ဝန်ကြီးဌာနများအနေဖြင့် ဘတ်ဂျက်အလွဲသုံးစားလုပ်ရာတွင် အောက်ခြေဝန်ထမ်းများကပြုလုပ်ခြင်းမှာ အနည်းငယ်သာဖြစ်ပြီး ရာထူးအဆင့်မြင့်သူအများအပြားပါဝင်ကြောင်း ပြည်သူ့ငွေစာရင်းကော်မတီဝင်ပြောကြား

ဝန်ကြီးဌာနများအနေဖြင့် ဘတ်ဂျက်အလွဲသုံးစားလုပ်ရာတွင် အောက်ခြေဝန်ထမ်းများကပြုလုပ်ခြင်းမှာ အနည်းငယ်သာဖြစ်ပြီး ရာထူးအဆင့်မြင့်သူအများအပြားပါဝင်ကြောင်း ပြည်သူ့ငွေစာရင်းကော်မတီဝင်ပြောကြား
Published 9 February 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ဝန်ကြီးဌာနများအနေဖြင့် ဘတ်ဂျက်အလွဲသုံးစားပြုရာတွင် အောက်ခြေဝန်ထမ်းများကပြုလုပ်ခြင်းမှာ အနည်းငယ်သာဖြစ်ပြီး ရာထူးအဆင့်မြင့်သူအများအပြားပါဝင်ကြောင်း ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဝင် ဒေါ်တင်နွယ်ဦးက လွှတ်တော်၌ဆွေးနွေးပြောကြားသည်။    ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှပေးပို့သော ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် နိုင်ငံတော်၏အရအသုံးစာရင်းများအပေါ် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာသုံးသပ်ချက် အစီရင်ခံစာနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ဒေါ်တင်နွယ်ဦးက ယခုကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။    "ဒီအလွဲသုံးစားမှုလုပ်တာက အောက်ခြေဝန်ထမ်းကနည်းနည်းဖြစ်ပြီးတော့ ညွှန်ကြားရေးမှူးအဆင့်တွေပါ ပါတာတွေ့ရမှာပါ။ အဲဒီတော့ ညွှန်ကြားရေးမှူးတွေ၊ သိပ္ပံနှင့်နည်းပညာမှာဆိုရင် ကျောင်းအုပ်တွေ အဲဒီလိုအဆင့်အတန်းတွေမြင့်တဲ့အထဲက ရာထူးအဆင့်မြင့်တဲ့အထဲကပါတာဖြစ်ပါတယ်။ အဲဒီတော့ ပြည်ထဲရေးမှာဆိုလို့ရှိရင် ညွှန်ကြားရေးမှူးအဆင့်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးအဆင့်တွေ အများကြီးပါတာတွေ့ရပါတယ်။ နောက်တစ်ခါ နယ်စပ်စည်ပင်မှာဆိုလို့ရှိရင်လည်း ဒီလိုပါပဲ။ ပြန်ပြောရမယ်ဆိုရင် ပြည်ထဲရေးကဝန်ထမ်းများထဲက ၂၅၆ ယောက်တောင်ရှိပါတယ်။ နောက်တစ်ခုက အံ့သြစရာကောင်းတာက နိုင်ငံခြားရေးဝန်ကြီးဌာနမှာဆိုရင် သံအမတ်တွေရယ်၊ ညွှန်ကြားရေးမှူးချုပ်တွေရယ်ပါပါတယ်။ ယာယီသံမှူးလည်းပါပါတယ်။ နောက် လယ်/ဆည်မှာဆိုရင် သူ့အောက်မှာရှိတဲ့ဦးစီးဌာနတွေရှိပါတယ်။ ဆည်မြောင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနတွေမှာ ညွှန်ချုပ်တွေ၊ ညွှန်မှူးတွေကပါ သတိပေးခံရတာဖြစ်ပါတယ်။ တကယ်ကျတော့ ဒီအဆင့်တွေကို ဒီ Sanctioning Authority ရတဲ့သမ္မတ သို့မဟုတ် သမ္မတက တာဝန်ပေးအပ်သူကနေ လုပ်ကိုင်ရမှာဖြစ်ပါတယ်။ အဲဒီအဆင့်ဆင့်တွေကနေသွားလိုက်တာ ဝန်ကြီး၊ ဒုဝန်ကြီး၊ နောက်ဆုံးကျ ဦးစီးဌာန၊ ဟိုးအောက်ဆုံးမှာရှိတဲ့ အောက်တန်းစာရေးအထိ အကုန်လုံးမှားယွင်းကုန်တာဖြစ်ပါတယ်" ဟု ဒေါ်တင်နွယ်ဦးကဆွေးနွေးပြောကြားသည်။    အစိုးရ၏ဘတ်ဂျက်များကို စာရင်းစစ်ကစစ်ဆေးသည့်အခါ အဓိကကျသောမှားယွင်းမှုများကိုတွေ့ရှိရကြောင်း၊ ၎င်းမှားယွင်းမှုများသည် လူကြောင့်မှားယွင်းမှုများသာဖြစ်ကြောင်း၊ ဘတ်ဂျက်ဆိုင်ရာကိစ္စများကို သမ္မတ (သို့မဟုတ်)သမ္မတတာဝန်ပေးအပ်သည့်သူက အဓိကကိုင်တွယ်ရသဖြင့် အဓိကဘဏ္ဍာရေးဆိုင်ရာမှားယွင်းမှုများသည် အဓိကတာဝန်အရှိဆုံးသူအပေါ်တွင်သာ တာဝန်ရှိမည်ဖြစ်ကြောင်း ဒေါ်တင်နွယ်ဦးကဆိုသည်။     

Most Read

Most Recent