၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ခွင့်ပြု

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ခွင့်ပြု
Published 6 January 2015
ကျော်ဇင်ဝင်း

၂ဝ၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီများ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများအား ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်ဆောင်ရွက်ခွင့် ပြုထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဇန်နဝါရီ ၆ ရက်က The Daily Eleven သို့ ပြောကြားသည်။ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အမည်စာရင်း အတည်ပြုပြီးသည့်နောက်ပိုင်း ကိုယ်စားလှယ်လောင်းမှ မဲဆွယ်စည်းရုံးခြင်းအား ရေတိုစည်းရုံးခြင်းဟု သတ်မှတ်ထားပြီး ကော်မရှင်က မဲဆွယ်စည်းရုံးခွင့်အား နှစ်လ သတ်မှတ်ပေးမည်ဖြစ်ကာ အဆိုပါကာလ မတိုင်မီ မဲဆွယ်စည်းရုံးမှု အနေဖြင့် ပါတီအား မဲပေးရန် စည်းရုံးခြင်း၊ ပါတီဝင်များအား စည်းရုံးခြင်းအား ရေရှည်စည်းရုံးခြင်းအဖြစ် ကော်မရှင်က သတ်မှတ်ထားခြင်း ဖြစ်သည်။နိုင်ငံရေးပါတီများ အနေဖြင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ မတိုင်မီ ကြိုတင်စည်းရုံးခြင်း ပြုလုပ်ရန် မိမိတို့၏ သက်ဆိုင်ရာ ပါတီရုံးချုပ်၊ ရုံးခွဲများတွင် ဟောပြောစည်းရုံးမှုများ ပြုလုပ်ပါက သက်ဆိုင်ရာ အဆင့်တူ ကော်မရှင်အဖွဲ့ခွဲများတွင် အသိပေး၍ ဆောင်ရွက်နိုင်မည် ဖြစ်သော်လည်း အခြား ပြင်ပနေရာတွင် ဆောင်ရွက်ပါက လုပ်ထုံးလုပ်နည်း ဥပဒေများ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေများနှင့် အညီ ခွင့်ပြုချက်ရယူ ဆောင်ရွက်ရမည်ဖြစ်သည်။“ကျွန်တော်တို့ အများပြည်သူနဲ့ဆိုင်တဲ့ နေရာ၊ တစ်ဦးတစ်ယောက် ပိုင်တဲ့နေရာ၊ ဌာနဆိုင်ရာတို့တွေမှာ ဆောင်ရွက်မယ်ဆိုရင် သက်ဆိုင်တဲ့ ဥပမာ အိမ်တစ်အိမ်မှာ စည်းရုံးရေး ဆင်းမယ်ဆိုရင် အိမ်ရှင်ကို ခွင့်တောင်းရမယ်။ ဒီရပ်ကွက်ထဲမှာ စည်းရုံးရေး ဆင်းချင်တယ်ဆိုရင် ဒီရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ဆီမှာ ခွင့်ပြုချက်ယူရမယ်။ ပြီးလို့ရှိရင် ဒီလို ဆောင်ရွက်မယ်ဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ ကော်မရှင်ကို အသိပေးရမယ်။ ဒါမှမဟုတ် သူတို့ ကွင်းတွေထဲမှာ ဘာတွေထဲမှာ ဟောပြောမယ်ဆိုရင်လည်း သက်ဆိုင်ရာ ငြိမ်းစုစီဥပဒေနဲ့အညီ အဲဒီလို ဆောင်ရွက်ပါလို့ ပြောထားတယ်။ ရေရှည် မဲဆွယ်စည်းရုံးမှု သဘောမျိုးပေါ့ဗျာ။ အခု ပါတီတွေက လုပ်နေကြပြီလေ။ ကျွန်တော်တို့ ပါတီရဲ့ မူဝါဒက ဒါတွေပါ။ ကျွန်တော်တို့ တိုင်းပြည်ကို ကောင်းအောင်လုပ်ပါမယ်။ မဲပေးပါပေါ့ဗျာ။ ကျွန်တော်တို့ကို မဲပေးပါလို့ပဲ ပြောလို့ ရသေးတယ်လေ။ ဘယ်နေရာမှာ ဘယ်သူ့ကို ပေးပါလို့ ပြောလို့ မရသေးဘူးလေ။ အဲဒါမျိုးကို ဆောင်ရွက်မယ်ဆိုရင် ဆောင်ရွက်လို့ ရပါတယ်” ဟု ဦးသောင်းလှိုင်က ပြောကြားသည်။၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင်စာဖြင့် အသိပေး ကြေညာချက်ကို ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်ထားသည်။