စနစ်တစ်ခုဟူသည် “ဘုံရည်ရွယ်ချက်တစ်ခုအတွက် ဖွဲ့စည်းထားသော အစိတ်အပိုင်းများ သို့မဟုတ် အစိတ်အပိုင်းများစုစည်းမှုတစ်ခုဖြစ်သည်” ဟု ရိုးရှင်းစွာ အဓိပ္ပာယ်ဖွင့် ဆိုနိုင်သည်။ စနစ်သီအိုရီဆိုသည်မှာ သဘာဝအတိုင်းဖြစ်သော သို့မဟုတ် လူတို့ဖန်တီးထားသော အပြန်အလှန်ဆက်စပ်၊ အပြန်အလှန်မှီခိုနေသည့် အစိတ်အပိုင်းများကို ပေါင်းစပ်ဖွဲ့စည်းထားသော အုပ်စုများဖြစ်သည့်စနစ်များကို ဆက်စပ်စည်းမျဉ်းများအလိုက် လေ့လာခြင်းဖြစ်သည်။ စနစ်တိုင်းတွင် အကြောင်းရင်းခံအလိုက် နယ်နိမိတ်များ ရှိကြသည်။ ယင်းနယ်နိမိတ်များကို ၎င်း၏ဆက်စပ်မှု၊ ၎င်း၏ဖွဲ့စည်းပုံ၊ လုပ်ဆောင်မှုနှင့် အခန်းကဏ္ဍတို့က သတ်မှတ်ပေးကာ အခြားစနစ်များနှင့် ၎င်း၏ဆက်ဆံရေးမှတစ်ဆင့် ဖော်ပြကြသည်။ စုစည်းညီညွတ်မှု သို့မဟုတ် ပေါ်ပေါက်လာသော အပြုအမူများကို ဖော်ပြခြင်းဖြင့် “စနစ်တစ်ခုသည် ၎င်း၏အစိတ်အပိုင်းများ စုပေါင်းထားခြင်းထက်ပိုသော” ပိုမိုကောင်းမွန်လာသည့် သဘော သို့မဟုတ် အပြုအမူသစ်ပေါ်ထွန်းလာသည့် သဘောကို ပြသသည်။
စနစ်တစ်ခု၏ အစိတ်အပိုင်းတစ်ခုကို ပြောင်းလဲလိုက်ခြင်းသည် အခြားအစိတ်အပိုင်းများ သို့မဟုတ် စနစ်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိနိုင်သည်။ ယင်းပြောင်းလဲမှုများကို အမူအကျင့်ပုံစံများတွင် ခန့်မှန်းရန် ဖြစ်နိုင်သည်။ လေ့လာသင်ယူပြီးသား လိုက်လျောညီထွေပြုပြီးသား စနစ်များအတွက် တိုးတက်မှုနှင့် လိုက်လျောညီထွေမှု အတိုင်းအတာသည် စနစ်က ၎င်း၏ပတ်ဝန်းကျင်နှင့်သော်လည်းကောင်း၊ ၎င်း၏အဖွဲ့အစည်းအပေါ် သြဇာသက်ရောက်နေသော အခြားအကြောင်းအရာများနှင့်သော်လည်းကောင်း မည်မျှကောင်းမွန်စွာ ဆက်ဆံနိုင်သည်ဟူသည့်အပေါ် မူတည်နေသည်။ အချို့သော စနစ်များသည် အခြားစနစ်များကို ပံ့ပိုးပေးကာ ပျက်ပြားမှုမှ ကာကွယ်ရန် အခြားစနစ်များကို ထိန်းသိမ်းပေးထားသည်။ စနစ်သီအိုရီ၏ ပန်းတိုင်များမှာ စနစ်တစ်ခု၏ ဒိုင်းနမစ်များ၊ ကန့်သတ်ချက်များ၊ အခြေအနေများနှင့် ဆက်ဆံရေးများကို စံပြုပုံစံထုတ်ရန်နှင့် အကောင်းဆုံး ညီညွတ်မှုရလဒ်ကို ရယူရေးအတွက် နယ်ပယ်များ၏ ကျယ်ပြန့်သော အတိုင်းအတာတစ်ရပ်အတွင်းနှင့် ပျိုးထောင်ရေး၏အဆင့်တိုင်း၌ အခြားစနစ်များသို့ ကူးပြောင်းအသုံးပြုနိုင်သည့် သို့မဟုတ် အခြားစနစ်များမှ ပိုင်းခြားနိုင်သည့် (ရည်ရွယ်ချက်၊ အတိုင်းအတာ၊ နည်းလမ်းများ၊ ကိရိယာများကဲ့သို့သော) အခြေခံမူများကို ရှင်းလင်းဖော်ပြရန်ဖြစ်သည်။
အထွေထွေစနစ်များသီအိုရီသည် အသိပညာနယ်ပယ်တစ်ခုအတွက် သီးသန့်သဘောတရားများ၊ စည်းမျဉ်းများနှင့်မတူဘဲ ကျယ်ပြန့်စွာ အသုံးချနိုင်သော သဘောတရားများနှင့် စည်းမျဉ်းများကို ဖွံ့ဖြိုးလာစေမှုအကြောင်း ဖြစ်သည်။ ၎င်းသည် Static သို့မဟုတ် Possive စနစ်များမှနေ၍ Dynamic သို့မဟုတ် Active စနစ်များကို ခွဲခြားထားသည်။ Active စနစ်များသည် အပြုအမူများနှင့် လုပ်ငန်းစဉ်များတွင် အပြန်အလှန်အကျိုးသက်ရောက်မှု သို့မဟုတ် တရားဝင်ဆက်စပ်သော နယ်နိမိတ်အခြေအနေများ (ဆွဲဆောင်သူများ)မှတစ်ဆင့် အပြန်အလှန်ဆက်စပ်နေသည့် လှုပ်ရှားမှုဖွဲ့စည်းပုံများ သို့မဟုတ် အစိတ်အပိုင်းများဖြစ်ကြသည်။ Passive စနစ်များသည် စီမံဆောင်ရွက်နေသည့် ဖွဲ့စည်းပုံများနှင့် အစိတ်အပိုင်းများသာဖြစ်ကြသည်။ ဥပမာအားဖြင့် ပရိုဂရမ်တစ်ခုသည် Disc File တစ်ခုအဖြစ်ရှိစဉ် Pasive ဖြစ်ပြီး Memory ၌ Run လိုက်သောအခါမှ Active ဖြစ်လာခြင်းဖြစ်သည်။ ပညာရပ်နယ်ပယ်အရ စနစ်တွေးခေါ်မှု၊ ယန္တယားယုတ္တိဗေဒနှင့် စနစ်အင်ဂျင်နီယာပညာတို့နှင့် သက်ဆိုင်သည်။
စနစ်သီအိုရီသည် ပညာရပ်နယ်ပယ်များစွာ၌ လက်တွေ့လုပ်ကိုင်သူများ၏ အလုပ်တွင် ထင်ရှားသည်။ ဥပမာအားဖြင့် ဇီဝဗေဒပညာရှင် Ludwig von Bergalanffy၊ ဘာသာဗေဒပညာရှင် Be’la H.Banathy နှင့် လူမှုဗေဒပညာရှင် Talcott Parsons တို့၏လက်ရာများ၊ Howard T. Odum၊ Eugene Odum တို့၏ ဂေဟစနစ်များကို လေ့လာခြင်း၊ Fritijof Capra ၏ အဖွဲ့အစည်းဆိုင်ရာသီအိုရီကို လေ့လာခြင်း၊ Peter Senge ၏ စီမံခန့်ခွဲမှုကို လေ့လာခြင်း၊ Richard A.Swanson ၏ လက်ရာများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဲ့သို့သော နယ်ပယ်ပေါင်းစုံ၊ ပညာပေးသူများဖြစ်ကြသော Debora Hammond နှင့် Alfonso Montuori တို့၏ လက်ရာများတွင် တွေ့နိုင်သည်။ ပညာရပ်ဆိုင်ရာ၊ သင်ကြားရေးဆိုင်ရာနှင့် ဘက်စုံရှုထောင့်ဆိုင်ရာ ကြိုးပမ်းမှုတစ်ခုအနေနှင့် စနစ်သီအိုရီကို ရှိမှုဗေဒ၊ သိပ္ပံဒဿနိက၊ ရူပဗေဒ၊ ကွန်ပျူတာသိပ္ပံ၊ ဇီဝဗေဒနှင့် အင်ဂျင်နီယာပညာ၊ ပထဝီဝင်၊ လူမှုဗေဒ၊ နိုင်ငံရေးသိပ္ပံ၊ စိတ်ကုထုံး (အထူးသဖြင့် မိသားစုစနစ်များကုထုံး)နှင့် စီးပွားရေးပညာတို့တွင် တွေ့နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ စနစ်တစ်ခုသည် အလုပ်များစွာတို့တွင် အဓိကကျသကဲ့သို့ စနစ်သီအိုရီဆိုသည်မှာလည်း ပညာရပ်ပေါင်းများစွာတို့တွင် လွန်စွာအရေးပါသည်ကို ဂရုပြုရန်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဒီဇင်ဘာ ၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်)









