နိုင်ငံရေး အကျဉ်းသားဟောင်းများအား ကူညီရန် အစိုးရက တာဝန်ယူ လုပ်ဆောင်မှု မရှိသလောက် နည်းပါးခြင်းက နိုင်/ကျဉ်း မိသားစုများ၏ ဘဝသာမက အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုကိုပါ ထိခိုက်ဟု AAPP နှင့် FPPS ထုတ်ပြန်

နိုင်ငံရေး အကျဉ်းသားဟောင်းများအား ကူညီရန် အစိုးရက တာဝန်ယူ လုပ်ဆောင်မှု မရှိသလောက် နည်းပါးခြင်းက နိုင်/ကျဉ်း မိသားစုများ၏ ဘဝသာမက အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုကိုပါ ထိခိုက်ဟု AAPP နှင့် FPPS ထုတ်ပြန်
Published 24 February 2015
အောင်ဇော်ထွန်း

နိုင်ငံရေး အကျဉ်းသားဟောင်းများအား ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွင်း အဆင်ပြေ ချောမွေ့စွာ ပြန်လည်ဝင်ဆံ့နိုင်ရေး ကူညီစောင့်ရှောက်ရန် အစိုးရမှ တာဝန်ယူ လုပ်ဆောင်ပေးမှု မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ မရှိသလောက် ဖြစ်နေပြီး ယင်းသို့ အရေးစိုက် လုပ်ဆောင်ရန် ပျက်ကွက်မှု၏ အကျိုးသက်ရောက်မှုများသည် နိုင်/ကျဉ်းများနှင့် ၎င်းတို့ မိသားစုဝင်များ၏ နိစ္စဓူ၀ ဘဝများကိုသာမက မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် ကြိုးပမ်းအားထုတ်မှုများကိုပါ များစွာထိခိုက် ဆုတ်ယုတ်နစ်နာစေသည်ဟု နိုင်ငံရေး အကျဉ်းသားများ မှတ်တမ်းကောက်ယူရေး အစီအစဉ် ကြားဖြတ်အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ (FPPS) တို့မှ လုပ်ဆောင်နေသည့် နိုင်ငံရေးအကျဉ်းသားများ မှတ်တမ်းကောက်ယူရေး အစီအစဉ် ကနဦး တွေ့ရှိချက်များနှင့် ပတ်သက်ပြီး ကြားဖြတ်အစီရင်ခံစာကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်သည့် ၂၀၁၁ ခုနှစ်မှစကာ နိုင်ငံရေးအကျဉ်းသား အများအပြားအား အစုလိုက် ထောင်မှလွှတ်ပေးပြီးနောက် နိုင်ငံရေး အကျဉ်းသားဟောင်းများအား ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွင်း အဆင်ပြေချောမွေ့စွာ ပြန်လည်ဝင်ဆံ့နိုင်ရေး ကူညီစောင့်ရှောက်ရန် တာဝန်ပျက်ကွက်မှုသည် အရေးတကြီး အာရုံစိုက်စရာ ကိစ္စရပ် ဖြစ်လာကြောင်း၊ မြန်မာနိုင်ငံ အနှံ့အပြားတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၇၀၀၀ မှ ၁၀၀၀၀ အထိ ရှိမည်ဟု ခန့်မှန်းရသော်လည်း ၎င်းတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အခြေအနေများနှင့် ပတ်သက်ပြီး မည်သည့် အချက်အလက်မျှ မရှိရုံသာမက ၎င်းတို့ အကျဉ်းကျစဉ်ကာလ အတွေ့အကြုံများနှင့် ပတ်သက်၍လည်း မှတ်တမ်းမှတ်ရာ ပြုစုမှုလည်း မရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ယခု ကနဦး တွေ့ရှိချက်များတွင် စိစစ်ပြီး အချက်အလက်မှတ်တမ်း ၄၃၀ အား သုံးသပ်ရာမှ တွေ့ရှိသည့် အဓိက အချက်များအား ဖော်ပြထားကြောင်း၊ မှတ်တမ်း ၄၃၀ အနက် ၄၆ စောင်မှာ ကွယ်လွန်သွားသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများအတွက် အချက်အလက်များအား မိသားစု ဆွေမျိုးများမှ ဖြည့်သွင်းပေးခဲ့ပြီး ၃၈၄ စောင်မှာမူ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကိုယ်တိုင် ဖြည့်သွင်းခဲ့သည့် မှတ်တမ်းများဖြစ်ကြောင်း၊ မှတ်တမ်း ၄၃၀ အား ဆန်းစစ်ချက်အရပင် အကျဉ်းကျနေစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားများ ရင်ဆိုင်ခဲ့ရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ထောင်မှလွတ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများ ကြုံတွေ့ရသည့် ဒုက္ခမျိုးစုံအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်သည်ဟု ကြားဖြတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။မြန်မာနိုင်ငံရှိ ရာပေါင်း ထောင်ပေါင်း များစွာသော နိုင်ငံရေး အကျဉ်းသားဟောင်းများသည် အစိုးရအဆက်ဆက်မှ လုပ်ဆောင်ခဲ့သည့် ထောင်သွင်းအကျဉ်းချမှုများ၊ တရားလက်လွတ် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ၊ ငွေရေးကြေးရေးနှင့် အသက်မွေးဝမ်းကျောင်းမှုတွင် နစ်နာထိခိုက်မှုများ ဆိုးရွားစွာ ဆက်လက်ခံစားနေရမည့် အခြေအနေတွင် ရှိနေသည်မှာ အသေအချာပင် ဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။ကြားဖြတ် အစီရင်ခံစာတွင် ဖော်ပြထားသည့် ထောင်တွင်းနှိပ်စက်မှုများနှင့် နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများတွင် မှတ်တမ်းဖြည့်သွင်းပေးသူ ၇၄ ရာခိုင်နှုန်းက ကိုယ်ထိလက်ရောက် နှိပ်စက်ညှဉ်းပန်းမှု ခံခဲ့ရကြောင်း ဖော်ပြခဲ့ပြီး ၇၆ ရာခိုင်နှုန်းက စိတ်ပိုင်းဆိုင်ရာအရ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်ဟု ဖော်ပြကြောင်း၊ နည်းလမ်းပေါင်းစုံနှင့် နှိပ်စက်ညှဉ်းပန်းမှုများအား ထောင်တွင်းတွင်သာမက စစ်ကြောရေးတွင်လည်း လုပ်ဆောင်ကြောင်း၊ နှိပ်စက်ညှဉ်းပန်းမှုများတွင် တစ်ဦးတည်း လျှို့ဝှက်ချုပ်နှောင်ခံရခြင်း၊ အစာဝလင်စွာ မစားရခြင်း၊ ရေဝလင်စွာ မသောက်ရခြင်း၊ မအိပ်ရခြင်း၊ ရိုင်းစိုင်းကြမ်းတမ်းစွာ ပြောဆိုဆက်ဆံခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းနှင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှု ငြင်းပယ်ခံရခြင်းတို့လည်း ပါဝင်ကြောင်း ဖော်ပြထားပြီး ထောင်တွင်း သို့မဟုတ် စစ်ကြောရေးတွင် ကွယ်လွန်ခဲ့သူများလည်းရှိကြောင်း အစီရင်ခံစာတွင် ပါရှိသည်။ထောင်တွင်းနှိပ်စက်မှုနှင့် ထိုသို့ ကူးစက်ခဲ့သည့် ရောဂါများ၏ ဖိစီးနှိပ်စက်မှုတို့ကြောင့် နိုင်ငံရေး အကျဉ်းသားများ အနေဖြင့် ထောင်မှ လွတ်မြောက်ပြီးသည့် အခါတွင်လည်း သွေးတိုး၊ နှလုံး၊ မျက်လုံးဆိုင်ရာ ရောဂါများနှင့် စိတ်ဖိစီးမှုတို့အပြင် အထူးသဖြင့် ရင်ဘတ်နာခြင်း၊ ကျောနာခြင်းတို့ကဲ့သို့ တစ်ကိုယ်လုံး နေရာအနှံ့ နာကျင်ကိုက်ခဲခြင်းများ ခံစားကြရကြောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်း အများအပြားမှာ နှိပ်စက်ခံရခြင်းနှင့် ထောင်တွင်းတွင် ကာလကြာရှည် သမံတလင်းပေါ်တွင် အခင်းမဲ့ အိပ်ရသောကြောင့် အာရုံကြောအားနည်းခြင်း၊ သွက်ချာပါဒကဲ့သို့ တစ်ကိုယ်လုံး တုံ့ဆိုင်းခြင်း ဝေဒနာများ ခံစားရကြောင်းနှင့် မှတ်တမ်းဖြည့်သွင်းကြသော နိုင်ငံရေးအကျဉ်းသားဟောင်း အများစုမှာ ထောင်ထဲတွင် ခံစားခဲ့ရသည့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများအား ကုသရန် လုံလောက်သည့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှု မရသေးသူများ ဖြစ်သည်ဟုလည်း ကြားဖြတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။   

Most Read

Most Recent