တောင်ကိုရီးယားရုပ်ရှင်များနှင့် ရုပ်သံဇာတ်လမ်းတွဲများအတွက် Netflix က အမေရိကန်ဒေါ်လာ နှစ်ဘီလျံခွဲ ရင်းနှီးမြှုပ်နှံမည်

တောင်ကိုရီးယားရုပ်ရှင်များနှင့် ရုပ်သံဇာတ်လမ်းတွဲများအတွက် Netflix က အမေရိကန်ဒေါ်လာ နှစ်ဘီလျံခွဲ ရင်းနှီးမြှုပ်နှံမည်
Photo: Netflix
Photo: Netflix
Published 25 April 2023

နောက်လေးနှစ်အတွင်း တောင်ကိုရီးယားတွင် အမေရိကန်ဒေါ်လာနှစ်ဘီလျံခွဲ ရင်းနှီးမြှုပ်နှံမည်ဟု Netflix ကုမ္ပဏီက ကြေညာထားသည်။

ထိုကြေညာချက်ကို Netflix ၏ တွဲဖက် အလုပ်အမှုဆောင်အရာရှိချုပ် တက်ဆာရန် ဒို့စ်က ၀ါရှင်တန်တွင် တောင်ကိုရီးယားသမ္မတ ယွန်ဆော့ယိုနှင့် တွေ့ဆုံပြီးနောက် ပြောဆိုလိုက်ခြင်းဖြစ်သည်။ ယွန်သည် အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေပြီး ဂျိုးဘိုင်ဒင်နှင့် ဧပြီ ၂၆ ရက်တွင် တွေ့ဆုံဖွယ် ရှိသည်။

Netflix သည် တောင်ကိုရီးယားရုပ်ရှင် များဖြင့် အောင်မြင်နေပြီး Squid Game ကိုရီးယားဇာတ်လမ်းတွဲသည် Netflix သမိုင်းတွင် လူကြိုက်အများဆုံး ဖြစ်ခဲ့သည်။ ယခုရင်းနှီးမြှုပ်နှံမှုက အာရှ၏စတုတ္ထမြောက် စီး ပွားရေးအတောင့်တင်းဆုံးနိုင်ငံဖြစ်သည့် တောင်ကိုရီးယား၏ ရုပ်ရှင်ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများ ထုတ်လုပ်ရေးအတွက် ဖြစ်သည်ဟုလည်း ဆာရန်ဒို့စ်က ပြောသည်။

၂၀၂၁ ခုနှစ်က Squid Game ဇာတ်လမ်းတွဲသည် ထုတ်လွှင့်ပြီး ၂၈ ရက်အတွင်း ကြည့်ရှုသူ ၁၁၁ သန်း ရှိသည်အထိ အောင်မြင်ခဲ့သည်။ ယခုနှစ်၌လည်း  Physical:100 အစီအစဉ်က နိုင်ငံခြားဘာသာစကားပြော အစီအစဉ်များတွင် လူကြည့်အများဆုံး ဖြစ်လာခဲ့သည်။

Netflix သည် နိုင်ငံပေါင်း ၁၉၀ ကျော် တွင်လည်ပတ်လျက်ရှိပြီး ယခုအခါ Amazon၊ HBOနှင့် ဒစ္စနေစသည့် ပြိုင်ဘက်များနှင့်  ယှဉ်ပြိုင်နေရသည်။ ကြည့်ရှုသူ ပိုရလာအောင် ဆွဲခေါ်သည့်အနေဖြင့် မလေးရှား၊ အင်ဒိုနီး ရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ ခရိုအေးရှား၊ အီရန်အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်တွင် Netflix က ကျသင့်ငွေနှုန်းများ လျှော့ပေးထားသည်။

Most Read

Most Recent