ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ်(၁)တွင် အဌားယာဉ်လုယက်ခံရပြီး ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားအလောင်းအား မတ် ၂၄ ရက် ၊ နံနက်ပိုင်းကတွေ့ရှိခဲ့ကြောင်း အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် ပရဟိတအဖွဲ့မှ စုံစမ်းသိရှိရသည်။
မတ် ၂၄ ရက် နံနက် ၇ နာရီခန့်တွင် ဗဟန်းမြို့နယ် ဗိုလ်ချို (၂) ရပ်ကွက် နမောက်လမ်းသွယ်(၁) ရှိ ခြံတစ်ခြံရှေ့တွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းရသဖြင့် မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ သွားရောက်ခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက်ငါးဆယ်ကျော်အရွယ် အမျိုးသားဖြစ်ပြီး လည်ပင်းထိုးသွင်းဒဏ်ရာနှင့် ဦးခေါင်းကွဲအက်ဒဏ်ရ များဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ စုံစမ်းသိရှိရသည်။
" မနက်ပိုင်းလောက်က ပတ်ဝန်းကျင်က ဖုန်းဆက်လို့ သွားရောက်ခဲ့တာပါ။ အခင်းဖြစ်နေရာရောက်တော့ သက်ဆိုင်ရာရဲတပ်ဖွဲ့ကို ခေါ်ပါတယ်။ ပြီးတော့ သက်ဆိုင်ရာရဲတပ်ဖွဲ့က စစ်ဆေးပါတယ်။ လည်ပင်းမှာ
ထိုးသွင်းဒဏ်ရာနဲ့ဦးခေါင်းကွဲအက်ဒဏ်ရာရရှိပြီး သေဆုံးတာပါ။ သေဆုံးသူလည်ပင်းမှာ ဖုန်းကြိုးလေးဆွဲထားတယ်။ စစ်ဆေးနေတဲ့အချိန် သူ့သူငယ်ချင်းဆီက ဖုန်းဝင်လာတယ်။အဲ့ကနေတစ်ဆင့် သူ့ဇနီးဖုန်းကို မေးပါတယ်။ပြီးတော့ သူ့ဇနီးကို ဖုန်းဆက်တယ်။ဖုန်းဆက်ပြီးတော့ သူ့ဇနီးကို စောင့်ပြီး ရောက်လာတဲ့အချိန်မှ အလောင်းကို ဆေးရုံကို ပို့ဆောင်တာပါ)ဟု မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သေဆုံးသူမှာ ကြည့်မြင့်တိုင်မြို့နယ်နေသူဖြစ်ပြီး ၄င်းမှာ မတ် ၂၂ ရက် ညနေပိုင်းမှ စတင်ကာ နေအိမ်မှ Cherry QQ အမျိုးအစား MDY CC - 5489 ယာဉ်ဖြင့် ထွက်သွားခဲ့ကြောင်း မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ စုံစမ်းသိရှိရသည်။
" သေဆုံးသူက ကြည့်မြင်တိုင်မြို့နယ်မှာ နေတာပါ။ တက္ကစီဝယ်ထားပြီး ကိုယ်တိုင်မောင်းတာလို့ သူ့ဇနီးရဲ့ ပြောကြားချက်အရသိရပါတယ်။အခင်းမဖြစ်မီ မတ် ၂၂ ရက် ညနေပိုင်းထဲက နေအိမ်ကနေ တက္ကစီနဲ့ထွက်သွားတာလို့ သိရပါတယ်။အခင်းဖြစ်တဲ့နေရာမှာ သူ့တက္ကစီယာဉ်လည်း မရှိပါဘူး။ ပျောက်ဆုံးနေပါတယ်"ဟု မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပျောက်ဆုံးနေသည့် အငှားယာဉ်အား သက်ဆိုင်ရာမှ ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားခဲ့ကြောင်း သိရသည်။