ရုရှားသည် တရုတ်၏ သံစဉ်နှင့်အညီ ကခုန်နေကြောင်း ထိုင်ဝမ် စွပ်စွဲ

ရုရှားသည် တရုတ်၏ သံစဉ်နှင့်အညီ ကခုန်နေကြောင်း ထိုင်ဝမ် စွပ်စွဲ
မတ်လ ၂၁ ရက်က မော်စကိုရှိ ကရင်မလင်နန်းတော်တွင် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို တက်ရောက်လာသည့် တရုတ်သမ္မတ ရှီ (ဝဲ) နှင့် ရုရှားသမ္မတ ပူတင်တို့ကို တွေ့ရစဉ် (Photo – AFP)
မတ်လ ၂၁ ရက်က မော်စကိုရှိ ကရင်မလင်နန်းတော်တွင် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို တက်ရောက်လာသည့် တရုတ်သမ္မတ ရှီ (ဝဲ) နှင့် ရုရှားသမ္မတ ပူတင်တို့ကို တွေ့ရစဉ် (Photo – AFP)
Published 22 March 2023
Ref: AFP

ထိုင်ဝမ်သည် တရုတ်၏ ခွဲခြားမရနိုင်သည့် အစိတ်အပိုင်းဖြစ်သည်ဟု ဖော်ပြခဲ့သည့် တရုတ်နှင့် ရုရှားတို့၏ ပူးတွဲအစီရင်ခံစာကို ထိုင်ဝမ်က မတ်လ ၂၂ ရက်တွင် ရှုတ်ချခဲ့ပြီး ရုရှားသည် တရုတ်၏ သံစဉ်နှင့်အညီ ကခုန်နေသည်ဟု စွပ်စွဲခဲ့သည်။

ယခုသီတင်းပတ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်သည် နှစ်ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိလာသည့် တရုတ်သမ္မတ ရှီကျင်းပင်နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ခေါင်းဆောင်နှစ်ဦးသည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်ရန် ကတိပြုသည့် ပူးတွဲအစီရင်ခံစာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့မှုနှင့်အတူ ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တရုတ်အား ရုရှား၏ ထောက်ခံမှုကို အခိုင်အမာပြောဆိုခဲ့သည်။

တရုတ်သည် ဒီမိုကရေစီနည်းကျ အုပ် ချုပ်နေသည့် ထိုင်ဝမ်ကို ၎င်း၏နယ်နိမိတ် တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာပါက တစ်နေ့နေ့တွင် အင်အားသုံးပြီး သိမ်းယူသွားမည်ဟု ပြောကြားခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို သိမ်ငယ်စေရန်နှင့် ထိခိုက်စေရန် မှားယွင်းသည့် အစီရင်ခံစာများကို ဆက်တိုက်ထုတ်ပြန်နေသည့် တရုတ်အစိုးရကို လေးလေးနက်နက် ဆန့်ကျင်ကြောင်းနှင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထိုင်ဝမ်က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ထို့ပြင် တရုတ်၏ သံစဉ်နှင့်အညီ သီဆို ကခုန်ရန် ကြိုးပမ်းနေပြီး ရန်လိုမှုနှင့် နယ်မြေချဲ့ထွင်မှုအတွက် လျှို့ဝှက်စွာ ပူးပေါင်းကြံစည်မှုအတွက် ရုရှားကိုလည်း ရှုတ်ချကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

တရုတ်နှင့် ရုရှား၏ ပူးတွဲအစီရင်ခံစာ ထဲတွင် ရုရှားက တရုတ်၏ “တရုတ်တစ်နိုင်ငံတည်း” မူဝါဒကို ၎င်း၏ လိုက်နာမှုကို ထပ်လောင်းအတည်ပြုခဲ့ပြီး ထိုင်ဝမ်သည် တရုတ်၏ ခွဲခြားမရနိုင်သည့် နယ်နိမိတ်တစ်ခုဖြစ်ကြောင်း သုံးနှုန်းခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ရုရှားအနေဖြင့် ထိုင်ဝမ်လွတ်လပ်ရေး၏ မည်သည့်ပုစံမျိုးကိုမဆို ဆန့်ကျင်ကြောင်းနှင့် ၎င်း၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်သည့် တရုတ်၏ စီမံချက်များကို လေးနက်စွာ ထောက်ခံကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်ဟု ဆင်ဟွာက သတင်းထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်သည် တရုတ်၏စစ်ရေး ခြိမ်းခြောက်မှုများအောက်တွင် ရှိနေပြီး ယူကရိန်းကို ရုရှား၏ ကျူးကျော်မှုကြောင့် တရုတ်သည်လည်း အလားတူ ကျူးကျော်မှု လုပ်ဆောင်ဖွယ်ရှိသည့် အခြေအနေနှင့်ပတ်သက်ပြီး ထိုင်ဝမ်တွင် စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ထိုင်ဝမ်သို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပယ်လိုစီ လာရောက်သည့် ခရီးစဉ်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်သည် ထိုင်ဝမ်ကျွန်းပတ်ပတ်လည်တွင် စစ်ရေးလေ့ကျင့်မှုများကိုပြုလုပ်ခဲ့သည်။

ထိုင်ဝမ်ကမူ ယင်းစစ်ရေးလေ့ကျင့်မှုများသည် ကျူးကျော်ရန် ပြင်ဆင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယခုလအစောပိုင်းကလည်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ချူးကော်ချန်းက အကဲဆတ်သော ထိုင်ဝမ်ရေလက်ကြား တစ်လျှောက် စစ်ရေးတင်းမာမှုများ မြင့်တက်နေစဉ် ယခုနှစ်အတွင်း မိမိတို့ ပိုင်နက်နယ်မြေအနီးရှိ ဧရိယာများသို့ တရုတ်စစ်တပ်က ရုတ်ခြည်းဝင်ရောက်လာနိုင်သည့်အပေါ် သတိပြု စောင့်ကြည့်ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

Most Read

Most Recent