ချယ်လ်ဆီးကွင်းလယ်ကစားသမားဟောင်း မီခေးလ်က မန်ယူနည်းပြ တန်ဟက်ဂ်အနေဖြင့် အသင်းတောင်ပံကစားသမား ဆန်ချိုအပေါ် ကိုင်တွယ်ပုံမှာ မှားယွင်းကြောင်း ဝေဖန်ပြောကြားခဲ့သည်။
တန်ဟက်ဂ်သည် ဆန်ချိုအားလေ့ကျင့်ရေးအစီအစဉ်တွင် အကောင်းဆုံးစွမ်းဆောင်နိုင်ခြင်းမရှိသည့်အတွက် အာဆင်နယ်အား (၁-၃) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် အသင်းလူစာရင်းမှ ချန်လှပ်ခဲ့သည်ဟု လူသိရှင်ကြားပြောဆိုခဲ့ရာ ဆန်ချိုက တန် ဟက်ဂ်၏ပြောဆိုမှုမှာ မဟုတ်မှန်ကြောင်း တုံ့ပြန်ခဲ့သည်။
ယင်းနောက် မန်ယူအသင်းက ဆန်ချိုအားတန်ဟက်ဂ်ကို ပြန်လည်တောင်းပန်ခိုင်းခဲ့ပြီး ကစားသမားက မတောင်းပန်သဖြင့် အသင်းနှင့် လေ့ကျင့်ရေးလုပ်ခွင့်ပင် ပိတ်ပင်ထားသည်မှာ ယခုအချိန်အထိဖြစ်သည်။
ယခုအခါ ယင်းပြဿနာတွင် တန်ဟက်ဂ်မှားယွင်းကြောင်း မီခေးလ်က ဝေဖန်ခဲ့ခြင်းဖြစ်သည်။ မီခေးလ်က "လူတွေက ဆန်ချို မတောင်းပန်တာကိုပဲ ပြောနေကြတယ်။ ကျွန်တော် အမြင်ကတော့ ခြားနားပါတယ်။ နည်းပြအနေနဲ့ ကိုယ့်ကစားသမားတွေကို လူသိရှင်ကြား မဝေဖန်သင့်ပါဘူး။ ဖာဂူဆန်တုန်းကဆိုရင် ဒီလိုပြဿနာမျိုး ကို အဝတ်လဲခန်းမှာပဲ ရှင်းတာပါ။ နည်းပြတစ်ယောက်အနေနဲ့ ကိုယ့်ကစားသမားကို လူသိရှင်ကြားဝေဖန်ပြီး တောင်းပန်ခံချင်တာက အဓိပ္ပာယ်မရှိပါဘူး။ ဒါက အသင်းတွင်းမှာပဲ တိုးတိုးတိတ်တိတ် ပြီးသွားရမယ့်ပြဿနာဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။















