မြန်မာတိုက်စစ်ကစားသမား သီဟဇော်ကို ကမ္ဘောဒီးယားလိဂ်-၂ ကလပ် Prey Veng အသင်း ခေါ်ယူ

မြန်မာတိုက်စစ်ကစားသမား သီဟဇော်ကို ကမ္ဘောဒီးယားလိဂ်-၂ ကလပ် Prey Veng အသင်း ခေါ်ယူ
Photo: Prey Veng FC
Photo: Prey Veng FC
Published 10 June 2023

 

ကမ္ဘောဒီးယားလိဂ်-၂ ကလပ် Prey Veng အသင်းသည် မြန်မာတိုက်စစ်ကစားသမား သီဟဇော်ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။ Prey Veng အသင်းသည် လာမည့်ရာသီအတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်လျက်ရှိပြီး သီဟဇော်ကို ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

Prey Veng အသင်းသည် ပြီးခဲ့သည့်ရာသီ ကမ္ဘောဒီးယားလိဂ်-၂ ပြိုင်ပွဲ တွင် အဆင့် ၅ နေရာရခဲ့ပြီး ယခုရာသီတွင် ပိုမိုကောင်းမွန်သည့်အဆင့်တစ်ခုရရှိစေရန် ရာသီကြိုပြင်ဆင်မှုများ ပြလုပ်နေခြင်းဖြစ်သည်။ Prey Veng အသင်းသည် ပြီးခဲ့သည့် ရာသီက နိုင်ငံခြားသားကစားသမား သုံးဦး အသုံးပြုခဲ့ပြီး ဂျပန်၊ လိုင်ဘေးရီးယားနှင့် ဂမ်ဘီယာကစားသမားများ ခေါ်ယူခဲ့ခြင်းဖြစ်သည်။ သီဟဇော်သည် Prey Veng အသင်းတွင် ကျောနံပါတ်-၉ ဝတ်ဆင်ကစားမည် ဖြစ်သည်။

သီဟဇော်သည် ပြီးခဲ့သည့်နှစ်မှစတင်ကာ ပြည်ပကလပ်အသင်းများတွင် သွားရောက်ကစားခဲ့ပြီး ၂၀၂၂-၂၀၂၃ ရာသီတွင် ကမ္ဘောဒီးယားလိဂ်-၂ ကလပ် ခိုကောင် အသင်းတွင် ကစားခဲ့ခြင်းဖြစ်သည်။ သီဟဇော် သည် ခိုကောင်အသင်းတွင် ပွဲအများစုပါဝင် ကစားခွင့်ရခဲ့သလို ဂိုးများလည်း သွင်းယူနိုင်ခဲ့သည်။ သီဟဇော်သည် ခိုကောင်အသင်းအတွက် ၁၆ ပွဲကစား ၁၅ ဂိုးသွင်းယူနိုင်ခဲ့သည်။ 

ကမ္ဘောဒီးယားလိဂ်-၂ ပြိုင်ပွဲကို အသင်း စုစုပေါင်း ၁၂ သင်းဖြင့် ကျင်းပလျက်ရှိပြီး ထိပ်ဆုံးရပ်တည်မှုရ နှစ်သင်းမှာ လိဂ်-၁ ပြိုင် ပွဲသို့ တန်းတက်ခွင့်ရမည်ဖြစ်ပြီး အဆင့် ၃ နေရာရအသင်းမှာမူ Play-off ပွဲစဉ် ကစားခွင့်ရမည်ဖြစ်သည်။ ကမ္ဘောဒီးယားလိဂ်-၂ ပြိုင်ပွဲဝင်အသင်းများမှာလည်း နိုင်ငံခြားသား ကစားသမားများ ခေါ်ယူအသုံးပြုလျက်ရှိပြီး အာဖရိကကစားသမားများအပြင် အာရှနှင့် တောင်အမေရိက ကစားသမားများ အသုံး ပြုနေကြောင်း သိရသည်။ 

ကမ္ဘောဒီးယား လိဂ်-၂ ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး သီဟဇော် ပြောင်းရွှေ့ကစားမည့် Prey Veng အသင်းသည် လိဂ်-၂ ချန်ပီယံဆု တစ်ကြိမ်ရရှိဖူးကာ ၂၀၂၁ ရာသီတွင် တန်းပြန်ဆင်းလာရခြင်းဖြစ်သည်။

Most Read

Most Recent