ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် မိမိအနာဂတ်အတွက် စိုးရိမ်မှုမရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဆီမီးဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရသလို လာလီဂါပြိုင်ပွဲတွင်လည်း ချန်ပီယံဆုကို အဓိကပြိုင်ဘက် ဘာစီလိုနာအသင်းထံ လွှဲပြောင်းပေးခဲ့ရသည်။
အန်ဆယ်လော့တီ၏စာချုပ်မှာ ၂၀၂၄ ခုနှစ်အထိ တစ်နှစ်ကျန်ရှိနေသော်လည်း အောင်မြင်မှုမရသဖြင့် ယခုနွေရာသီတွင် လမ်းခွဲရနိုင်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသော်လည်း ၎င်းက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းနှင့်ပွဲ၌ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ပွဲအများဆုံးကိုင်တွယ်ခွင့်ရသည့် နည်းပြအဖြစ် ၁၉၁ ပွဲဖြင့် စံချိန်သစ်တင်ခဲ့သူ အန်ဆယ်လော့တီက အနာဂတ်အခြေအနေနှင့်ပတ်သက်၍ ''အဲဒီကိစ္စကို ဘယ်သူမှ သံသယမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥက္ကဋ္ဌ (ပီရက်ဇ်)က လွန်ခဲ့တဲ့ နှစ်ပတ် (စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲအပြီး) မှာ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ အဲဒါကြောင့် ဒီကိစ္စကို ဘယ်သူမှ သံသယမရှိပါဘူး'' ဟု တုံ့ပြန်ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းအနေဖြင့် ပြီးခဲ့သည့်တစ်ပတ်က ဂီတာဖေးအသင်းနှင့် လာလီဂါပွဲစဉ်တွင် လူစားလဲမှုနှင့်ပတ်သက်၍ တိုင်ကြားခံထားရကြောင်း သိရသည်။
၈၄ မိနစ်တွင် အဆန်စီယိုကို အော့ဒရီယိုဇိုလာနှင့် လူစားလဲရန် စီစဉ်ထားသော်လည်း ကာမာဗင်ဂါ ဒဏ်ရာရသွားသဖြင့် ပြောင်းလဲ၍လဲလှယ်ခဲ့သောကြောင့် ဂီတာဖေးအသင်းက ကန့်ကွက်တိုင်ကြားထားခြင်းဖြစ်သည်။















