လက်ရှိ အစိုးရလက်ထက်တွင် ကတိကဝတ်များစွာ ဆောင်ရွက်ရန် ကျန်ရှိနေ၍ ၂၀၁၅ အလွန်တွင်လည်း ကတိများပေးကာ ပြီးသွားမည့် အစိုးရအဖွဲ့မျိုးမဖြစ်အောင် ရွေးချယ်ရန်လိုမည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး ဝေဖန်

လက်ရှိ အစိုးရလက်ထက်တွင် ကတိကဝတ်များစွာ ဆောင်ရွက်ရန် ကျန်ရှိနေ၍ ၂၀၁၅ အလွန်တွင်လည်း ကတိများပေးကာ ပြီးသွားမည့် အစိုးရအဖွဲ့မျိုးမဖြစ်အောင် ရွေးချယ်ရန်လိုမည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး ဝေဖန်
Published 22 February 2015
စိုးမင်းထိုက်

လက်ရှိအစိုးရ လက်ထက်တွင် ကတိကဝတ်များ ပေးထားပြီး ဆောင်ရွက်ရန် များစွာကျန်ရှိနေသည့်အတွက် ၂ဝ၁၅ အလွန်တွင်လည်း ကတိများပေးကာ ပြီးသွားမည့်အစိုးရအဖွဲ့မျိုး မဖြစ်အောင်ရွေးချယ်ရန် လိုအပ်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ဝေဖန်ထောက်ပြသည်။လက်ရှိအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ရန် နောက်ဆုံးတစ်နှစ်ပဲ ကျန်တော့ကြောင်း၊ တစ်နှစ်သာ ကျန်တော့သည့်အချိန်တွင် ကတိကဝတ် တော်တော်များများ အကောင်အထည် မဖော်နိုင်သေးကြောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးကလည်း ကတိကဝတ်ကော်မတီကို တာဝန်ပေးထားပြီး ဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ကတိကဝတ်များအတွက် သုံးလတစ်ကြိမ် စာထုတ်မည်ဖြစ်ကြောင်း၊ မည်သည့် ကတိများ ဆောင်ရွက်ရန် ကျန်နေကြောင်း၊ ပြီးပါက တစ်လတစ်ကြိမ် ထပ်ပြီး စာပို့သွားမည်ဖြစ်ကြောင်း၊ အကောင်အထည် မဖော်နိုင်သေးဘူးဆိုသည်ကို သတိပေးသည့်အနေနှင့် အစိုးရအဖွဲ့ထံ ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြားမှုများရှိသည်။ဒေါက်တာမြတ်ဉာဏစိုးက “ဆောင်ရွက်ခြင်းမရှိသေးတဲ့ ကတိကဝတ်တွေအတွက် ဘာ Mechanism က မရှိဘူးလဲဆိုတော့ ကတိကဝတ်တွေကို ကတိကဝတ်ဖြစ်ပြီးသား အကြောင်းခြင်းရာတွေကို အကောင်အထည် မဖော်ပေးနိုင်ဘူးဆိုရင် မည်သို့မည်ပုံ အရေးယူမယ်ဆိုတာ မရှိဘူး။ နိုင်ငံတကာမှာလည်း ဒါတွေက လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကြားထဲမှာက အပြန်အလှန် နားလည်ယုံကြည်မှုနဲ့ တည်ဆောက်ထားရတာ၊ ကတိမပေးဘဲ နေလို့ရတယ်။ လွှတ်တော်မှာတော့ လာဖြေတယ်။ ဖြေပြီးတဲ့အခါ မပေးနိုင်ပါဘူး။ မလုပ်ပေးနိုင်ပါဘူး။ အပြတ်ပြောရမှာပေါ့။ ဟိုးအရင် ၁၉၆၂ မတိုင်ခင် ပါလီမန်အစည်းအဝေး မှတ်တမ်းများကို ပြန်ကြည့်ရင်လည်း ရတယ်။ မလုပ်ပေးနိုင်ဘူး။ အဲဒီလို ပြတ်ပြတ်သားသား ပြော။ အခုဟာက နားလှည့်ပါးရိုက်ပေါ့နော်။ နားလှည့်ပါးလှည့် လုပ်တယ်ပေါ့။ ပြည်သူတွေကလည်း လွှတ်တော်အစီအစဉ်တွေကို စောင့်ကြည့်နေကြတယ်။ နားထောင်လိုက်ရင်တော့ ဘာလုပ်ပေးမယ်။ ပြီးတဲ့အခါမှာတော့ မရေမရာတဲ့ ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍တို့၊ နောက်တစ်ခါ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားပြီး ဖြစ်ပါသည်တို့ အစီအစဉ်တကျ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားပါမည်တို့ ပေါ့နော်။ ဘာကိုတော့ ချက်ချင်း လုပ်ပေးနိုင်ပါတယ်။ ဘာကိုတော့ မလုပ်ပေးနိုင်ဘူး။ အဲဒီလို ပြတ်ပြတ်သားသား မရှိဘူး”ဟု ပြောကြားသည်။“အစိုးရတစ်ဖွဲ့လုံး မဟုတ်တောင်မှ ကတိပျက်ယွင်းမှု အများဆုံးဝန်ကြီးဌာန တစ်ခုခုက ဝန်ကြီးတစ်ယောက်ယောက်ကို စွပ်စွဲ ပြစ်တင်မှုတွေ လုပ်လိုက်မယ်ဆိုရင် ပုံစံက တစ်မျိုးတစ်ဖုံ ပြောင်းသွားမယ်။ ဒါပေမဲ့ အဲဒီလို အစဉ်အလာမျိုးလည်း မရှိခဲ့ဘူး။ လုပ်ဆောင်မယ့် အလားအလာလည်း မရှိဘူး။ အဲဒီတော့ နားလှည့်ပါးလှည့်နဲ့ ပေးသွားတဲ့ကတိက ဝတ်တွေဟာ ဒီလိုနဲ့ပဲ နောက်တစ်ကြိမ် ရွေးကောက်ပွဲကို ရောက်သွားလိမ့်မယ်လို့ ထင်ပါတယ်”ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။လွှတ်တော်၌ လာရောက်ဖြေဆိုရာတွင် ပြည်ထောင်စုဝန်ကြီး ကိုယ်စားဟု ဒုတိယဝန်ကြီးက ဖြေဆိုရမည်ဖြစ်ကြောင်း၊ အခုက စကားချီးလေးကိုတောင် အချို့ ဒုတိယဝန်ကြီးများက သုံးကြောင်း၊ အချို့ ဒုတိယဝန်ကြီးများက သုံးတောင် မသုံးတော့ကြောင်း၊ ဒါတွေက  တရားဝင်ဖြေဆိုပိုင်ခွင့် မရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုဝန်ကြီးကနေ ဖြေရမည်ဖြစ်ကြောင်း၊ လက်ရှိအစိုးရအဖွဲ့က ဘယ်လိုဖြစ်နေသလဲဆိုတော့ သမ္မတရုံးဝန်ကြီးများ စပြီးခန့်ထားကတည်းကိုက သမ္မတရုံးဝန်ကြီးဌာနများ စပြီး ပေါ်ပေါက်လာစဉ်တုန်းကလည်း ဝေဖန်ခဲ့ဖူးကြောင်း၊ စူပါဝန်ကြီးများ အလိုမရှိကြောင်း၊ အခုဟာက ဒုတိယဝန်ကြီးမပြောနဲ့  ပြည်ထောင်စုဝန်ကြီးများတောင်မှ ပြည်ထောင်စုဝန်ကြီးဌာနများကို ခွဲပြီး သမ္မတရုံးဝန်ကြီးများက ကိုင်တွယ်နေသည်ကို တွေ့ရှိရကြောင်း၊ထို့အတွက် အဆင့်တွေများနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တိုက်ရိုက်ပါဝင်ခြင်းမရှိတဲ့ အမြဲတမ်းအတွင်းဝန်ဆိုတဲ့ ရာထူးကိုထပ်ပြီး ဖန်တီးဖို့ လုပ်နေတယ်။ လွှတ်တော်ကိုလည်း လုံးဝအသိမပေးဘူး။ အစိုးရအဖွဲ့ တကယ့်ဗျူရိုကရေစီ  အဆင့်ဆင့်သော ယန္တရားကြီးကို ထူထောင်ပြီးတော့ အမြဲတမ်းအတွင်းဝန်၊ ဒုဝန်ကြီး၊ ဝန်ကြီး၊ သမ္မတရုံးဝန်ကြီး အဲဒီလို အဆင့်ဆင့်တွေခံပြီးတော့ သွားနေတယ်။ ကတိကျတော့ လွယ်လွယ်ပေးတယ်။ ဘာလို့ လွယ်လွယ်ပေးလဲ။ ပြတ်ပြတ်သားသားပေါ့။ ကိုယ်မလုပ်နိုင်ရင် မလုပ်နိုင်ဘူး ပေါ့။အဲဒီလိုဆိုရင် ပြည်သူ့လက်ခုပ်သံကို ကျတော့လည်း လိုချင်သေးတယ်။ ပြည်သူ့ ထောမနာပြုမှုကိုလည်း လိုချင်သေးတယ်။ ရဲရဲဝံ့ဝံ့လည်း မရှိဘူး။ ပြတ်ပြတ်သားသားလည်း မဆောင်ရွက်နိုင်ဘူး။ ကျွန်တော်ထင်ပါတယ်။ နောက်ဆုံးကျန်တဲ့ တစ်နှစ်အတွင်းမှာတော့ မမီတော့ပါဘူး”ဟု ၎င်းက ပြောကြားသည်။ဆက်လက်၍ “အဲဒီတော့ ပြည်သူတွေအနေနဲ့ကတော့ ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ နောင်လာမယ့် နောင်ဖွဲ့စည်းမယ့် အစိုးရအဖွဲ့ဟာ ဒီအစိုးရအဖွဲ့လို ကာတွန်းတွေထဲမှာ အမြဲတမ်းရေးနေသလိုမျိုး ကတိတွေပုံပေးပြီးတော့ ပြီးသွားမယ့် အစိုးရအဖွဲ့မျိုး မဖြစ်အောင် ရွေးချယ်ဖို့ပဲ လိုတော့တယ်လို့ပဲ ပြောချင်ပါတယ်”ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။      

Most Read

Most Recent