တောင်အမေရိကတိုက်၏ တောင်ပိုင်း နိုင်ငံများဖြစ်သော ချီလီနှင့်အာဂျင်တီးနားတို့သည် ဆောင်းတွင်းကာလတွင် စံချိန်တင် အပူဒဏ်ကို ကြုံနေရသည်ဟု သိရသည်။
သြဂုတ် ၁ ရက်တွင် ချီလီနိုင်ငံ အလယ်ပိုင်းရှိ ဗီကူးညာ တောင်ပေါ်မြို့သည် အပူချိန် ၃၇ ဒီဂရီဆဲလ်စီယပ်( ၉၉ ဒီဂရီဖာရင်ဟိုက်) ရှိခဲ့သည်။
“ဗီကူးညာမြို့မှာ အခုလိုမျိုးအပူချိန်ကို မှတ်တမ်းတင်ခဲ့တာဟာဆိုရင် နှစ်ပေါင်း ၇၀ ကျော်ကြာပြီဖြစ်ပါတယ်”ဟု ချီလီမိုးလေဝသပညာရှင် ခရစ္စတိုဘာတော်ရက်စ်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားသည်။
ထုံးစံမဟုတ်ဘဲ မြင့်မားသောအပူချိန်များကို မြို့တော်ဆန်တီယာဂိုတောင်ဘက် မိုင် ၂၈၀ အကွာဒေသတွင်လည်း မှတ်တမ်းတင်ခဲ့ရာ သြဂုတ် ၂ ရက်တွင် အပူချိန်မှာ ၂၄ ဒီဂရီဆဲလ်စီယပ်(၇၅ ဒီဂရီဖာရင်ဟိုက်)ရှိခဲ့သည်။ သြဂုတ် ၃ ရက်နှင့် ၄ ရက်တို့တွင် အလားတူ အပူချိန်များ ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။
အာဂျင်တီးနားမြို့တော်ဗျူနိုအေရီတွင် သြဂုတ် ၁ ရက်က အပူချိန်သည် ၃၀ ဒီဂရီ ဆဲလ်စီယပ်(၈၆ ဒီဂရီဖာရင်ဟိုက်)ကို ကျော်လွန်ခဲ့ရာ ယင်းသည် အပူချိန်မှတ်တမ်းများ စတင်ပြုစုခဲ့ပြီးနောက်ပိုင်း သြဂုတ် ၁ ရက်ကို အပူချိန်အများဆုံးဖြစ်စေသည်။ ဗျူနိုအေရီမြို့၏ပျမ်းမျှအပူချိန်သည် ၁၈ ဒီဂရီဆဲလ်စီယပ်နှင့် ကိုးဒီဂရီဆဲလ်စီယပ်အကြား ရှိတတ်သည်။
ထို့အပြင် ဥရုဂွေးနိုင်ငံတစ်ဝန်းရှိ မြို့အချို့တွင်လည်း သြဂုတ်၂ ရက်တွင်အပူချိန် ၃၀ ဒီဂရီဆဲလ်စီယပ်(၈၆ ဒီဂရီဖာရင်ဟိုက်) ရှိခဲ့သည်။
“ကျွန်မတို့ ကြုံနေရတဲ့အရာကတော့ ဖြစ်စဉ်နှစ်ခု ပေါင်းစပ်ပြီး ဖြစ်ပေါ်နေတာကို ကြုံရတာပဲဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် တစ်ကမ္ဘာလုံးပူနွေးမှုဖြစ်စဉ်နဲ့ အယ်နီညိုဖြစ်စဉ်တို့ ဖြစ်ပါတယ်”ဟု ချီလီ ပတ်ဝန်းကျင်ဝန်ကြီး မိုုင်ဆာရိုဂျက်စ်က ပြောကြားသည်။
“အယ်နီညို ပြီးသွားတဲ့အခါ တစ်ကမ္ဘာလုံး မိုးလေဝသအခြေအနေဟာ အလွန်ပြင်းထန်တဲ့အခြေအနေမှာ တန့်နေပါတယ်”ဟု ရာသီဥတုပညာရှင်လည်းဖြစ်သော မိုင်ဆာရိုဂျက်စ်က ဖြည့်စွက်ပြောကြားသည်။
အယ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာအပူချိန်မြင့်တက်မှုများကြောင့် ဖြစ်ပေါ်ခြင်းဖြစ်ပြီး တောင်အမေရိက အနောက်ပိုုင်းတွင် မိုးရွာခြင်း၊ ရေကြီးခြင်း၊ တောင်ပေါ်မှ နှင်းထုပြိုကျခြင်းတို့သာမက အပူလှိုင်းများကိုလည်း ဖြစ်ပေါ်စေသည်။
လာမည့် ရက်ပိုင်းများတွင် ဆန်တီယာဂို၊ ဗျူနိုအေရီ၊ မွန်တီဗွီဒီယိုတို့သည် ပုံမှန်အပူချိန်များကို ပြန်ရောက်လာမည်ဖြစ်သော်လည်း အလားတူအပူလှိုင်းများသည် အကြိမ်ရေတိုး၍ ဖြစ်ပေါ်လာမည်ဟုဆိုသည်။
“စံချိန်တင်အပူချိန်ဟာ ဒီနှစ် ဆန်တီယာဂိုမြို့မှာ စံချိန်ကျိုးဖို့ ဖြစ်နိုင်ခြေများနေပါတယ်။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ မူမမှန်မှုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က ကျွန်တော်တို့ဟာ တစ်နှစ်ကို အပူလှိုင်းကျတာ နှစ်ကြိမ် ကြုံရပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ဟာ တစ်နှစ်ကို ကိုးကြိမ်လောက် အပူလှိုင်းကျတာကို ပြောဆိုနေကြရတာပါ”ဟု ဆန်တီယာဂိုတက္ကသိုလ် ရာသီဥတုပညာရှင် ရာအူးလ်ကော်ဒီရိုက ရှင်းပြသည်။
ပူနွေးဖြစ်စဉ်၏အမြင်သာဆုံးသက်ရောက်မှုမှာ တောင်ပေါ်ကနှင်းလွှာများအပေါ် သက်ရောက်မှုဖြစ်ပြီး နှင်းလွှာများသည် ဆန်တီယာဂိုမြို့အတွက်ရေကို ပံ့ပိုးပေးလျက်ရှိသည်။















