်းပြင်ဆင်ဖြည့်စွက်ခြင်းလုပ်ငန်းစဉ်ကို ချင်းသမိုင်းပညာရှင်များ၊ ဘာသာဗေဒပညာရှင်များပါဝင်သောအဖွဲ့က ပဏာမအနေဖြင့် စတင်ပြင်ဆင်ဖြည့်စွက်လျက်ရှိကြောင်း သတင်းရရှိသည်။"အခု ချင်းမှာဆိုလို့ရှိရင် ၅၃ မျိုးရှိတယ်။ တကယ့်တကယ် ၅၃ မျိုးမရှိလောက်ဘူး။  ကျွန်တော်တို့ကိုယ်တိုင်ကို ဟုတ်မဟုတ်သုံးသပ်ဖို့ ခက်နေတာတွေရှိတယ်။ ချင်းက ၅၃ မျိုးမဟုတ်တာတော့သေချာတယ်။ ဒါပေမဲ့ ဘယ်နှမျိုးရှိတယ်ဆိုတာကတော့ ပြောဖို့ခက်ပါတယ်။ ဆိုတော့ ချင်းသမိုင်းပညာရှင်တွေ၊ ဘာသာဗေဒပညာရှင်တွေပြန်ထိုင်ကြပြီးတော့ ပြန်ခွဲ၊ နောက်အသစ်ထည့်ချင်တာရှိရင်ထည့်ပေါ့။ ဆိုတော့ အခုတော့စနေပြီ။ ဆိုတော့ ကိုယ့်ဘာသာကိုယ်အနေနဲ့စပြီးလုပ်နေတယ်" ဟု ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော်မတီညှိနှိုင်းရေးမှူး ဦးဆလိုင်းအိုက်ဇက်ခင်ကပြောကြားသည်။လူမျိုးစုစာရင်းပြည်ဆင်ဖြည့်စွက်ခြင်းကို ချင်းပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ပညာရှင်များနှင့် ၂၀၁၃ ချင်းအမျိုးသားညီလာခံအပြီး ဖွဲ့စည်းခဲ့သည့် ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြု ကော်မတီတို့က ယခုဖေဖော်ဝါရီမှစတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ဗဟိုသန်းခေါင်စာရင်းကော်မရှင်ပူးပေါင်းပြုလုပ်မည့် လူမျိုးစုစာရင်းများ ပြင်ဆင်ဖြည့်စွက်ခြင်းလုပ်ငန်းစဉ်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။တိုင်းရင်းသားမျိုးနွယ်စုစာရင်း ပြင်ဆင်ဖြည့်စွက်ခြင်းကို အစိုးရ၏ဗဟိုသန်းခေါင်စာရင်းကော်မရှင်က သက်ဆိုင်ရာတိုင်းရင်းသားကိုယ်စားလှယ်များနှင့်ပူးပေါင်း၍ ၂၀၁၅ နိုဝင်ဘာနောက်ပိုင်း လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှသိရသည်။ ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှထုတ်ပြန်ခဲ့သည့် တိုင်းရင်းသားလူမျိုးစာရင်းနှင့် လူမျိုးစုများဆိုင်ရာကုတ်နံပါတ်များတွင် ချင်းလူမျိုးစုအောက်၌ ချင်းဟူသောမျိုးနွယ်စုနာမည်အပါအဝင် အခြားသော တိုင်းရင်းသား ၅၂ မျိုးထည့်သွင်းထားသည်။လက်ရှိတွင် ၂၀၁၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းနောက်ဆက်တွဲလုပ်ငန်းစဉ်အဖြစ် တိုင်းရင်းသားလူမျိုးများအတွင်း နှီးနှောဖလှယ်ညှိနှိုင်းမှုလုပ်ငန်းစဉ်ကို တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် ညှိနှိုင်းကာ စတင်ဆောင်ရွက်ရန် ဗဟိုသန်းခေါင်စာရင်းကော်မရှင်အား တိုက်တွန်းမှုများရှိနေသည်။

Most Read

Most Recent