ကုန်းလမ်းခရီးစဉ်မလုံခြုံမှု၊ လေယာဉ်ခရီးစဉ် အကုန်အကျများမှု၊ Activity တွေ မရှိမှုတွေက အဟန့်အတားဖြစ်နေတဲ့ မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်း

ကုန်းလမ်းခရီးစဉ်မလုံခြုံမှု၊ လေယာဉ်ခရီးစဉ် အကုန်အကျများမှု၊ Activity တွေ မရှိမှုတွေက အဟန့်အတားဖြစ်နေတဲ့ မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်း
ကျွန်းစုမြို့နယ်ရှိ ဒုံးညောင်မှိုင်းကျွန်းကို တွေ့ရစဉ်
ကျွန်းစုမြို့နယ်ရှိ ဒုံးညောင်မှိုင်းကျွန်းကို တွေ့ရစဉ်
Published 19 March 2023
ဇော်မိုးဦး ( မြိတ် )

 Mergui Archipelago ဆိုတာ ကမ္ဘာကျော်တဲ့ စကားတစ်ခုပါ။ မြန်မာမှာလည်း ကျော်ပါတယ်။ နောက်ပိုင်းမှ ကျော်သွားတာမျိုးပါ။ ’’ တစ်ခါလာပြီးရင်အဲဒါကျော်လိုက်လိုက်တော့။ တခြားနေရာ စဉ်းစားကြမယ်’’ ဆိုတာမျိုး ဖြစ်လာနေပါတယ်။

ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ။ ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေ မရှိလို့လား။ ကျွန်းတွေက မလှလို့လား။ Boat တွေက မကောင်းလို့လား။စျေးကြီးလို့လား။ မလုံခြုံလို့လား။ လူတွေကိုယ်တိုင် စိတ်မဝင်စားလို့လား။ ဝန်ဆောင်မှုတွေ ညံ့ဖျင်းလို့လား။ ဒါတွေတစ်ခုမှမဟုတ်ဘူး။ အဓိကတစ်ချက်တစ်ခုသွားတွေ့ရတယ်။ Activity တွေမရှိလို့ဖြစ်ပါတယ်။ 

လက်ရှိဖြစ်ပျက်နေတဲ့ ကိစ္စတစ်ခုကို ပြောရမယ်ဆိုရင် နံပါတ် (၁) က ကုန်းလမ်းခရီးကို အသုံးပြုပြီး သွားလာလည်ပတ်မယ့်သူမရှိသလောက်နည်းလာတယ်။ လေယာဉ်ခရီးစဉ်တွေက ရန်ကုန်-မြိတ် ကျပ် ၁၇၀၀၀၀ ကျော်နေတယ်။ ရန်ကုန်-ကော့သောင်း ကျပ် ၂၇၀၀၀၀ ကျော် နေတယ်။ သာမန်မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေ ခရီးသွားတော့မယ်ဆိုရင် ဒီအချက်တွေကို စဉ်းစားတော့မယ်။ အဲဒီအစား တခြားခရီးစဉ်တွေရဲ့ကုန်ကျစရိတ်ကိုသုံးသပ်ပြီး 

မြိတ်ကျွန်းစုကို ကျော်သွားတာမျိုးဖြစ်လာပါတယ်။ အဲဒီအဖြစ်အပျက်တွေမတိုင်မီကရော ခရီးသွားတွေများခဲ့သလားဆိုတော့ လည်း မများခဲ့ပါဘူး။

ကိုဗစ်ကပ်ရောဂါကြောင့် နှစ်နှစ်လောက်မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းက ရပ်တန့်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကရောဆိုတော့လည်း Activity တွေမရှိခဲ့တော့၊အများစုက တစ်ကြိမ်လာပြီးရင် နောက်တစ်ကြိမ်ထပ်လာဖို့ ခဲယဉ်းသွားတဲ့အနေအထားမျိုး ဖြစ်နေပါတယ်။ 

မြိတ်နဲ့ကော့သောင်းကို နှိုင်းယှဉ်ကြည့်ရင် ကော့သောင်းမှာက လည်ပတ်ဖို့နေရာတွေအများကြီးရှိတယ်။ ကုန်းမြေနှင့်တစ်ဆက်စပ်တည်းရှိနေတဲ့ကမ်းခြေတွေရှိတယ်။ ဥပမာ ပုလုံးတုံတုံးကမ်းခြေ၊ ဆယ်မိုင်ကမ်းခြေ၊ ဂျပန်ကမ်းခြေ၊ မလိဝမ်းရေတံခွန်နဲ့ ရေပူစမ်း၊ မြို့ပေါ်အထင်ကရနေရာများစသည်ဖြင့်သွားနိုင်သလိုခက်ရင်းခွ၊ ညောင်ဦးဖီး၊ ဟန်းနီးမွန်း၊ ငလုံးလက်ဖယ်စတဲ့ ကျွန်းတွေမှာက Activity တွေ အပျံစားတွေ၊ ပေးရတဲ့စျေးကလည်းမြင့်တယ်။ ဝန်ဆောင်မှုကလည်းပေးရတာထက်တန်ပါတယ်။ မြိတ်ခရိုင်ဘက်မှာကျွန်းတွေက လှတယ်ဆိုပေမဲ့ Activity တွေမရှိ၊ ကုန်းနှင့်တစ်ဆက်စပ်တည်းကမ်းခြေတွေမရှိ၊ မြို့ပေါ်လည်ပတ်စရာကရှားပါးနေပါတယ်။ ပင်လယ်စာစားသောက်ဆိုင်တချို့ကောင်းပါတယ်။ ဝန်ဆောင်မှုကောင်းပါတယ်။ ဒါပေမဲ ့ကော့သောင်းဘက်နဲ့ ယှဉ်ရင်အများကြီးလိုနေသေးတယ်။

’’ဖေဖော်ဝါရီလအလယ်ပိုင်းမှာ ထိုင်းက ခရီးသွားတွေ ကော့သောင်းကကျွန်းတွေကို လည်ပတ်နိုင်ဖို ့လာရောက်ဆွေးနွေးနေတယ်။ ပင်လယ်အတွင်းက ကျွန်းတွေကို ထိုင်းနိုင်ငံသားများ လည်ပတ်ခွင့်ပြုရန် Deep Diving , Scuba Diving များ ခွင့်ပြုပေးဖို့ တောင်းဆိုထားတာရှိတယ်။ သင်္ကြန်အတွက်ခရီးစဉ်တွေလည်း ဘိုကင်လုပ်နေတာမျိုးရှိတယ်။ လောလောဆယ်ထိုင်းနိုင်ငံသားတွေက Border Pass တွေနဲ့ လာရောက်လည်ပတ်တာရှိပါတယ်။ ပတ်စပို့နဲ့တော့လည်ပတ်လို့မရသေးဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံသားတွေ သွားနေသလို မြန်မာ-ထိုင်း အပြန်အလှန် Border Pass တွေနဲ့ သွားလာနေတာမျိုးပါပဲ။ ကော့သောင်းကိုခရီးသည်တွေ ပြည်တွင်းခရီးသွားတွေ လာတာများပါတယ်။ ထိုင်းနိုင်ငံသားတွေ လာရောက်လည်ပတ်တာ အတော်လေးနည်းပါတယ်’’ လို့ ကော့သောင်းမြို့ရှိခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောကြားခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကာလမတိုင်မီ ၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံ၊ ရနောင်းမှတစ်ဆင့် ကော့သောင်းမြို့ကို ကမ္ဘာလှည့်ခရီးသည် ၃၀၃၃ ဦး လာရောက်လည်ပတ်ခဲ့တယ်။ အမြဲတမ်း နယ်စပ်ဂိတ်ဖွင့်ထားတဲ့အတွက်တတိယနိုင်ငံသားတွေလည်း လာရောက်လည်ပတ်ကြပါတယ်။ မြိတ်ခရိုင်အတွင်းမှာတော့ ခရီးသွားလုပ်ငန်း ၄၀ ကျော်ရှိသော်လည်း ၂၀၂၂ ခုနှစ်တွင်လုပ်ငန်း ၁၀ ခုခန့်သာလည်ပတ်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ လုပ်ငန်းလည်ပတ်နေတာ ကုမ္ပဏီ ငါးခုပဲကျန်တော့တယ်။    ’’တချို့ကုမ္ပဏီတွေက Speed Boat ငှားတာမျိုးလောက်ပဲ လုပ်တော့တယ်။ ခရီးသည်တွေအတွက်မြိတ်ကျွန်းစုမှာ ပင်လယ်ရေစာကောင်းကောင်းကျွေးပြီး ဆွဲဆောင်ပေးတဲ့လုပ်ငန်းကနည်းလာတယ်။ ကော့သောင်းဘက်မှာက ကျွန်းတွေကို ကိုယ်ပိုင်လျှောက်ထားပြီး Activity ကောင်းကောင်းလေးတွေလုပ်ပေးထားနိုင်တယ်။ ဒီဘက်မှာတော့ ဒါမျိုးမရှိဘူး။ အစိုးရပိုင်းကလည်း ကျွန်းတွေကို တကယ်လုပ်နိုင်တဲ့သူတွေကို ချထားပေးသင့်တယ်။ ဒီအတိုင်း ဘယ်သူ့ကိုမှလုပ်ပိုင်ခွင့်မပေးဘဲ လွှတ်ထားရင် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရလည်း ခက်ခဲသလို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုအတွက်နှောင့် နှေးကြန့်ကြာစေပါတယ်’’ လို့မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းက ဦးမိုးဇော်က ပြောကြားခဲ့ပါတယ်။ 

သွားလာလည်ပတ်ခွင့်ပေးထားတဲ့ ကျွန်းတွေမှာလည်း Activity တွေမလုပ်ဘဲ အကျိုးအမြတ်တွေ ကိုပဲ စဉ်းစားနေကြပါတယ်။ ငွေကြေးတတ်နိုင်ကြပေမဲ့ စောင့်ကြည့်စျေးကွက်ကို အားသန်နေကြတယ်။ အိုင်ဒီယာကောင်းကောင်း၊ စျေးကွက်ကောင်းကောင်းနဲ့ ထိုးဖောက်နေတဲ့သူတွေ အနောက်ကနေ မပံ့ပိုး ရင်းနှီးမြုှပ်နှံမှုမလုပ်ဘဲ စျေးကွက်တစ်ခုအောင်မြင်ပါက ငွေကြေးပုံအော၊ စျေးကွက်ဖျက်တဲ့စနစ်ကိုသာ သွားနေကြပါတယ်။ ရေရှည်ဖွံ့ဖြိုးမှုမလုပ်ဘဲ ပေါ်ပင်လုပ်ငန်းများ၌သာ အချိန်ကုန်နေကြတယ်။ တကယ်တော့ မြိတ်ကျွန်းစုဟာ မြန်မာနိုင်ငံရဲ့ ခရီးစဉ်ဒေသကြီး ငါးခုမြောက်ထဲမှာပါဝင်လာဖို့ အလားအလာတွေရှိ နေတာဖြစ်ပါတယ်။

ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီး စတဲ့ခရီးသွားဒေသကြီး လေးခုကနေ မြိတ်ကျွန်းစုဟာ ငါးခုမြောက်ဖြစ်လာဖို့ အလားအလာကောင်းနေပါတယ်။ လက်ရှိ လေးခုက ကုန်းတွင်းပိုင်းခရီးစဉ်တွေလို့ ပြောနိုင်ပြီး မြိတ်ကျွန်းစုက Marine Tourism ပါ။ ဒါကြောင် ့မြန်မာနိုင်ငံရဲ့ပထမဆုံး Marine Tourism ဖြစ်လာဖို့မြိတ်ကျွန်းစုကို သက်ဆိုင်ရာအစိုးရက အားထည့်ဆောင်ရွက်ပေးသင့်ပါတယ်။ World Tourism မှာ အလည်အပတ်အများဆုံးက Marine Tourism ပါ။ ခရီးသွားအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းက Marine Tourism မှာ သွားလာနေကြတာပါ။ ၂၀၁၈ ခုနှစ်က စတင်ခဲ့တဲ့ CBT (Community Basic Tourism ) ကလည်း အလုပ်ဖြစ်နေတာမတွေ့ရပါ။ သင်္ကြန်ရုံးပိတ်ရက်အတွက်မြိတ်ကျွန်းစုမှာ ကြိုတင်ပြင်ဆင်ထားတာမျိုးရှိနေပေမဲ့ ကုန်းလမ်းခရီးစဉ်မလုံခြုံမှု၊ လေယာဉ်ခရီးစဉ်အကုန်အကျများမှု၊Activity တွေမရှိမှုတွေက အဟန့်အတားဖြစ်နေတယ်၊။ လူတစ်ဦး နေ့ချင်းပြန်ကျွန်းခရီးစဉ်အတွက်ကျပ်သုံးသိန်းခွဲလောက်ကုန် ကျနေပါတယ်။ လေယာဉ်ခရီးစဉ်တွေနဲ့ပေါင်းရင်သာမန်လူတန်းစားများအဖို့ စဉ်းစားစရာဖြစ်နေပါတယ်။ တချို့ ဟိုတယ်တွေကတော့ သင်္ကြန်ပရိုမိုးရှင်းအနေနဲ့ လူတစ်ဦးကိုလေယာဉ်အသွားအပြန်၊ဟိုတယ် သုံးရက်၊ ကျွန်းခရီးစဉ် နှစ်ကြောင်းအတွက်ကျပ်ကိုးသိန်းဝန်းကျင်နဲ့ ဝန်ဆောင်မှုပေးဖို့လုပ်နေကြပြီ။ ဒါပေမဲ့ တစ်ခါလည်ပတ်ပြီးရင် နောက်တစ်ခေါက်ကျော်သွားတာမျိုးမဖြစ်ရအောင် Activity တွေလုပ်ထားသင့်ပါတယ်။ အစိုးရပိုင်းကလည်း ပံ့ပိုးသင့်ပါတယ်။ ကမ္ဘာရော၊ မြန်မာမှာပါ မြိတ်ကျွန်းစုဟာနာမည်ကြီး ထမင်းငတ်ဖြစ်နေတာကတော့ သိသူနည်းပါတယ်။ ခပ်တည်တည်နဲ့ ငတ်နေတာမျိုးပါ။                                                                                          

 

Most Read

Most Recent